မောင်ရစ် - နွေဦးတော်လှန်ရေး - လက်ရည်တပြင်တည်း ရှေးကထက်ပိုပြီးချစ်ကြဖို့ အချိန်ဟာ အခုအချိန်ဖြစ်တယ်
မောင်ရစ် - နွေဦးတော်လှန်ရေး - လက်ရည်တပြင်တည်း ရှေးကထက်ပိုပြီးချစ်ကြဖို့ အချိန်ဟာ အခုအချိန်ဖြစ်တယ်
(မိုးမခ) မတ် ၁၇၊ ၂၀၂၁မိုးမခမှာ နွေဦးတော်လှန်ရေး နေ့စဉ်မြင်ကွင်းဆိုပြီး ရေးကြပါတယ်။ အယ်ဒီတာနဲ့ မိတ်ဆွေတွေ ဆွေးနွေးပြီးတော့ မှတ်စုထုတ်ပြီး မြင်တာလည်း ရေး၊ တွေးမိတာလည်း ရေးကြတာပါ။ ကျနော်တို့ ဝိုင်းတော်သားစာရေးဆရာတွေကလည်း မိမိတို့သဘောထားတွေ အတွေးအမြင်တွေ သိးခြားဆောင်းပါးတွေနဲ့ ရေးကြပါတယ်။ မိုးမခဖေ့စ်ဘွတ်မှာလည်း တချို့သတင်းတွေ စာတွေကို ကူးယူတာ ထပ်ဆင့်တင်ပြတာတွေလုပ်ပြီး တိုက်ရိုက်တင်ဆက်တာလည်း လုပ်ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ တယောက်တလက် ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းပြီး တိုက်ပွဲဝင်နေရတာပါ။ စစ်အာဏာရှင်စနစ် အလုံးစုံကျဆုံးရေးအတွက်ပါ။
မြန်မာပြည်ပမှာလည်း မြန်မာပြည်သူတွေနဲ့ သူတို့မျိုးဆက်တွေ မိတ်ဆွေတွေက မြန်မာပြည်အရေးအတွက် ဝိုင်းဝန်းပြီး ရပ်တည်ကြပါတယ်။ အနည်းဆုံးတပတ်တကြိမ် စုဝေးပြီး ဆန္ဒပြပွဲတွေ အလှူခံစုဆောင်းတာတွေ လက်မှတ်ထိုးတောင်းဆိုတာတွေ ဆက်တိုက်လုပ်ကြပါတယ်။ အခုဆိုရင် ဆိုင်ရာမြို့ရွာတွေအလိုက် အစုအဖွဲ့တွေ ချိတ်ဆက်ပြီး ပုံမှန် ပြည်တွင်းကို ထောက်ပံ့မှုတွေ ချိတ်ဆက်မှုတွေ လုပ်နေကြတာ အများအပြားတွေ့နေရပါတယ်။ CRPH နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အလှူခံတဲ့ အဖွဲ့အစည်းတွေ ပေါ်ထွန်းလာတယ်။ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဆိုရင် CRPH အတွက် တာဝန်ယူပြီး စနစ်တကျ ငွေအလှူခံတာ ၊ CRPH ညွှန်ကြားချက်အတိုင်း ပြန်လည်ဖြန့်ချိပို့ဆောင်တာတွေ လုပ်နေတာ တွေ့ရပါတယ်။ ပြည်သူ့ဂုဏ်ရည်အဖွဲ့မှာ နဂိုကတည်းက CDM အတွက် ထောက်ပံ့ဖို့ ရန်ပုံငွေ ကောက်ခံစုဆောင်းပြီး ပြည်တွင်းက CDM ဝန်ထမ်းတွေကို ထပ်ဆင့်ကူညီတာတွေ လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။ အချို့ ဗိုင်ဘာအဖွဲ့၊ ဖေ့စ်ဘွတ်အဖွဲ့တွေ စသည်ဖြင့် ရင်းနှီးယုံကြည်ရာ စုစည်းပြီး သူတို့တတ်နိုင်တဲ့ အစုအဖွဲ့ နယ်ဒေသအလိုက် လှူဒါန်းတာ ထောက်ပံ့တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေကလည်း သူတို့တိုင်းရင်းသားဒေသတွေအလိုက် ပြန်ပြီး ချိတ်ဆက် ကူညီနေကြတာတွေ အရှိန်တိုးပြီး လုပ်လာကြတာ မြင်ရပါတယ်။
အခုအချိန်မှာ ZOOM Meeting တွေနဲ့ သူတို့ကွန်ယက်တွေအချင်းချင်း ချိတ်ဆက်ဆွေးနွေးတာတွေ လုပ်လာကြတယ်။ ဒီတပတ်အတွင်းမှာ ဒေါက်တာဆာဆာတို့ ဦးကျော်မိုးထွန်းတို့နဲ့ တိုက်ရိုက်တယ်လီကွန်ဖရန်း Town Hall တွေ လုပ်ကြတာမျိုး စီစဉ်လာကြတာတွေ တွေ့ရပါတယ်။ သူတို့အဲသလိုစီစဉ်တာကို မိုးမခဖေ့စ်ဘွတ်မှာ ရှယ်ထားပေးပါတယ်။ စိတ်ဝင်စားသူတွေ တက်ရောက်ကြဖို့အတွက်ပါ။
မြန်မာပြည်တွင်းမှာကတော့ သပိတ်တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖိနှိပ်သတ်ဖြတ်ခံနေရပါတယ်။ သပိတ်ခေါင်းဆောင်တွေက လမ်းပေါ်သပိတ်တိုက်ပွဲတွေ အရှိန်မကျအောင်၊ အကျအဆုံးအထိအခိုက်အနည်းဆုံးဖြစ်အောင် ခုခံရင်း သပိတ်တိုက်ပွဲတွေကို တောင့်ခံထားကြပါတယ်။ ဒေသအလိုက် မြို့နယ်အလိုက် သပိတ်ခေါင်းဆောင်တွေဆီက သတင်းစကား အမှာစကားတွေဟာ ပြည်သူတွေအတွက် အင်အားဖြစ်ပါတယ်။ လမ်းညွှန်ချက် ဖြစ်ပါတယ်။ ဥပမာ - မန္တလေးသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ တေဇာဆန်းက ဒီနေ့အတွက် စကားကို ဖေ့စ်ဘွတ်ပေါ်တင်ထားလိုက်ရင် သပိတ်တပ်သားတွေ မြန်မာပြည်အနှံ့ အင်အားတွေ ဖြစ်ပြီး တက်ကြွလန်းဆန်းသွားကြတာကို တွေ့နိုင်ပါတယ်။
နိုင်ငံရေးမျက်နှာစာမှာလည်း စစ်ကောင်စီက စွပ်စွဲပုတ်ခတ်မှုတွေ မတရားအရေးယူ ဖိနှိပ်မှုတွေ လုပ်ကြံမှုတွေ ပြုလုပ်နေချိန်မှာ ပြည်သူတွေ၏ ရွေးချယ်ခြင်း ထောက်ခံခြင်းကို ခံထားရတဲ့ ဦးဆောင်မှုရယူထားတဲ့ CRPH ၏ ခေါင်းဆောင်ပေးမှု လမ်းညွှန်ပေးမှုတွေကို ပြည်သူတွေက အလွန်တရာ မျော်လင့်ပြီး စောင့်စားနေကြတာကို တွေ့ရပါတယ်။ CRPH ဆိုတာ တသက်မှာ သည်တခါပဲ ကြုံရတယ်လို့ ဆိုရမယ့် စုပေါင်းခေါင်းဆောင် စုဖွဲ့မှုနဲ့ ဆောင်ရွက်နေကြတဲ့ ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကော်မီတီဆိုတော့ သူတို့ခြေလှမ်းတွေအတွက် အချိန်ယူကြတယ်ဆိုတာ နားလည်ကြမယ် ထင်ပါတယ်။ ဒေါက်တာဆာဆာ ပေါ်ထွက်လာခြင်း၊ ဦးကျော်မိုးထွန်း ရုန်းထွက်လာခြင်း၊ ဒေါက်တာဇော်ဝေစိုး ယာယီဝန်ကြီးတာဝန်လက်ခံခြင်း၊ ဦးမန်းဝင်းခိုင်သန်း ယာယီဒုသမ္မတအဖြစ် ခန့်အပ်လိုက်ခြင်း စတဲ့ ခြေလှမ်းတွေ။ ပြီးတော့ CRPH ကနေ အမေရိကားမှာရှိတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကနေ အလှူခံခြင်း စတဲ့ ထုတ်ပြန်ချက်ဟာ လူထုတွေ၏ စိတ်ဓာတ်ခွန်အားတွေ မြင့်မားစေတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။
CRPH ရဲ့ အထင်ရှားဆုံးခြေလှမ်းတခုကတော့ မျိူးဆက်သစ်တွေ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစိကို အာမခံချက်တဲ့ အခြေခံဥပဒေတရပ် ရေးဆွဲရေးကို ထုတ်ဖော်ကြေညာလိုက်ခြင်း ဖြစ်ပါတယ် ။ အဲသည်နောက်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ တိုးချဲ့လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက သပိတ်မှောက်ဆန္ဒပြနေတဲ့ လက်နက်မဲ့ပြည်သူတွေကို ထောက်ခံကြောင်း စာနာကြောင်းနဲ့ အကာအကွယ်ပေးမယ့်အကြောင်း တဖွဲ့ချင်းစီကနေ ထုတ်ပြန်ချက်တွေ ရရှိလာခြင်း ဖြစ်ပါတယ်။ အခုလို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်မှုတွေ စော်ကားမှုတွေ တိုးမြှင့်ကျူးလွန်လာချိန်မှာ အချို့သော တိုင်းရင်းသားလက်နက်ကိုင်များ ရပ်တည်နေတဲ့ ဒေသတွေက အဖိနှိပ်ခံ နေရပ်စွန့်ခွာ ပြည်သူတွေအတွက် အားကိုးစရာဒေသတွေ ဖြစ်လာပါတယ်။
ပြည်သူလူထုနဲ့ တိုင်းရင်းသားလူမျိုးစုတွေ၏ ထောက်ခံမှု အားကိုးမှုကို ရရှိထားတဲ့ CRPH နဲ့တကွ တိုင်းရင်းသားဒေသခံအဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့ တိုင်းရင်းသားတွေအားလုံးကို လွှမ်းခြုံတဲ့ ခြေလှမ်းတွေ ထပ်တိုးဖို့ပဲ ရှိတယ်လို့ အကြံပေးချင်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ဖယ်ဒရယ်တပ်မတော်ကြီး ထူထောင်ဖို့က မြေကြီးလက်ခတ်မလွဲ နောက်ခြေလှမ်းတွေပဲ ဖြစ်နေပါပြီ။
လက်ရှိပြည်ထောင်စုကြိးကို ဖြိုခွဲ ဖျက်ဆီးနေပြီး လက်ရှိတပ်မတော်ကိုလည်း ဖက်ဆစ်အကြမ်းဖက်တပ်အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်တဲ့နောက် ပြည်ထောင်စုမပြိုကွဲရေး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ ဒို့တာဝန်အရေး ၃ ပါး ဟာ (မအလစစ်တပ်နဲ့မဆိုင်) ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၏ တာဝန်သာ ဖြစ်ကြောင်း ထုတ်ပြန်ကြဖို့သာ ရှိပါတော့တယ်။
သည်တော့ အနှစ် ၇၀ လုံးလုံး ပြည်တွင်းစစ်ကြီးတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ တိုင်းရင်းသားတွေအားလုံး မြန်မာပြည်ဖွားတွေ အားလုံး မြန်မာ တရုတ် ကုလားတွေလူမျိုးတွေ အပါအဝင်ဟာ မြန်မာနိုင်ငံသားအဖြစ်က ဘယ်တုန်းကမျှ ဆုံးရှုံးခြင်း မရှိကြောင်း။ ဖယ်ဒရယ်ပြည်ထောင်စုအသစ်ထူထောင်ရာမှာ မြန်မာနိုင်ငံသားအဖြစ် ဘယ်နေရာရောက်ရောက် ဘယ်ဘ၀နေနေ အာမခံချက် အပြည့်အ၀ရှိကြောင်း။ အားလုံး၏ အင်အားကို ပြည်သစ်တည်ရာမှာ အလိုရှိကြောင်း ကြိုဆိုကြောင်း ထုတ်ပြန်သင့်ပါတယ်။
ထို့အတူ ပြည်တွင်း ပြည်ပရှိ တိုင်းရင်းသားလူမျိုးစုတွေအားလုံး၏ တိုင်းရင်းသားအခွင့်အရေးများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များနဲ့ မိမိတို့ ဌာနေရပ်ရွာဒေသဆိုင်ရာ အဖွဲ့အစည်းများ အစုအဖွဲ့များနဲ့ အတူ ရပ်တည် အားပေး ဆောင်ရွက် ဆုံးဖြတ်ခြင်းများအားလုံးကိုလည်း လွတ်လပ်စွာ လုပ်ကိုင်ကြစေလိုကြောင်း၊ မိမိတို့ တိုင်းရင်းသားအမွေအနှစ်အားလုံးကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရပ်တည်ခွင့် အာမခံချက် အပြည့်အ၀ရှိကြောင်း။ တိုင်းရင်းသားအားလုံး၏ အင်အားဖြင့် ပြည်သစ်တည်ကြရမှာ ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားသင့်ပါတယ်။
ထို့အတွက်ကြောင့် အစစ အရာရာ ပြည်ထောင်စုကြီးကို ပြိုကွဲပျက်စီးအောင် ဆောင်ရွက်ကျုးလွန်နေတဲ့ စစ်အာဏာရှင်နဲ့ အကြမ်းဖက်စစ်တပ်ကို မောင်းထုတ် ချေမှုန်းဖို့အတွက် လူထုထောက်ခံမှုအပြည့်ရှိတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအဖွဲ့တွေ အားလုံး ပြည်သူလူထုတွေ အင်အားပေါင်းစုံနဲ့ ပူးပေါင်းလက်တွဲကြပြီး ပြည်ထောင်စုအသစ်ကို တနယ်မြေချင်းကို တိုက်ယူပြီး ပြန်လည်ထူထောင်ရမည်ဆိုပါက ထူထောင်သွားကြမည် ဖြစ်ကြောင်းကိုလည်း လူထုကို ဂတိပေးပြောကြားသင့်ပါတယ်။
ပြည်ထောင်စုအသစ်ကို စိတ်သစ် လူသစ် သဘောတရားအသစ် မျိုးဆက်သစ်တွေနဲ့ မြန်မာတွေ တိုင်းရင်းသားတွေ လူများစု လူနည်းစုတွေ ဘာသာပေါင်းစုံတွေ အတူတကွ တည်ဆောက်ကြဖို့ အချိန်ဆိုတာ ဒီအချိန်မှ မဟုတ်ရင် ဘယ်အချိန်မှ ဆိုပြီး နောက်ထပ် အချိန်တွေ ဆွဲချင်နေသေးလဲ။ ဖြေကြပါဦး။
လက်ရည်တပြင်တည်း ရှေးကထက် ပိုပြီး ချစ်ကြဖို့ အချိန်ဟာ အခုအချိန်ဖြစ်တယ်။
#MoeMaKaMedia #WhatsHappeningInMyanmar
(photo - Khit Thit Media Facebook)