Breaking News

မြင်ကွင်းမှတ်စု မတ် ၉၊ ၂၀၂၁

ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်ခိုင်းသော အကြမ်းဖက်စစ်ခေါင်းဆောင်
မြင်ကွင်းမှတ်စု မတ် ၉၊ ၂၀၂၁

(မိုးမခ)

အဓိက ပြောဆိုကြတဲ့အချက်ကတော့ - စမ်းချောင်းခုခံမှုကို နမူနာယူပြီး ရပ်ကွက်တိုင်းက လူနေထူထပ်သောတိုက်ခန်းများနဲ့ လမ်းတိုင်းက ပြည်သူတွေက ညဘက်တွေမှာ သံပုံးတီးနဲ့ အကျင့်ထူထောင်ထားသလိုမျိုး အရေးအကြောင်းဆိုရင် လမ်းပေါ်ထွက် လူစုပြီး ညာသံပေးကြ အကြမ်းဖက်စစ်တပ်ကို ဖြတ်တောက်ခြင်း ပိတ်ဆို့ခြင်း တွန်းထုတ် ကွဲပြားစေခြင်းကို ညီညီညွတ်ညွတ် လုပ်ကြဖို့ ဖြစ်ပါတယ်။ စမ်ချောင်းညတိုက်ပွဲဟာ ရန်ကုန်တမြို့လုံးအတိုင်းအတာ အဲသည်လူထုစုဖွဲ့မှုကြောင့် အောင်မြင်တယ် အကျအဆုံးနည်းတာကို သင်ခန်းစာယူနိုင်ကြဖို့ ဖြစ်ပါတယ်။

ကြားကာလ အုပ်ချုပ်ရေးအဖွဲ့တွေ စနစ်တကျမရှိသေးတဲ့ ရပ်ကွက်တွေ လမ်းတွေအလိုက် အခုလို တုန့်ပြန်ဖို့ ချိတ်ဆက်မှု နားလည်မှု ထူထောင်ခြင်းဟာ အခုချိန်မှာ သပိတ်တိုက်ပွဲနေတဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် အထူးလိုအပ်တဲ့ ဂျီအိပ်စ်တွေ ဂျီဝိုင်တွေ၏ အားထုတ်မှု ဖြစ်ပါတယ်။

သတင်းဌာနတွေကို ပိတ်ပစ်လိုက်တဲ့အတွက် စစ်မှန်သောသတင်း ပြည်သူထဲကသတင်း စီးဆင်းဖို့ လူတွေက စိုးရိမ်ကြပါတယ်။ သတင်းဌာနအမည်ကိုလိုက်ပြီး လူထုက သတင်းနောက် အဖြစ်အပျက်နောက်ကို လိုက်ကြပါတယ်။ ထပ်ဆင့်ဖြန့်ကြတယ်။ အကယ်၍ သတင်းစီးဆင်းမှု အချိန်နဲ့တပြေးညီ မဖြစ်လာရင် လူထုကလည်း သူတို့နည်းသူတို့ဟန်နဲ့ စီတီဇင်ဂျာနယ်လစ်တွေ လုပ်ကြရတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဒေသ ရပ်ကွက်အလိုက် ဆိုရှယ်မီဒီယာပေ့ချ်တွေ ထူထောင်ထားနိုင်ရင် အဲသည်စာမျက်နှာ အဖွဲ့ဝင်တွေက ဝိုင်းတင်ကြတာတွေ အားကောင်းလာရင်လည်း ထိရောက်မှု ဖြစ်နိုင်ပါတယ်။ နယ်တွေက သူတို့ဒေသအလိုက် စာမျက်နှာတွေ သပိတ်ကော်မီတီတွေဟာ လူထုအားကိုးရတဲ့ သတင်းစာမျက်နှာတွေ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်၏ မတရားကျူးလွန်မှုတွေက ဒီရက်တွေအတွင်း အလွန်ကို ဆိုးဝါးပါတယ်။ စစ်တပ်ဟာ သည်လောက် အခြေအနေဆိုးနေရင် လူထုဆီက ပြင်းထန်တဲ့ တုံ့ပြန်မှုကိုပဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သပိတ်စစ်ကြောင်းတွေ သပိတ်စခန်းတွေဆီက ခေါင်းဆောင်တွေ လှုပ်ရှားသူတွေဆီကနေ နှစ်ဘက် ရင်ဆိုင်နေရချိန်၊ ကျည်မမီ လက်မမီချိန်တွေမှာ စစ်သားရဲသားတွေကို စစ်ခေါင်းဆောင် ဖက်ဆစ်တွေက ဓားစာခံအဖြစ် အသုံး ချနေတဲ့အကြောင်း သူတို့ကို တရားနာနာဟောသင့်တယ်လို့ အကြံပေးသူတွေလည်း ရှိပါတယ်။ တရားဟောသံကို တပ်သားက နားမဝင်ရင်တောင်မှ ဗိုလ်အဆင့်တွေက စိုးရိမ်ပြီး စစ်သားတွေကို ရွေ့ပြောင်းနေရာချတာ တားဆီးတာတွေ အချင်းချင်းလုပ်လာတာကလည်း မိမိတို့ အောင်မြင်မှုပါပဲ။

ဆိုက်ဝါးဆိုတဲ့ စိတ်ဓာတ်စစ်ဆင်တာ၊ လူထုကို ကြောက်ရွံ့သွေးပျက်အောင် လုပ်တာတွေ၊ ခြိမ်းခြောက် ရိုက်နှက်တာတွေ၊ သတင်းမှားတွေ ဖြန့်တာတွေ၊ နားမခံသာအောင် ပစ်ခတ် ဆဲဆို အော်ဟစ်တာတွေဟာ စစ်အကြမ်းဖက်တွေ ကျင့်သုံးနေကြဖြစ်ပါတယ်။ လူထု၏ ကြွေးကြော်အော်ဟစ် ဆဲဆိုကြိမ်းမောင်းသံတွေကလည်း စစ်သားတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာပါပဲ။ ညဖက်မှာ သေနတ်သံတချက်ထွက်တိုင်း ဗုံးသံတချက်ထွက်တိုင်း လူထု၏ တခဲနက်ဟစ်ကြွေးတုန့်ပြန်သံဟာ သူတို့ကို ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ လူထုက ကိုယ့်ကိုယ်ကို သားကောင်တွေလို မမြင်ဘဲ မယူဆဘဲ ငါတို့က အုပ်စုနဲ့ ညီညွတ်စွာ ပြန်တွန်းလှန်နေတဲ့ သားရဲတွေလို စဉ်းစားတွေးခေါ်ဖို့ လိုပါတယ်။ စစ်သားတဦးကို ယှဉ်ဖို့ အရပ်သား ၁၀ ဦးထက်မနည်း လမ်းတိုင်း ရပ်ကွက်တိုင်းမှာ ရှိပါတယ်။ စစ်သားတွေကိုယ်တိုင်လည်း လူထုညီညွတ်တာကို ကြုံရတဲ့အခါ နောက် ဆုတ်ရတာချည်းပါပဲ။

သပိတ်အဖွဲ့တွေ ဒေသအလိုက် အလုပ်သမား ကျောင်းသား လယ်သမားအလိုက် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ စုဖွဲ့မှု တင်ဆက်မှုတွေ လိုအပ်ပါတယ်။ CRPH စာမျက်နှာလိုပဲ သပိတ်တွေ စစ်ကြောင်းတွေ တိုက်ပွဲဝင်ခေါင်း ဆောင်တွေရဲ့ အသံတွေ ဦးဆောင်မှုတွေ လမ်းညွှန်ချက်တွေ သုံးသပ်ချက်တွေ ထုတ်ပြန်နေဖို့ လိုပါတယ်။ အဲဒါတွေကို ပရိသတ်က ရှယ်ပေးဖို့ လိုပါတယ်။ ဘယ်သူက ဘယ်အဖွဲ့က လက်တွေ့ကျတဲ့ တိုက်ပွဲနဲ့ သဘောတရားကို ပေးနေသလဲဆိုတာကို လူထုက ရှာဖွေဖို့ လိုက်နာဖို့ ပိုလိုအပ်ပါတယ်။ လူထုက စိတ်ဓာတ်ကျစရာ အချက် အလက်တခုခုလောက် ရလိုက်တာနဲ့ ပြိုဆင်းတတ်တာ သဘာ၀ ဖြစ်ပါတယ်။ အဲသည်အချိန်မှာ လမ်းမပေါ်က သပိတ်တပ်က တိုက်ပွဲ၏ တပ်ဦးအလံနဲ့ အသံကို နားစွင့် လှမ်းမျော် လိုက်နာရတယ်လို့ သဘောပေါက်သလိုမျိုး ဆိုရှယ်မီဒီယာပေါ်ကနေ တိုက်ပွဲကို ထောက်ပံ့အားပေး ဝင်ကူတိုက်မယ့် လူထုကလည်း မိမိတို့၏ တပ်ဦးအလံ နဲ့ အသံ အစစ်အမှန်တွေကို ရွေးချယ် လိုက်ပါဖို့ လိုအပ်ပါတယ်။

မင်းကိုနိုင်ပြောသလိုပဲ ရထားတွဲတွေအားလုံးမှာ စက်ခေါင်းပါတာချည်းပဲ။ သည်တော့ တညီတညွတ်တည်း ရည်ရွယ်တခုတည်းဆီကို ရထားတွေ ဝိုင်းတွဲပြီး တွန်းချီတက်ကြဖို့သာ လိုပါတယ်။ တိုက်ပွဲဝင် မျိုးဆက်သစ်လူငယ်တွေရဲ့ အသံတွေ အလံတွေကိုလည်း မျက်ခြေမပြတ်ကြည့်ပြီး လိုက်ကြပါ။ သံယောင်လိုက်တဲ့ အလံတွေ အသံတွေနောက် မလိုက်ဖို့ ခုချိန်မှာ အရေးကြီးပါတယ်။ ဖမ်းသွားပြီ သတ်သွားပြီ နှိပ်စက်နင်းချေသွားပြီဆိုတဲ့ အသံကြားတိုင်း သတင်းမြင်တိုင်း စိတ်မထိခိုက်ပါနဲ့။ မိုးကြိုးပစ်သံကြားရင် ကိုယ့်ကို မိုးကြိုးပစ်မသွားလို့ မိုးကြိုးသံကြားရတယ်လို့ မှတ်သလိုမျိုး - ငါတို့တွေ ဆက်ချီတက်ဖို့ ဆက်တွန်းလှန်ဖို့ ခွန်အားတွေ မွေးဖို့ အချက်ပြနေတယ်လို့သာ သဘောထားကြဖို့ လိုပါတယ်။

ဒါကတော့ ဒီနေ့မှာ ရပ်ကွက်ထဲက မိတ်ဆွေတွေနဲ့ ဆွေးနွေးမိသမျှ သူတို့အသံနဲ့ အားမာန်ကို တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

#MoeMaKaMedia #WhatsHappeningInMyanmar