Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၇၊ ၂၀၂၁

မတ်လ ၁၇ ရက်နေ့ ဆိုရှယ်မီဒီယာတွေမှာ သတင်းဌာနတွေဆီက သတင်းတွေ ဥဒဟိုတက်မလာနိုင်ပါဘူး။ ရန်ကုန်မြို့ကြီးကို မြို့နယ်အလိုက် ဒေသခံတွေက ဖြတ်တောက်ပိတ်ဆို့ပြီး စစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်၏ အန္တရာယ်ကို ကာကွယ်တွန်းလှန်နေရတော့ သတင်းသမားတွေလည်း အရောက်မလာနိုင်တာလဲပါတယ်။ သတင်းသမားတွေကိုယ်တိုင်လည်း သူတို့စခန်းချရာဒေသမှာ လူထုနဲ့အတူ ရပ်တည်နေရတော့ အခက်အခဲတွေမျိုးစုံလည်း ရင်ဆိုင်နေရတာလည်း ပါပါတယ်။

မြို့နယ်တွေက ဆန္ဒပြဝန်းရံသူတွေ ခုခံစစ် ဆင်နွဲနေသူတွေကို မေးကြည့်တော့ မျိုးဆက်သစ်လူငယ်တွေဟာ နံနက်ခင်းဆိုရင် အလျိုလျို ဦးထုပ်လေးတွေနဲ့ ကျောပိုးအိတ်ကလေးတွေနဲ့ လမ်းထိပ်တွေမှာ ပေါ်လာကြတယ်။ အဲသည်လိုမျိူး ပေါ်လာကြတာကိုမျော်နေတဲ့ အိမ်ရှင်တွေ အိမ်သည်တွေက သူတို့ကိုမြင်တာနဲ့ ရှိရာ လက်နက်အကာအကွယ်တွေ ကိုင်စွဲပြီး သူတို့တွေနဲ့ ပူးပေါင်းကြဖို့ လမ်းပေါ်ထွက်ကြတော့တာပဲ။ အကာအရံတွေ အတားအဆီးတွေ လက်နက်ဒုတ်ဒါးတွေနဲ့ ပြည်သူတွေနဲ့ သူတို့မျော်လင့်ချက် မျိုးဆက်သစ်တွေဟာ လမ်းမတွေ လမ်းထိပ်တွေကနေ သပိတ်တိုက်ပွဲကို အရှိန်မကျသွားအောင် စုဝေးဆင်နွဲကြတယ်။ အင်အားပြကြတယ်။ ကြွေးကြော်ကြတယ်။ သီချင်းတွေ သီဆိုကြတယ်။ ပြီးတော့ စစ်တပ်က ကားတွေနဲ့ ဝင်လာပြိး ပစ်ခတ်ချေမှုန်းတဲ့အခါမှာလည်း ကျည်ဆံ ဗုန်းဆံတွေကြားထဲကနေ ခုခံကြတယ်။ တနေဝင်လို့ ညဘက်ရောက်တော့ သူတို့လေးတွေ အလျိူလျိုပြန်ကုန်ကြပြီ၊ ဒေသခံတွေကတော့ ညဘက်မှာ ရပ်ရွာကို ပိတ်ဆို့ပြီး မိမိတို့မိသားစုတွေ သားချင်းတွေ မိတ်ဆွေတွေအချင်းချင်း ချိတ်ဆက်ပြီး မြို့ရွာကို စစ်အကြမ်းဖက်တွေ လာမစော်ကားနိုင်အောင် ဆက်လက် စောင့်ရှောက်ခုခံနေကြတာပဲ ဖြစ်ပါတယ်။

အဲသည်ကြားထဲက စစ်တလင်းတွေကို ဖြတ်ကျော်ပြီး အရပ်သားတွေက စျေးဝယ်ကြ စျေးရောင်းကြပါတယ်။ ငွေကြေးထောက်ပံ့စရာရှိတဲ့ လူတွေ အဖွဲ့တွေကိုလည်း ပေးကြ ပို့ကြ ထောက်ပံ့ကြတယ်။ ငွေထုတ်ပေးတဲ့ ဘဏ်တွေမှာ ATM တွေမှာ လူတွေက သတ်မှတ်ထားတဲ့ငွေသားတွေကို ထုတ်ကြရတယ်။ အဲသည်လို ထုတ်တဲ့ကြားက KBZ ဘဏ်ခွဲ (ကမာရွတ်)မှာ လူထုနဲ့ ဘဏ်ဝန်ထမ်းတွေ ကတောက်ကဆဖြစ်ရာက ဘဏ်က စစ်တပ်ခေါ်ပြီး ဖြိုခွင်းခိုင်းတယ်။ စစ်တပ်က ဘဏ်ငွေထုတ်သူ ၅ ဦးကို ဖမ်းသွားတယ်။ ခုထိ ဘယ်ရောက်နေမှန်းမသိဘူး။ အဲသည်ထဲက အမျိုးသမီး ၂ ဦးက ကာတွန်းဆရာ ဇာနည်ဇော်ဝင်း၏ အမျိုးသမီးနဲ့ ညီမတော်သူလည်း ပါတယ်။ လူထုနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မိတ်ဆွေဖြစ်ရမယ့်အစား လုပ်ငန်းအချို့က စစ်ကောင်စီ၏ ဖက်ဆစ်စစ်သားတွေကို အကာအကွယ်ယူတာ လူထုကို ဖိနှိပ်ခိုင်းတာဟာ အလွန်ယုတ်မာပက်စက်တဲ့ အပြုအမူတွေ ဖြစ်တယ်။

လှိုင်သာယာ၊ အင်းစိန်၊ သမိုင်း စတဲ့မြို့နယ်တွေမှာ စစ်တပ်က ကားတွေနဲ့ ကင်းလှည့်တယ်။ လမ်းပိတ်ဆို့ထားတာတွေကို ဖယ်ရှားတယ်။ လူထုကို လမ်းကြား အိမ်ကြားတွေအထိ သေနတ်တွေ ဗုံးတွေနဲ့ ပစ်ခတ်တယ်။ လှိုင်သာယာမှာ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၀ ကျော်ပြီလို့ (corrected version) သတင်းများက သိရတယ်။ ကမာရွတ်သံလမ်းမှာ လူ၁၂ ဦး ဒဏ်ရာရပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရတယ်လို့ မြို့ပျက်ကြီးတွေကြားထဲမှာ အွန်လိုင်းကုန်ပစ္စည်းအမှာလိုက်ပို့နေတဲ့ ကားဆရာက ကိုယ်တွေ့သတင်းကို မျှဝေတယ်။ သမိုင်းလမ်းဆုံ ဘုရင့်နောက်ကုန်းကျော်တံတားမှာတော့ စစ်တပ်က အတားအဆီးတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် မီးခိုးလုံးတွေ တက်လာတာကို ဒေသခံတွေက သူတို့ဆိုရှယ်မီဒီယာကနေ တင်တယ်။ သတင်းဌာနတွေက အွန်လိုင်းသတင်း ပြန်ရေးကြတယ်။ ကိုယ်တိုင်သတင်းယူနေတဲ့အဆင့်ကနေ သတင်းဌာနတွေဟာ crowd-sourcing လူထုအားဖြင့် သတင်းလိုက်ခြင်းကိုပါ လုပ်နေရတယ်။ ချင်းပြည်နယ်က သတင်း၊ မုံရွာ သတင်း၊ မန္တလေးသတင်းတွေ စတဲ့ နယ်အနှံ့က သတင်းတွေဟာ သူတို့ဒေသခံတွေရဲ့ facebook page တွေကနေ လိုက်ပြီး ကောက်သင်းကောက် တင်ဆက်နေရတာ ဖြစ်ပါတယ်။

အင်တာနက်ကို ဖြတ်တောက်တော့မယ်ဆိုတဲ့သတင်းက ဆိုရှယ်မီဒီယာစားသုံးသူတွေကို တုန်လှုပ်သွားစေတယ်။ သပိတ်တိုက်ပွဲထဲက လူတွေကတော့ ဂရုစိုက်တဲ့ပုံ မရှိပါ။ တိုက်ပွဲထဲ မုန်တိုင်းအလယ်ကောင်မှာ ရင်ဆိုင်ခုခံနေသူတွေကတော့ ပွဲထိုင်ကြည့်နေတဲ့ပရိသတ်ကြီးကို သတင်းပို့နေရတာထက် အကြမ်းဖက်စစ်သားတွေကို တွန်းလှန်နေဖို့ နောက်မဆုတ်ဖို့က ပိုအရေးကြိးပုံရပါတယ်။ ဗီပီအင်တွေ အက်ပ်တွေ ဆင်းကဒ်မျိုးစုံတွေ ဘလူးတုမတ်ဆင်ဂျာတွေ စတဲ့ ဆက်သွယ်ရေးကိရိယာတွေအပြင် ကြိုးဖုန်း ဂျီအက်စ်အမ်ဖုန်း၊ စီဒီအမ်အေဖုန်း၊ အက်စ်အမ်အက်စ်တွေလည်း သမရိုးကျနည်းသုံးပြီး ဆက်သွယ်နေကြတာပဲ မဟုတ်လား။ လမ်းပေါ်သပိတ်တိုက်ပွဲတွေနဲ့ မြို့တွင်း ခုခံစစ်တွေမှာ ခြေလှမ်း တခုချင်း စက္ကန့် တခုချင်း ရက်တရက်ချင်းစီ ရပ်တည် တောင့်ခံနေဖို့က သူတို့အတွက် ပိုအရေးကြီးပါတယ်။

သတင်းမီဒီယာဖေ့စ်ဘွတ်ပိတ်ချ်တွေက သတင်းတင်ဆက်မှု ကျဆင်းသွားတော့ အဲဒါကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာ အတုတွေ အများကြီး ပေါ်ထွန်းလာတယ်။ သူများတွေ တင်တဲ့ သတင်းတွေ အကြောင်းအရာတွေကို ပြန်ကူးတင်ပြီး သူတို့စာမျက်နှာကို သိန်းချီ လိုက်ခ်ရအောင် ဖော်လိုယာများအောင် လုပ်လာကြတယ်။ ပရိသတ်ကြီးတွေကလည်း သူများ ရှယ်တာနောက်လိုက်တဲ့ ခေတ်ဆိုတော့ အဲသည်လိုပိတ်ချ်အတုတွေကို နောက်က လိုက်ခ်ကြ ရှယ်ကြတာပဲ။ တချို့ပိတ်ချ်တွေက စစ်ကောင်စီဘက်တော်သားတွေ၏ သာမန်ပိတ်ချ်တွေဖြစ်ပြီး သူတို့က Gen Z page Today Z page စတာတွေအဖြစ် အမည်ပြောင်းပြီး အသွင်ယူလိုက်ကြတော့တာပဲ။ တချို့ပိတ်ချ်တွေကတော့ ဆယ်လီတွေ ပေါ့တွေ စျေးရောင်းတဲ့ပိတ်ချ်တွေကနေ သတင်းတွေ သူများရှယ်တာတွေ လူကြည့်များတာတွေ လျောက်တင် ရောတင်ပြီး ပိတ်ချ်ကို ပရိုမုတ်လုပ်ကြတယ်။ တောမီးလောင်နေတုန်း တောကြောင်တွေက ဖေ့စ်ဘွတ်ပေါ် လက်ခမောင်းခတ်ကြတဲ့ အချိန် ဖြစ်နေတယ်။

မတ်လ ၁၇ မှာ CRPH က အရေးကြီးတဲ့ ကြေညာချက်တခု ထုတ်ပါတယ်။ စစ်အာဏာရှင်တွေလက်ထက် မတရားသင်းကြေညာခံထားရတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးကို မတရားအသင်းမှ ပယ်ဖျက်ကြောင်း ကြေညာပါတယ်။ အဲသည်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၁၇(၁) တတ်ပြီး အရေးယူတာလည်း တရားမဝင်ဘူးလို့ ဆိုလိုက်ပါတယ်။ ပြီးတော့ CDM လှုပ်ရှားမှု နဲ့ အကြမ်းဖက်မှုဆန့်ကျင်တိုက်ပွဲဝင်သူ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ယခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တဖွဲ့ချင်းစီအလိုက် မိမိတို့သဘောဆန္ဒဖြင့် ပြည်သူလူထုကို အကာအကွယ်ပေးခြင်း၊ စစ်ဘေးရှောင်စခန်းများ လက်ခံပေးခြင်းနှင့် စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ပွဲ ဆင်နွှဲခြင်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲသည်အချိန်မှာ မွန်ညီညွတ်ရေးပါတီကတော့ စစ်ကောင်စီ၏ ကော်မီတီထဲမှာ ပါဝင်ဖို့ သဘောတူကြောင်း ကြေညာပါတယ်။ စစ်ကောင်စီကလည်း လွန်ခဲ့တဲ့ မတ် ၁၁ က AA ရခိုင်တပ်တော်ကို အကြမ်းဖက်အဖွဲကနေ ဖယ်ရှားကြောင်း ကြေညာဖူးပါတယ်။

CRPH ၏ ကြေညာချက်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ရည်စူးတာ ဖြစ်ပါတယ်။ အားလုံးကလည်း ကြိုဆိုကြပါတယ်။ သည်အချိန်မှာ လက်ရှိတော်လှန်ရေးအဖွဲ့များသာမက စစ်ကောင်စီနဲ့ စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသားအင်အားတွေ အဖွဲ့တဖွဲ့ချင်းမှသည် တသီးပုဂ္ဂလ တဦးချင်းစီအထိ အကုန်လုံး ပြည်တွင်း ပြည်ပ နယ်စပ်ဒေသမကျန် တော်လှန်ရေးအင်အားတွေအဖြစ် စုစည်းနိုင်ဖို့ အသိအမှတ်ပြု ဖို့ အရေးကြိးနေပြီ ဖြစ်ပါတယ်။

မနေ့က မိုးမခဆောင်းပါးမှာ အဲသည်လိုမျိုး အာဘော်ကို တင်ဆက်ခဲ့ပါတယ်။ ပြန်လည် ကူးယူတင်ဆက်လိုက်ပါတယ်။

သည်တော့ အနှစ် ၇၀ လုံးလုံး ပြည်တွင်းစစ်ကြီးတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ တိုင်းရင်းသားတွေအားလုံး မြန်မာပြည်ဖွားတွေ အားလုံး မြန်မာ တရုတ် ကုလားတွေလူမျိုးတွေ အပါအဝင်ဟာ မြန်မာနိုင်ငံသားအဖြစ်က ဘယ်တုန်းကမျှ ဆုံးရှုံးခြင်း မရှိကြောင်း။ ဖယ်ဒရယ်ပြည်ထောင်စုအသစ်ထူထောင်ရာမှာ မြန်မာနိုင်ငံသားအဖြစ် ဘယ်နေရာရောက်ရောက် ဘယ်ဘ၀နေနေ အာမခံချက် အပြည့်အ၀ရှိကြောင်း။ အားလုံး၏ အင်အားကို ပြည်သစ်တည်ရာမှာ အလိုရှိကြောင်း ကြိုဆိုကြောင်း ထုတ်ပြန်သင့်ပါတယ်။

ထို့အတူ ပြည်တွင်း ပြည်ပရှိ တိုင်းရင်းသားလူမျိုးစုတွေအားလုံး၏ တိုင်းရင်းသားအခွင့်အရေးများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များနဲ့ မိမိတို့ ဌာနေရပ်ရွာဒေသဆိုင်ရာ အဖွဲ့အစည်းများ အစုအဖွဲ့များနဲ့ အတူ ရပ်တည် အားပေး ဆောင်ရွက် ဆုံးဖြတ်ခြင်းများအားလုံးကိုလည်း လွတ်လပ်စွာ လုပ်ကိုင်ကြစေလိုကြောင်း၊ မိမိတို့ တိုင်းရင်းသားအမွေအနှစ်အားလုံးကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရပ်တည်ခွင့် အာမခံချက် အပြည့်အ၀ရှိကြောင်း။ တိုင်းရင်းသားအားလုံး၏ အင်အားဖြင့် ပြည်သစ်တည်ကြရမှာ ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားသင့်ပါတယ်။

ထို့အတွက်ကြောင့် အစစ အရာရာ ပြည်ထောင်စုကြီးကို ပြိုကွဲပျက်စီးအောင် ဆောင်ရွက်ကျုးလွန်နေတဲ့ စစ်အာဏာရှင်နဲ့ အကြမ်းဖက်စစ်တပ်ကို မောင်းထုတ် ချေမှုန်းဖို့အတွက် လူထုထောက်ခံမှုအပြည့်ရှိတဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအဖွဲ့တွေ အားလုံး ပြည်သူလူထုတွေ အင်အားပေါင်းစုံနဲ့ ပူးပေါင်းလက်တွဲကြပြီး ပြည်ထောင်စုအသစ်ကို တနယ်မြေချင်းကို တိုက်ယူပြီး ပြန်လည်ထူထောင်ရမည်ဆိုပါက ထူထောင်သွားကြမည် ဖြစ်ကြောင်းကိုလည်း လူထုကို ဂတိပေးပြောကြားသင့်ပါတယ်။

(ဓာတ်ပုံ ခေတ်သစ်မီဒီယာ၊ သမိုင်း ဘုရင့်နောင်ကုန်းကျော်တံတား မြင်ကွင်း)

#MoeMaKaMedia 
#WhatsHappeningInMyanmar