မောင်စွမ်းရည် - ပန်းနှင့်အမွှေးတိုင်

မောင်စွမ်းရည်၏ပုံ မောင်စွမ်းရည်ဆွဲ

မောင်စွမ်းရည် - ပန်းနှင့်အမွှေးတိုင်
(မိုးမခ) မတ်၂၂၊ ၂၀၂၁ကျွန်တော် အိပ်ရာကထရင် မျက်နှာသစ်၊ အဝတ်လဲပြီး ပထမဆုံးလုပ်တဲ့အလုပ်ကတော့ ရုပ်မြင်သံကြားတရားတော်အစီအစဉ်များကို ဖွင့်တာပါပဲ။ မဟာသမယသုတ်ခုနစ်သုတ်နဲ့ ရတနသုတ်ကို ဆရာတော်ကြီး ၁၆ပါး တစ်လှည့်စီရွတ်ဆိုထားတာကို ဖွင့်ထားပါတယ်။ တရားနာရင်းကပဲ ဆွမ်းကပ်၊ ပန်းကပ်၊ ရေချမ်းကပ်တို့ကို စီစဉ်လုပ်ဆောင်ပါတယ်။ ရွာမှာတော့ ညဦးပိုင်းမှာလဲ အိမ်နီးချင်းတွေနဲ့အတူ ဘုရားဝတ်ပြုပါတယ်။ ကျွန်တော်တို့ရွာလယ်မှာ ဇရပ်တစ်ဆောင်နဲ့တွဲလျက် ဓမ္မာရုံတိုက်ကျောင်းကြီး ရွာနဲ့မမျှအောင် ကြီးပါတယ်။ ရွာက အိမ်ချေ ၁၀၀ လောက်ရှိတာပါ။ ပြည်တွင်းစစ်ဖြစ်တော့ ကွန်မြူနစ်ရွာဆိုပြီး အစိုးရစစ်တပ်က မကြာခဏလာပြီး ပစ်ခတ်တိုက်ခိုက်၊ ဖမ်းဆီးလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီကတည်းက တစ်ရွာပြီးတစ်ရွာ နောက်ဆုတ်လာရာက ခုတော့ ဆုတ်ရင်းဆုတ်ရင်းနဲ့ မြို့ပေါ်ရောက်နေပြီး ရွာကို ပြန်မရောက်တော့ပါ။ ဓမ္မာရုံကြီးကတော့ အုတ်တိုက်၊ သွပ်မိုးဆိုတော့ ရှိဦးမှာပါ။
မိဘတွေနဲ့အတူ တစ်ရွာပြီးတစ်ရွာ ဆွေမျိုးမိတ်သင်္ဂဟရှိရာနေရာတွေ ပြောင်းရွှေ့နေထိုင်တော့လဲ အိမ်နီးချင်းတွေနဲ့အတူစုဝေးပြီး ဘုရားဝတ်တက်လေ့ရှိတာပါပဲ။ ကွန်မြူနစ်ရွာတွေမှာ ဘာသာရေးနှိပ်ကွပ်တယ်လို့ မြို့ပေါ်မှာ သတင်းတွေဖြစ်နေသလို လုံး၀မဟုတ်ပါ။ အစိုးရက ကွန်မြူနစ်နဲ့ ဗုဒ္ဓဘာသာဝင်ပြည်သူတွေကို ကုန်းတိုက်ပေးပြီး သူတို့ဘာသာငရဲများနေကြရှာတာပါ။ ကျွန်တော်တို့ရွာတွေမှာ ကလေးတွေဟာ မိဘဘိုးဘွားများနဲ့အတူ ဘုန်းကြီးကျောင်းကိုလိုက်နိုင်တဲ့အရွယ်ကစပြီး လိုက်ပါရင်း ဥပုသ်စောင့်ခဲ့ကြတာပါ။ ဥပုသ်စောင့်တဲ့အခါ ငါးပါးသီလက ညစာစားရတယ်။ ၈ ပါးသီလက ညစာမစားရဘူးဆိုတာလောက်ပဲ နားလည်ပြီး တစ်ခါတရံ ၈ပါးသီလကိုပဲ နေ့ဝက်စောင့်ပြီး ညစာစားပါတယ်။ ညနေပိုင်းတော့ ၅ ပါးသီလပေါ့။ တစ်ပါးပဲပျက်တာဖြစ်လို့ ၇ပါးကျန်တယ်လို့လည်း ယူဆတာပေါ့။ ငယ်ရွယ်စဉ်ကပါ။
မြို့တက်ပြီး ကျောင်းတက်ဖို့ သူများအိမ်နေရတဲ့အခါမှာဖြစ်စေ၊ ဘော်ဒါဆောင်မှာနေရတဲ့အခါမှာဖြစ်စေ လူကြီးမိဘတွေကို ကန်တော့တာရော၊ ဘုရားဝတ်ပြုတာရော ယနေ့အသက် ၈၀ ကျော်သည့်တိုင်အောင် မပျက်မကွက်ပါ။ နယူးယောက်မှာနေထိုင်တော့လည်း နယူးယောက်မှာ န၀တအစိုးရက ဖမ်းဆီးထောင်ချခံရပြီးလွတ်လာတဲ့ ပြည်ပြေး မစိုးရိမ်ဆရာတော်ကြီးရဲ့ တာဝန်ပေးချက်အရ တနင်္ဂနွေနေ့ညနေတိုင်း ပဋ္ဌာန်းတရားတော်ရွတ်ဆိုတဲ့ ပဋ္ဌာန်းဝတ်အသင်းမှာလဲ ကျွန်တော်တို့ ဇနီးမောင်နှံဦးဆောင်ပြီး ဘုရားဝတ်တက်မြဲဖြစ်ပါတယ်။ (ခုခဏတော့ ကိုဗစ်ကပ်ရောဂါကြောင့် နားထားရပါတယ်။) အဲသလို ဘုရားဝတ်တက်ရုံမက အခါကြီးရက်ကြီးတွေမှာလဲ ဥပုသ်သီတင်းဆောက်တည်မှုကို မပျက်မကွက်လုပ်ဆောင်မြဲဖြစ်ပါတယ်။
ဥပုသ်သီတင်းဆောက်တည်ရာမှာ အများနဲ့အတူဆိုရင်တော့ သိပ်မထူးခြားလှပါ။ တစ်ထိုင်တည်း သီလယူရင်တော့ “နစ္စ၊ ဂီတ၊ ဝါဒိတ၊ ဝိသူက၊ ဒဿန၊ မာလာဂန္ဓ၊ ဝိလေပန” စသဖြင့် ရွတ်ဆိုနေစဉ်အခါ ပန်းမန်အမွှေးနံ့သာတို့ကို ပန်ဆင်လိမ်းခြယ်ခြင်းစသည်တို့ကို ရှောင်ကျဉ်ပါမည်လို့ ပါရှိတာကို သတိပြုမိပါတယ်။ ကိုယ်တိုင်က ယောက်ျားဖြစ်နေလို့ အမွှေးနံ့သာပန်းမန်စသည်တို့ကို ပန်ဆင်လိမ်းခြယ်ခြင်းမပြုပေမဲ့ ဘုရားကို ဆက်ကပ်လှူတန်းကြရာမှာ ပန်းနဲ့အမွှေးတိုင်များကို သူများနဲ့ရောပြီး ကပ်လှူပေးလေ့ရှိပါတယ်။ အိမ်ဘုရားစင်မှာလဲ ဗုဒ္ဓဘာသာဝင်တို့ထုံးစံအတိုင်း ဆွမ်း၊ ပန်း၊ ရေချမ်း မပြတ်ပါ။ အမွှေးတိုင်တော့ လုံး၀ရှောင်ပါတယ်။ အမွှေးတိုင်က အခိုးအငွေ့များဟာ လေထုကို ညစ်ညမ်းစေလို့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ချောင်းဆိုးရင်ကျပ်ရောဂါရှိသူများဆိုရင် ပိုပြီး သိသိသာသာအန္တရာယ်ဖြစ်စေလို့ အမွှေးတိုင်နဲ့ ဘုရားကပ်လှူပူဇော်တာကို မလွှဲသာဘဲ ရှောင်ကြရပါတယ်။
ကျွန်တော် နေ့စဉ်ရုပ်မြင်သံကြားတရားတော်အစီအစဉ်များဖွင့်တဲ့အခါမှာလဲ တီဗီမှန်သားပြင်ပေါ် ပထမဆုံးမြင်ရတာက အခိုးအငွေ့တွေ တထောင်းထောင်းထနေတဲ့ အမွှေးတိုင်တွေ အစုလိုက် မီးရှို့ပူဇော်ထားတာမြင်တွေ့ရပါတယ်။ ပန်းအိုးထဲမှာ သဲတွေထည့်ပြီး အမွှေးတိုင်များ ထိုးစိုက်ထားဟန်ရှိပါတယ်။ ဒီအမွှေးတိုင်တွေကိုကြည့်ပြီး လူတွေမိုက်လိုက်တာနော်လို့ တွေးမိရင် အကုသိုလ်များဖြစ်နေမလား မသိပါ။ ဒီအမွှေးတိုင်ဟာ ကျွန်တော်တို့ငယ်စဉ်က မရှိပါ။ တပို့တွဲလမှာ ထင်းမီးပူဇော်ရင် အိမ်မြေတလင်းမှာ ထင်းစလေးများထဲကို သနပ်ခါးတုံးလေးများခွဲစိတ်ထည့်ပြီး ပူဇော်တာပဲ လုပ်ဖူးပါတယ်။ နောက်ကာလအတော်ကြာမှ တရုတ်တွေက စီးပွားဖြစ်တင်သွင်းရောင်းချကြလို့ ဘုရားစင်ရော နတ်စင်တွေပါ အမြဲမပြတ် မီးခိုးမှိုင်းထနေတဲ့အဖြစ်ကို ရောက်ရတာပါ။
တချို့အိမ်တွေမှာ ရွှံ့ဗွက်နံ့စတဲ့အပုပ်နံ့တစ်စုံတစ်ရာရရင် အမွှေးတိုင်ထွန်းထားလေ့ရှိပါတယ်။ အဲဒါမှ ရွှံ့ပုပ်နံ့ရော မီးခိုးနံ့ပါ နှစ်မျိုးညှော်သင့်ပြီး ကျန်းမာရေး ကိုယ်ခံအားမကောင်းသူများဆိုရင် အမြန်ဒုက္ခရောက်တော့မှာပါ။ ဒါကြောင့် အမွှေးတိုင်ထွန်းညှိပူဇော်တာကို လူထုကျန်းမာရေးကောင်းမွန်ဖို့အတွက် လုံး၀ရှောင်ကျဉ်ဖို့သင့်ပါတယ်။ ရေမွှေးပုလင်းတွေပူဇော်တာ၊ အမွှေးနံ့သာပက်ဖျန်းတာတွေလုပ်ရင်လဲ အကုသိုလ်ဖြစ်မှာပါပဲ။ နတ်များကတော့ ကြိုက်မလား မဆိုနိုင်ပါ။ ကျွန်တော်တို့မိသားစုမှာ နတ်မကိုးကွယ်ပါ။ အဖွားတွေကတော့ အစောကြီးကွယ်လွန်ကုန်ကြလို့ မသိမီလိုက်ပါ။ အဖိုးတွေကတော့ စာတတ်ပေတတ်တွေဖြစ်လို့ ကြိုက်သမျှတရားစာအုပ်တွေ ဝယ်ဖတ်ကြပေမဲ့ နတ်ကိုးကွယ်တာကို အားမပေးကြပါ။
အထူးပြောချင်တာကတော့ လူတွေ သီလယူရာမှာတောင် စောင့်ထိန်းကြရတဲ့ “မာလာဂန္ဓ၊ ဝိလေပန၊ ဓာရဏ၊ မဏ္ဍန” စတဲ့ သိက္ခာပုဒ်ကို ဘုရားကပ်လှူပူဇော်ရာမှာ လုံး၀မထည့်သွင်းသင့်လို့ ဆင်ခြင်မိပါတယ်။ အထူးသဖြင့် အမွှေးတိုင်ပါ။ မီးခိုးငွေ့တွေဟာ လူကိုသာ ကျန်းမာရေးထိခိုက်စေရုံမကဘဲ ရွှေ၊ ငွေ၊ ကြေးစတဲ့ သတ္တုများနဲ့သွန်းထုထားတဲ့ ဘုရားဆင်းတုတော်တွေကိုလဲ အရောင်မှိန်စေပါတယ်။ ဘုရားစင်ကိုလဲ ကြပ်ခိုးစွဲစေပါတယ်။ ခုအခါ တရုတ်တွေ တင်သွင်းတဲ့ပစ္စည်းတွေကို ပြည်သူ့ရန်သူအားပေးသူများဖြစ်လို့ သူတို့ပစ္စည်းတွေကို သပိတ်မှောက်နေကြတဲ့အထဲမှာ လုံး၀မသုံးသင့်တဲ့ အမွှေးတိုင်များကိုလဲ သပိတ်ထဲသာ ထည့်လိုက်ပါတော့။ ဒီအမွှေးတိုင်က မတော်တဆအိမ်မီးလောင်၊ ရွာမီးလောင်လဲ ဖြစ်စေနိုင်ပါသေးတယ်။
ပန်းတွေကလဲ “မာလာဂန္ဓ” အဖြစ် ရှောင်ကျဉ်သင့်တဲ့အပြင် ကြွက်သိုက် ငှက်သိုက်အားပေးရာရောက်လို့လဲ ရှောင်ကျဉ်သင့်ပါတယ်။ မအောင့်နိုင်ရင် ဧည့်ခန်းမှာပဲ ပန်းအလှဆင်ကြပါ။ ပန်းနဲ့အမွှေးတိုင်ဝယ်မယ့်ငွေကို စုဗူးနဲ့ နေ့စဉ်စုဆောင်းထားပြီး စုဗူးပြည့်လာရင် ဖွင့်ပြီး ဆင်းရဲသား၊ သက်ကြီးဝါကြီးဆရာတော်ကြီးများကို ပူဇော်ပါ။ ကုသိုလ်လဲရ ဝမ်းလဲ၀ပါလိမ့်မယ်။ သိပ္ပံနည်းကျ ခေတ်မီမီ ဆင်ခြင်ကြပါ။ ဗုဒ္ဓနည်းကျအောင်လဲ ဆင်ခြင်ကြပါ။ “မာလာဂန္ဓ၊ ဝိလေပန” သိက္ခာပုဒ်ကို လူကိုယ်တိုင်လဲရှောင်သလို ဘုရားစင်တင်ခြင်းမှလဲ ရှောင်ကြဉ်နိုင်ကြပါစေသတည်း။
(ဒီအကြောင်းကို တချို့ဆရာတော်ကြီးများထံ ချဉ်းကပ်လျှောက်ထားကြည့်တော့ “အစဉ်အလာပါပဲကွာ...ဘာမှမဟုတ်ပါဘူး…မင်းမလုပ်ချင်နေပေါ့” တဲ့။ “မှန်ပါဘုရား…တပည့်တော်မလုပ်ပါ။”)
မောင်စွမ်းရည်
၂၀၂၁ မတ်လ ၁၁ရက် နယူးယောက်
#MoeMaKaMedia
#WhatsHappeningInMyanmar