မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၆ ရက် မြောက်နေ့ မြင်ကွင်း ...

San Chaung at night protesting and protecting each other from police terrorists

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၆ ရက် မြောက်နေ့ မြင်ကွင်း ...
(မိုးမခ) မတ် ၈၊ ၂၀၂၁မတ်လ ၈ ရက်နေ့မတိုင်ခင် ၇ ရက် ညတွေကတည်းက ညဘက်တွေမျာ အကြမ်းဖက်လုံခြုံရေးတပ်တွေက ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တွေထဲ လှည့်ပြီး ခြိမ်းခြောက်ပစ်ခတ်တာတွေ ကျူးကျော်ဖမ်းဆီးတာတွေ ကျူးလွန်ပါတယ်။ မတ် ၈ ရက်နေ့ဟာ ဂျီဇက်တွေ တိုက်ပွဲခေါ်ထားတဲ့ ထဘီတော်လှန်ရေးနေ့ဖြစ်တယ်။ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်သလို မြန်မာအမျိုးသမီးတွေကလည်း သူတို့၏ ထဘီတွေစကပ်တွေကို အလံထူပြီး လွှင့်လို့ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ ကြွေးကြော်ထားပါတယ်။ ယခင်နေ့တွေက အကြမ်းဖက်လုံခြုံရေးတပ်တွေ၏ အယူသီးတာကို တိုက်ခိုက်တဲ့အနေနဲ့ ထဘီတန်းစကပ်တန်းအတွင်းခံဘောင်းဘီတန်းတွေကို လမ်းမတွေမှာ လှမ်းကြတယ်။ သည်နေ့ကတော့ ထဘီတွေကို အလံတော်ဖြင့် လွှင့်ထူပြီး ချီတက်ကြတယ်။
အကြမ်းဖက်စစ်တပ်ကတော့ သည်နေ့မှာ နေ့ရော ညပါ ရက်ရက်စက်စက် ပစ်ခတ် ဖြိုခွင်းပါတယ်။ မြစ်ကြိးနားကစပြီး ဟိုး မြိတ်အထိ စစ်တပ်ဟာ လူထုဆန္ဒပြပွဲစစ်ကြောင်းတွေကို ပစ်ခတ်တယ်။ လူတွေ ဆယ်ဂဏန်းကျော် သေဆုံးတယ်။ လူ ရာချီပြီး အဖမ်းခံရတယ်။ ဖမ်းဆီးခံရသူတွေကို စစ်တပ်က နေရာမှာတင် ရက်စက်စွာ ရိုက်နှက်တယ်။ သူတို့ နှိပ်စက်မှုကြောင့် သေဆုံးသူတွေ ရှိတယ်။ အကျဉ်းစခန်းထဲမှာလည်း ကျောင်းသားတွေ လူငယ်တွေကို နှိပ်စက်ညှင်းပန်းနေတယ်၊ ရှေ့နေတွေ မိဘတွေနဲ့ တွေ့ခွင့်မပေးဘူး။ အခု မတ်လ ၈ ရက်ညမှာတော့ စမ်းချောင်းမြို့နယ်တခုလုံးကို ပိတ်ဆို့ပြီး သပိတ်မှောက်လူငယ်တွေကို ဖမ်းဆီးဖို့ ကြိုးစားပါတယ်။ သေနတ်၊ ဗုံးမျိုးစုံ ပစ်ဖောက်တယ်။ ကျုးကျော်ဝင်ရောက်ဖို့ ကြိုးစားတယ်။ ရန်ကုန်တမြို့လုံးက ပြည်သူတွေက ဒီညမှာ နေရာတိုင်းကနေ လမ်းပေါ်ကို ညမထွက်ရကာဖျူးကို ချိုးဖောက်ပြီး ထွက်လာကြတယ်။ အင်အားပြကြတယ်။ ကန့်ကွက်တွန်းလှန်ကြတယ်။ သံရုံးနဲ့ အနောက်နိုင်ငံအစိုးရတွေ ကုလအဖွဲ့တွေက မနေနိုင်တော့ဘဲ စာတွေထုတ်ပြန်ပြီး အကြမ်းဖက်စစ်သားတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုကြရပါတယ်။ မြန်မာလူထုကတော့ သူတို့ညီညွတ်ရဲရင့်ရင် လက်နက်ကိုင်အကြမ်းဖက်လူသတ်သမားတွေကို အာခံနိုင်တယ် ဖီဆန်နိုင်တယ် တွန်းလှန်နိုင်တယ်ဆိုတာ သိသွားပြီ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်၏ လူမဆန်သော စစ်ရာဇဝတ်မှုတွေကတော့ မြန်မာပြည်သူတွေကော နိုင်ငံတာကမှာပါ သက်သေအထောက်အထား အများအပြားနဲ့ မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ မြစ်ကြိးနားက အသက် ၆၀ အရွယ် ကျောင်းဆရာတဥိးကို လမ်းပေါ်မှာ ရှိနေတုန်း အဝေးက စနိုက်ပါနဲ့ ခြောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တယ်။ သူက မူဆလင်အမျိုးသားဖြစ်ပြီး သူသေဆုံးသွားတာကို အရင်ဆုံး ရောက်ရှိ ငိုကြွေးဆုတောင်းပေးသူက ခရစ်ယာန်သီလရှင်အမျိုးသမီးကြီးတဦး ဖြစ်တယ်။ မန္တလေးမှာ စစ်ကားနဲ့ လိုက်တိုက်ပြီး သတ်လို့ ကျောင်းသားလူငယ် ၂ ဦးပြင်းထန်စွာ ထိခိုက်တယ်။ သေဆုံးပြီလို့လည်း သတင်းတွေ ထွက်တယ်။ ရန်ကုန်မှာ လဘက်ရည်ဆိုင်တခုထဲကို စစ်သားတွေ ဝင်ရောက်ပြီး ဖျက်ဆီးလိုက်တယ်။ လူအများအပြားကိုလည်း ရိုက်နှက် ဖမ်းဆီးသွားတယ်။ မြန်မာနောင်းသတင်းဌာန၏ ရုံးခန်းကိုလည်း အကြမ်းဖက် ဝင်ရောက်ပြီး ရုံးသုံးပစ္စည်းတွေကို သိမ်းဆည်းသွားတယ်။ လူတွေတော့ အဖမ်းမခံရဘူး။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းကိုလည်း ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေကို လုယူသွားပါတယ်။ သည်ရက်မတိုင်ခင်ကလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဝင်ရောက်ပြီး လူတွေကို အကြမ်းဖက် ငွေတွေ ခိုးယူ၊ ရုံးကို ဖျက်ဆီးပစ်သွားပါတယ်။
တို်င်းရင်းသားလက်နက်ကိုင်တွေက မတ်လ ၈ ရက်နေ့မှာ လက်လှမ်းမီသလောက်ဒေသတွေမှာ ဆန္ဒပြပြည်သူတွေအတွက် လုံခြုံရေးယူပေးတယ် ပြောတယ်။ ကချင်တိုင်းရင်းသား လက်နက်ကို်င်အဖွဲ့တွေကို မြစ်ကြီးနားမြို့ မအလအကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုအပြီးမှာ လူထုကို ကျောခိုင်းမနေဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။ TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကတော့ ကွတ်ခိုင်မြို့အနီးထိ ဒေသခံလူထုလုံခြုံရေးအတွက် အင်အားပြတယ်ဆိုပါတယ်။ CRPH နဲ့ တိုက်ရိုက်ဆွေနွေးမှု မရှိသေးပေမယ့် ဒေသခံလူမှုအဖွဲ့အစည်းတွေက မေတ္တာရပ်ခံလို့ လွန်ခဲ့တဲ့တပတ်ခန့်ကတည်းက လူထုဆန္ဒပြပွဲတွေအနီးမှာ လာရောက် စောင့်ရှောက်မှု အင်အားပြမှုတွေ လုပ်ပါတယ်။
မအလစစ်အကြမ်းဖက်ကောင်စီက မီဒီယာလုပ်ငန်း ၅ ခုကို လိုင်စင်ရုတ်သိမ်းတယ်လို့ ကြေငြာပါတယ်။ ဆဲဗင်းဒေး၊ ခေတ်သစ်၊ မြန်မာနောင်း၊ ဒီဗွီဘီ၊ မဇ္ဈိမတို့ကို ပိတ်သိမ်းတယ်လို့ ဆိုပါတယ်။ သူတို့က နေ့စဉ် မြေပြင်သတင်းတွေကို အချိန်နဲ့တပြေးညီ လူထုကြားထဲကနေ အသက်စွန့်ပြီး တင်ဆက်နေတာဖြစ်လို့ စစ်အကြမ် းဖက်ကောင်စီက မီဒီယာတွေ၏ လွတ်လပ်စွာတင်ဆက်ခွင့် ရပ်တည်ခွင့်ကို ဖျက်သိမ်းပစ်ဖို့ ကြိူးစားတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ လွတ်လပ်မှုကို ရပ်တည်တဲ့ စာနယ်ဇင်းတွေကတော့ စစ်အာဏာရှင်ခေတ်အဆက်ဆက်အောက်မှာ မည်သည့်နည်းနဲ့မဆို သတင်းတင်ဆက်နေကြအတွေ့အကြုံတွေရှိပြီးဖြစ်တာမို့ လိုင်စင်တို့ ခွင့်ပြု ချက်တို့ဆိုတာ အဓိကစဉ်းစားစရာမဟုတ်တာတော့ သေချာပါတယ်။ မြန်မာသတင်းစာနယ်ဇင်းတွေကလည်း မြန်မာအစိုးရဝန်ထမ်းတွေ CDM လုပ်သလို အာဏာဖီဆန်မှုထဲကို အကျူံးဝင်အောင် စစ်ကောင်စီကပဲ တွန်းပို့လိုက်တာ ဖြစ်ပါတယ်။
ခေတ္တဝန်ကြီး သပိတ်ခေါင်းဆောင် ဒေါက်တာဇော်ဝေစိုးကတော့ CDM တခါးကို ထာ၀ရဖွင့်ပြီး ကြိုဆိုနေပြိလို့ ထုတ်ပြန်ပါတယ်။ ဝန်ထမ်းတွေကို ဆက်လက်ကြိုဆိုသွားမယ်။ သပိတ်မှောက်ပူးပေါင်းကြပါလို့ တိုက်တွန်းပါတယ်။ နက်ဖြန် မတ် ၉ ကနေ ဧပြီ ၈ ရက်အထိကို နွေဦးတော်လှန်ရေးကျဆုံးသူအာဇာနည်များအတွက် ဝမ် းနည်းခြင်း အမှတ်တရတလ ကြေညာလိုက်ပါတယ်။ အဲသည်အတွက် အထိမ်းအမှတ်တွေ အစီအစဉ်တွေ နေ့တိုင်းလုပ်ကြဖို့ မေတ္တာရပ်ပါတယ်။ လမ်းပေါ်သပိတ်တိုက်ပွဲဝင်နေသူ မျိုးဆက်ဆွေအားလုံးကိုလည်း လူသတ်အကြမ်းဖက်စစ်သားတွေနဲ့ ထိပ်တိုက်မတွေ့ဖို့ သတိပေးပါတယ်။ သူကတော့ အသက်စွန့်ပြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမယ်လို့ မြန်မာပြည်သူတွေကို သန္နိဋ္ဌာန် ပြုသွားပါတယ်။
#MoeMaKaMedia #WhatsHappeningInMyanmar