Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၂၀ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၂၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၂၂၊ ၂၀၂၁

မတ်လ ၂၂ ညမှာ ဒေါပုံမြို့နယ်ထဲက နွယ်အေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြီး စစ်ကောင်စီ သောင်းကျန်းသူတပ်ဖွဲက ရပ်ကွက်တွင်း ပြည်သူများ နေအိမ်များကို လက်နက်များနဲ့ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ (Photo) လူထုက ဆိုရှယ်မီဒီယာတွေမှာ လိုက်ဗ်လွှင့်တာတွေ ပို့စ်တင်တာတွေ နဲ့ အကြောင်းကြားခဲ့ကြပါတယ်။ မန္တလေးအောင်ပင်လယ် လူသတ်အကြမ်းဖက်မှုအပြီးနောက် သည်နေ့မှာလည်း မြရနန္ဒာအိမ်ရာဝင်းအတွင်း ပစ်ခတ်မှုတွေ ကျုးလွန်ခဲ့ပါတယ်။ အနည်းဆုံး ၃ ဥိး ကျဆုံးတယ်လို့ သတင်းများက ဆိုပါတယ်။ မြန်မာပြည်အနှံ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ငြိမ်းချမ်းစွာ လက်နက်မဲ့ဆန္ဒပြသူတွေကို သတ်ဖြတ် နှိပ်စက်တာတွေ မရပ်တန့်သေးချိန်မှာ မတ်လ ညသန်းကောင်နားမှာတော့ အမေရိကန်သတင်းတွေအရ -​ အကြမ်းဖက် သတ်ဖြတ်မှုများမှာပါဝင်​သော ရဲချုပ်သန်းလှိုင်၊ ဒုဗိုလ်ချုပ်ကြီး​​အောင်စိုး၊ တပ်မ ၃၃ ၊ တပ်မ ၇၇ တို့ကို ပိတ်ဆို့အ​​ရေးယူ​ကြောင်း အ​မေရိကန်နိုင်ငံခြား​ရေး ဝန်ကြီးဌာနက ယ​နေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီ ထိပ်သီးများအပြင် ၎င်းတို့မိသားစုနဲ့ စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ခြင်းအပြင် အခုလို အမိန့်နာခံသတ်ဖြတ်တဲ့ စစ်ရာဇဝတ်ကောင်းတွေအဖြစ် လက်အောက်ခံ စစ်ခေါင်းဆောင်လက်ထောက်တွေကိုပါ အမေရိကန်က ပစ်မှတ်ထားအရေးယူမှု တိုးချဲ့တာဖြစ်ပါတယ်။

ပြည်ပမှာ မြန်မာပြည်က ဗိုလ်ချုပ်တွေ မဆိုထားနဲ့ ဒေသခံ ရဲမှူးတွေ ဗိုလ်မှူးတွေရဲ့ မိသားစုတွေ ပိုင်ဆိုင်မှုတွေဟာ အများပြည်သူတွေ မျက်စိပြူး ပါးစပ်ဟောင်းလောင် ဖြစ်သွားလောက်အောင် ကြွယ်၀များပြားပါတယ်။ သူတို့သားသမီးမြေးမြစ်တွေကလည်း မြန်မာပြည်က လုယူခိုးဝှက်ထားတဲ့ ဓနဥစ္စာတွေနဲ့ ပြည်ပမှာ ပညာတွေသင် စီးပွားတွေလုပ် ရင်းနှီးမြုတ်နှံပြီး ခံစားစံစားနေကြတာလည်း အများအပြားပါပဲ။ ဥပမာ - ဩစတြေးလျဘက်က မြန်မာတွေ Social Punishment လုပ်လို့ စစ်နဲ့ ရဲအရာရှိကြီးတွေ၏ မိသားစုတွေ မျိုးဆက်တွေအကြောင်း ပေါ်ပေါက်လာရတာတွေကို ကြည့်နိုင်ပါတယ်။ အခုလို အမေရိကန်နဲ့ အီးယူစတဲ့ အနောက်အုပ်စုက ပိတ်ဆို့အရေးယူ ဖြတ်တောက်သူများစာရင်းတွေ တိုးချဲ့လာပြီး သူတို့မိသားစုအသိုင်းအဝိုင်းတွေကို ပြည်ပမှာ ဖော်ထုတ် အရေးယူပိတ်ဆို့နိုင်ရင်ကို အရေးတော်ပုံအတွက် စိတ်ဓာတ်အင်အားတခု ဖြစ်ပါတယ်။

CRPH ကို အကြမ်းဖက်စစ်ကောင်စီက မတရားအသင်းအဖြစ် ကြေညာလိုက်ပါတယ်။ သပိတ်မှောက်ဝန်ထမ်းတွေ ရုံးပြန်တက်ဖို့နဲ့ မတက်က အရေးယူမယ့်အကြောင်းလည်း ရာဇသံပေးထားပါတယ်။ CRPH ကလည်း လက်ရှိအလုပ်လုပ်နေတဲ့အစိုးရဝန်ထမ်းတွေ မတ်လကုန်မှ CDM မဝင်ရင် အရေးယူမယ်လို့ တန်ပြန်ရာဇသံပေးထားပါတယ်။ စစ်ကောင်စီကလည်း ဝန်ထမ်းတွေကို သပိတ်ဆက်မှောက်နေရင် ဝန်ထမ်းအိမ်ယာတွေက ဆင်းခိုင်းပါတယ်။ ဝန်ထမ်းတွေအတော်များများကလည်း လိုင်းခန်းတွေကနေ ဆင်းသွားကြတာ တွေ့ရပါတယ်။ ပြည်သူတွေ ထောက်ခံအားပေးမှုကြောင့် CDM ဝန်ထမ်းတွေက သတ္တိပြောင်ပြောင်နဲ့ ကြံ့ကြံ့ခံနိုင်ကြတာအပြင် ဝန်ထမ်းတွေကိုယ်တိုင်ကလည်း သည်စစ်အာဏာရှင်လက်အောက်ကနေ အပြီးတိုင်ရုန်းထွက်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဌာန်ကြောင့်လည်း တောင့်ခံထားနိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ဘဏ်လုပ်ငန်းတွေကို ဖိအားပေးအကြပ်ကိုင်မှုတွေ တိုးလုပ်နေပြီးတော့ CDM ၊ CRPH နဲ့ သပိတ်တိုက်ပွဲ ထောက်ခံအားပေးမှုတွေကို ပြတ်တောက် အားနည်းသွားအောင် အစွမ်းကုန် ကြိုးစားနေပါတယ်။

လမ်းပေါ်သပိတ်တိုက်ပွဲတွေမှာ ရန်ကုန်မြို့ကအပ အခြားမြို့ကြီးတွေ ဒေသတွေမှာ လူထုက အင်အားအတော်ကောင်းကောင်းနဲ့ စစ်ကောင်စီ၏ အကြမ်းဖက်မှုတွေကို အာခံပြီး ရုန်းကန်ဆန္ဒပြနေပါတယ်။ ရန်ကုန်ထဲမှာကတော့ လမ်းတွေ ရပ်ကွက်တွေထဲမှာ သပိတ်စစ်ကြောင်း ချီတက်တာ၊ လူမဲ့သပိတ်၊ ပါဖောင်းမင့်သပိတ် စတဲ့ သပိတ်အရှိန်မပြတ်တောက်အောင် ထိန်းပြီး စစ်ကောင်စီ၏ အကြမ်းဖက်မှုတွေကို ရှောင်ရှားဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီ၏ သောင်းကျန်းသူစစ်တပ်ကလည်း အကြောင်းမရှိဘဲ ရန်စတိုက်ခိုက်ဖမ်းဆီးတာတွေကို အားစမ်းပြီး လုပ်ပါတယ်။ လူထုက ညီပြီး တင်းမာစွာ ခုခံတုန့်ပြန်ရင်တော့ သူတို့လည်း ရှေ့မတိုးနိုင်ပါဘူး။ မတ် ၂၂ မှာ ကားသပိတ် ဟွန်းသပိတ်လို့ တိုက်ပွဲခေါ်ထားတော့ ရန်ကုန်မြို့လယ်လမ်းမကြီးတွေမှာ မော်တော်ကားပေါင်းစုံက နေ့ခင်း ၁၁ နာရီလောက်ခန့်ကစပြီး ကားဟွန်းတွေ အပြိုင်အဆိုင်တီးပြီး ဆန္ဒထုတ်ဖော်ကြပါတယ်။ စစ်တပ်ဟာ အဲသည်လို နေ့ခင်းကြောင်တောင် အာခံမှု ဖိဆန်မှုကို အငိုက်မိပြီး လက်ပိုက်ကြည့်နေရပါတယ်။

ဗုဒ္ဓဟူးနေ့ မတ် ၂၄ မှာ အသံတိတ်သပိတ်ဆိုပြီး တိုက်ပွဲခေါ်ထားပါတယ်။ လမ်းတွေတိတ် လူခြေတိတ် ဘယ်သူမှ အပြင်မထွက်ဘဲ ဆိတ်ငြိမ်ခြင်း၏ အင်အားကို ထုတ်ဖော်မယ်လို့ ဆိုထားပါတယ်။ Silent Strike - တိတ်ဆိတ်ခြင်း အကျယ်လောင်ဆုံးဟစ်ကြွေးသံလို့ ဆိုပါတယ်။ သပိတ်လှုံဆော်သူတွေ ရေးထားတာကတော့ (- ဒီနေ့ စျေးတွေ ဝယ်ထားပေးကြပါ ။ တရက်စာ လိုအပ်တာတွေ ကြိုဝယ်ထားကြပါ ။ လမ်းပေါ် ထွက်ရမယ့် အလုပ်ကိစ္စတွေ တတ်နိုင်သလောက် ဖြတ်ထားကြပါ ။ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားလို့ ရအောင်ပါ ။ မနက်ဖြန် တရက်ထဲပါ ။ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ဆင်နွဲဲကြမယ် ။ အရေးတော်ပုံအောင်ခါနီးပါပြီ ။)

အစပိုင်းမှာ အဲသည်ပိုစတာတက်လာတော့ သံပုံးတီးတိုက်နေကြသူတွေ၊ သပိတ်မှောက်ဟစ်ကြွေးသံ ဟစ်ခဲ့ကြသူတွေနဲ့ ပရိသတ်တွေကတော့ ဒါကို မယုံကြည်ကြပါဘူး။ လုပ်ကြံသတင်း၊ ဒလန်တွေ အလံရူးတွေ လုပ်တယ်လို့ မှတ်ချက်ပေးကြတာတွေ့ရပါတယ်။ နောက်တော့ သပိတ်သမားတွေ၏ အကောင့်တွေကနေ ထုတ်တာ ရှယ်တာတွေ တွေ့ရတော့ လက်ခံလာကြပါတယ်။ အရင်တုန်းက ခရက်ဒစ်သူများဟာဆိုပြီး စိတ်ကြိုက်တွေ့တိုင်း အရမ်းရှယ် အရမ်းတက်ကြွနေရာကနေ သပိတ်တိုက်ပွဲဟာ ပြင်းထန်ထိခိုက်မှုတွေ များပြားလာတော့ လူတွေဆီမှာ သတိထားတဲ့ ဆင်ခြင်ပြီး အမှန်ကန်ဆုံး အပြင်းထန်ဆုံး တိုက်ကွက်တွေ ထိုးနှက်ချက်တွေကိုပဲ ဦးစားပေး စဉ်းစားပြင်ဆင်လာကြတာကို တွေ့နိုင်ပါတယ်။ လူတွေက ကြောက်နေတာမဟုတ်ဘူး။ ပြင်ဆင်နေကြတာ၊ အထိရောက်ဆုံးအလုပ်တွေကို တပြိုင်နက်တည်း အောင်မြင်အောင်လုပ်ဖို့ အားယူထားကြတာလို့ ဆိုနိုင်ပါတယ်။ ဆိုရှယ်မီဒိယာက မိတ်ဆွေတွေ အသိအကျွမ်းတွေကိုလည်း သူတို့တင်တဲ့ပို့စ်တွေ သူတို့သဘာ၀တွေကို သတိထား စိစစ်လာကြတဲ့သဘောကိုလည်း တွေ့ရပါတယ်။

ဘီဘီစီသတင်းထောက် ကိုအောင်သူရပြန်လွတ်လာပေမယ့် ခံဝန်ချက်ထိုးရတယ်လို့ ဆိုပါတယ်။ သူနဲ့အတူ မတ်လ ၁၉နေ့ကအဖမ်းခံရတဲ့ မဇ္ဈိမသတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်တော့ ပြန်မလွှတ်သေးပါ။ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် အလွတ်တမ်းသတင်းထောက်များအပါအဝင် သတင်းထောက် ၄၃ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဖမ်းဆီးခံသတင်းထောက်များနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားတဲ့ Detained Journalists Information Myanmar Facebook စာမျက်နှာ မတ် ၂၁ ရက် စာရင်းက ဆိုပါတယ်။ စစ်ထောက်လှမ်းရေးက CRPH, CDM & CDM Support Netowrk တွေကို သတင်းထောက်တွေဆီက စစ်ဆေးနေတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဆိုရှယ်မီဒီယာအကောင့်တွေ ကိုယ်စီရှိတဲ့ သတင်းသမားတွေ ဖြစ်တာမို့ သူတို့၏ အဆက်အသွယ်တွေ ပါစင်နယ်မတ်စိတွေ ဖိုင်တွေ ဟာ စစ်မေးစဉ်အတွင်း ရှောင်လွှဲလို့မရတဲ့ အထောက်အထားတွေ ဖြစ်နေတယ်လို့ မှတ်ချက်ပေးကြပါတယ်။ သတင်းထောက်တွေကိုယ်တိုင်က စစ်ကောင်စီအကြမ်းဖက်တွေအောက် အလုပ်လုပ်ရတာ သတင်းလွတ်လပ်ခွင့်မရှိရုံတင်မက ကိုယ်ရေးကိုယ်တာအခွင့်အရေး အာမခံချက်တွေပါ ချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။

KIC ကရင်သတင်းဌာနက ရုပ်သံအင်တာဗျူးမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ လူထုအရေးတော်ပုံကြီး အခြေအနေနှင့်ပတ်သက်ပြီး ဝါရင့်တော်လှန်ရေးသမား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းအား တွေ့ဆုံမေးမြန်းထားပါတယ်။ ကရင်ခေါင်းဆောင်တဦး၏ အာဘော်ကိုလည်း နားထောင်ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူက မျိုးဆက်သစ်တွေက အဟောင်းတွေလို တောထဲမှာ တိုက်ပွဲမဖော်နဲ့တော့၊ မြို့မှာပဲ တိုက်ပွဲဖော်ကြ။ ကေအင်ယူနယ်မြေတွေမှာ ခေတ္တခိုလှုံလို့တော့ ရပါတယ် တဲ့။ စစ်တပ်နဲ့ အင်န်အယ်ဒီပါတီတို့ ရင်ကြားစေ့ရေး သင့်မြတ်ရေး မဖော်ဆောင်နိုင်ခြင်း၊ တဦးနဲ့တဦး တင်းမာစွာဆက်ဆံခြင်းတို့ကြောင့် အခုလို တိုင်းပြည်နစ်နာရတယ်လို့လည်း ပြောပါတယ်။ NCA ကိစ္စတွေကိုပါ ထိခိုက်ကုန်တယ်လို့ သဘောထားပါတယ်။ စစ်တပ်ဟာ နောက်ကိုပြန်ဆုတ်စရာမရှိတဲ့ မပြန်လမ်းကို ရွေးလိုက်တာ ဖြစ်တယ် တဲ့။ နယ်မြေနဲ တပ်ဖက်ရေးရာမှာတော့ စစ်တပ်နဲ့ KNU ဆွေးနွေးနိုင်တယ်။ ဒါက တပ်ပိုင်းဆိုင်ရာ။ နိုင်ငံရေးမှာတော့ သူတို့နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့လဲ ပြောပါတယ်။ ၂ ပိုင်းခွဲထားတယ် လို့ ပြောပါတယ်။ မြို့ပြတိုက်ပွဲဖော်ကြ၊ မောပန်းရင် ကရင်နယ်မြေမှာ လာနား၊ အမောပြေရင် ပြန်သွား။ မြို့ပြတိုက်ပွဲဆီ ပြန်သွားကြလို့ ဆိုပါတယ်။ စစ်အစိုးရမရှိတော့လို့ အရပ်သားအစိုးရတက်လာလည်း ပြည်ထောင်စုအတွက် အလုပ်မဖြစ်ရင် မလွယ်ဘူးလို့ သူက ဝေဖန်လိုက်ပါတယ်။ နောက်တချက်ကတော့ စစ်တပ်ကို ထွက်ပေါက်မပိတ်ထားဘဲ အောက်ကလူတွေ လက်ထောက်တွေအတွက် စည်းရုံးရေးတံခါးကို ဆက်ဖွင့်ထားပါ။ ရန်သူကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးပါလို့လည်း အကြံပေးပါတယ်။

အခုချိန်မှာ ပြည်မမှာရှိတဲ့ လူမျိုးပေါင်းစုံက လက်နက်မဲ့ အာဏာဖီဆန်တိုက်ပွဲဝင်နေချိန်မှာ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေ လက်တွေ့စိန်ခေါ်မှုတွေဘက်ကကြည့်ပြီးတော့ တပ်ပိုင်းဆိုင်ရာ သတ်သတ်၊ နိုင်ငံရေး (အာဏာပိုင်း) ဆိုင်ရာ သတ်သတ်၊ နယ်မြေပိုင်းခြားမှုပိုင်းဆိုင်ရာ သတ်သတ် ခွဲပြီး စဉ်းစားချက်ဟာ လက်ရှိ ဖယ်ဒရယ်ပြည်ထောင်စုကြီး မပေါ်ခင် အာမခံချက်မရှိခင် အခုလို ကြားကာလမှာ ပြည်မက သပိတ်တိုက်ပွဲ နိုင်ငံရေးတိုက်ပွဲ ဆင်နွဲနေသူတွေအတွက် စဉ်းစားစရာ ဖြစ်မယ် ထင်ပါတယ်။ အဲသည်လို ပိုင်းဖြတ်မှုနဲ့ ချိန်ဆကြည့်ရင် ရခိုင်တပ်တော်၏ ရပ်တည်ချက်ကိုလည်း မှန်းဆနိုင်မယ် ထင်ပါတယ်။

#MoeMaKaMedia
#WhatsHappeningInMyanmar