မောင်သံပုံး - လူလိုမစဉ်းစားနဲ့
မောင်သံပုံး - လူလိုမစဉ်းစားနဲ့
(မိုးမခ) မတ် ၁၈၊ ၂၀၂၁မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အတွေ့ရများတဲ့ အမှား တစ်ခုရှိပါတယ်။ ရုတ်ချည်းကြည့်ရင် အမှားသေးသေးလေးပါ။ ဒါပေမယ့် အဲဒီအမှားသေးသေးလေးကြောင့် ပြည်သူ့အရေးတော်ပုံတွေကို အဆုံးသတ်အောင်ပွဲနဲ့ လွဲသွားစေနိုင်တာကို သတိပြုသင့်ပါတယ်။ အဲဒီအမှားသေးသေးလေးကို ကျူးလွန်မိသူတွေဟာလည်း စိတ်ကောင်းစေတနာကောင်းရှိတဲ့ ဝါရင့်နိုင်ငံရေးသမားတွေ ဖြစ်နေတတ်တယ်။
ဘာအမှားလဲ ဆိုတော့ ရန်သူ့ခြေလှမ်းနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါ “လူလို စဉ်းစားကြတဲ့ အမှား” ပါပဲ။
တစ်ဖက်က ရန်သူ အာဏာရှင်ဟာ လူထုနဲ့ လူထုတိုက်ပွဲတွေကို ချေမှုန်းရာမှာ လူသားဆန်တဲ့ အသိ၊ ခံယူချက်၊ တွေးခေါ်မြော်မြင်မှု၊ ခံစားချက်မျိုးနဲ့ ချဉ်းကပ်တာ မဟုတ်ပါဘူး။ သူတို့လိုချင်တာရဖို့ တရားသည်၊ မတရားသည်၊ မှန်သည်၊ မှားသည်၊ အပြစ်လွတ်သည်၊ အပြစ်ဖြစ်သည် စတာတွေ ကြည့်နေတာမျိုး မရှိပါဘူး။ တနည်းအားဖြင့် သူတွေတွေက လူလိုမစဉ်းစားပါဘူး။ လူလို အလုပ်ဆောင်ပါဘူး။
စစ်အာဏာရှင်တွေကို ချဉ်းကပ်တဲ့အခါ တော်လှန်ရေးအင်အားစုတွေ ဘက်ကတော့ လူသားဆန်စွာ ချဉ်းကပ်လေ့လာလေ့ ရှိကြပါတယ်။ ကြောင်းကျိုးဆက်စပ်တွေးခေါ်ပါတယ်။ အမှားအမှန် ခွဲခြမ်းစိတ်ဖြာပါတယ်။ အကောင်းအဆိုး ခွဲခြမ်းစိတ်ဖြာပါတယ်။ အဲဒီအပေါ်ကနေ ဘာတော့ လုပ်သင့်တယ်၊ ဘာတော့ မလုပ်သင့်ဘူး ဆုံးဖြတ်ပါတယ်။ တော်လှန်ရေးသမားတွေ မျက်မှောက်ပြုတာက ပြည်သူလူထုရဲ့ အကျိုးစီးပွားပါ။ တနည်းအားဖြင့် တော်လှန်ရေးသမားတွေဟာ လူစစ်စစ်တွေရဲ့ စဉ်းစားပုံ၊ တွေးခေါ်မြော်မြင်ပုံ၊ ကျင့်သုံးပုံတွေနဲ့ ပြဿနာကို ချဉ်းကပ်တာ ဖြစ်ပါတယ်။
ပြဿနာက အဲဒီက စပါတယ်။ လူလိုတွေးခေါ်၊ လူလိုစဉ်းစား၊ လူလိုကျင့်ကြံနေတဲ့ သူတွေက "ရန်သူဟာလည်း သူတို့လို တွေးခေါ်၊ စဉ်းစား၊ ကျင့်ကြံလိမ့်မယ်" လို့ သတိလက်လွတ် ခံယူထားမိတတ်ကြတာပါပဲ။ ရန်သူရဲ့ "ဗီဇ" နဲ့ "စရိုက်" ကို မေ့လျော့ထားခဲ့မိကြတာပါပဲ။ အဲဒီအခြေခံကနေ ချဉ်းကပ်တာကြောင့် မရည်ရွယ်ဘဲ "ရန်သူကို လျော့တွက်မိသလို" ဖြစ်သွားတတ်ပါတယ်။ နောက်ဆက်တွဲ ရလဒ်အဖြစ် "ရန်သူရဲ့ အလစ်အငိုက် ချေမှုန်းခြင်း" ကို ခံလိုက်ရတတ်ပါတယ်။
ဥပမာ ကြည့်ကြပါစို့။ စစ်တပ်က အာဏာသိမ်းမှု ဖြစ်နိုင်ချေရှိကြောင်း သုံးသပ်ချက်တွေဟာ ရွေးကောက်ပွဲ မတိုင်မီကတည်းက ရှိနေခဲ့တာပါ။ မင်းအောင်လှိုင်နဲ့ ၃၄ ပါတီ တွေ့ဆုံပွဲက ထွက်လာတဲ့ "မလုပ်ရဲတာ ဘာမျှမရှိ" ဆိုတဲ့စကားဟာ ထင်ရှားတဲ့ သဲလွန်စပါ။ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲ ပြီးချိန်မှာလည်း ရွေးကောက်ပွဲ ကော်မရှင်ကို ပစ်မှတ် ထားနေခဲ့တာ တွေ့ရမှာပါ။
ဒါပေမယ့် အများစုက လူလိုတွေးတဲ့အတွက် အာဏာသိမ်းမှုကို ရှေ့ရှုတဲ့ သဲလွန်စတွေကို ပေါ့ပေါ့တန်တန် ထားခဲ့ကြပါတယ်။
တကယ်လည်း လူလိုတွေးရင် ဒီအချိန်ဟာ အာဏာသိမ်းဖို့ မသင့်လျော်ဆုံး အချိန်ပါပဲ။ (၁) Covid-19 ကပ်ရောဂါကာလကြီး ဖြစ်နေပါတယ်။ (၂) ပြည်သူလူထု ၈၀ ရာနှုန်းကျော်က အန်အယ်လ်ဒီကို ထောက်ခံနေပါတယ်။ (၃) ရွေးကောက်ပွဲက ပြီးခါစပါ။ အနိုင်ရပါတီ ရှိနေပါတယ်။ (၄) တရား၀င် ဖွဲ့စည်းပုံ၊ အစိုးရ၊ လွှတ်တော်တွေ ရှိနေပါတယ်။ (၅) အခြားအကြောင်းပြချက်လည်း ဘာမျှ မရှိပါဘူး။(၆) နိုင်ငံတကာအခြေအနေတွေက စစ်အာဏာသိမ်းမှုကို လွယ်လွယ်လက်ခံဖို့ မလွယ်ကူပါဘူး။ ထိုင်းကို အားကျလို့ မရပါဘူး။ (၇) နောက်ဆုံး ၂၀၀၈ အခြေခံဥပဒေကိုယ်တိုင်က တပ်အတွက် အာဏာထိန်းသိမ်းထားပေးပြီးသားမို့ အာဏာသိမ်းဖို့ မလိုအပ်ပါဘူး။ (၈) ဒီအချိန်မှာ အာဏာရလည်း ပြဿနာပေါင်းစုံကို ခေါင်းခံဖြေရှင်းရဖို့သာ ရှိနေတာပါ။ (၉) ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အသာလေးနေပြီး စီးပွားရေးလုပ်နေတာက တပ်အတွက် ပိုပြီးတွက်ခြေကိုက်ပါတယ်။ (၁၀) ပြည်သူလူထုရဲ့ အတွေးအမြင်၊ ခံယူချက်၊ ဥစ္စာဓနနဲ့ နည်းပညာ အင်အားက အရင်နဲ့ မတူတော့ပါဘူး။
ဒီလိုအချိန်မှာ နိုင်ငံရေးအသိအမြင် လုံး၀မရှိတဲ့ သာမန်လူတစ်ယောက်ဖြစ်နေစေဦးတော့၊ ပုံမှန်ဦးနှောက်ရှိတယ်၊ လူလိုလည်း စဉ်းစားတယ် ဆိုရင် အာဏာသိမ်းစရာ အကြောင်း မရှိပါဘူး။
ဒါကြောင့် အာဏာသိမ်းမှာ မဟုတ်ဘူးလို့ကို တစ်ထစ်ချတွေးဆခဲ့သူတွေက အများစုပါ။ နောက်ဆုံး တပ်က "အာဏာမသိမ်းဘူးလို့ အာမမခံဘူး၊ ဥပဒေအတိုင်း လုပ်မယ်" ဆိုတဲ့အချိန်အထိ၊ နောက်ပြီး ရန်ကုန်မြို့ထဲ တင့်ကားတွေ ပတ်မောင်းပြခဲ့တဲ့ အချိန်အထိ "ဥပဒေအတိုင်းသာဆို အာဏာသိမ်းမှာ မဟုတ်ဘူး" လို့ သုံးသပ်ခဲ့ကြပါတယ်။ တကယ်လည်း ဥပဒေအရဆို အခုလို အခြေအနေ ဖြစ်လာစရာ မရှိဘူး မဟုတ်လား။
ဒါပေမယ့် အာဏာရူးတဲ့သူတွေဟာ လူတွေ တွေးသလို မတွေးထားပါဘူး။ ဒါကြောင့် မဆင်မခြင် အာဏာသိမ်းလိုက်ပြီး ဒီနေ့အခြေအနေမျိုး ဆိုက်ရောက်လာတာပါ။ အခုဆိုရင် လူတစ်ယောက်အနေနဲ့ ဘယ်လိုမှ မလုပ်ရက်နိုင်တဲ့ ရက်စက်မှုမျိုးနဲ့ လူထုကို နှိပ်ကွပ်နေပါပြီ။ လူတစ်ယောက် နှုတ်က လုံး၀ မထွက်လာနိုင်တဲ့ မုသာဝါဒမျိုးနဲ့ လိမ်လည်လှည့်ဖျားနေကြပါပြီ။ လူတစ်ယောက်စိတ်ထဲ ဘယ်လိုမှ မတွေးနိုင်တဲ့ အလုံးစုံပျက်စီးရေးကို ဦးတည်နေကြပါပြီ။
သင်ခန်းစာ ထုတ်ယူစရာကတော့ အာဏာရူးတွေရဲ့ နှုတ်ထွက်စကားထက် သူတို့ရဲ့ ဗီဇ နဲ့ စရိုက်ကို မြင်အောင်ကြည့်ပါ ဆိုတဲ့ အချက်ပါပဲ။ အာဏာကို အငမ်းမရ လိုချင်တာက သူတို့ရဲ့ ဗီဇ ဖြစ်ပါတယ်။ အာဏာရဖို့ ဘာမဆိုလုပ်မယ် ဆိုတာက သူတို့ရဲ့ စရိုက် ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာရူးတွေနဲ့ ပတ်သက်ရင် လူလိုစဉ်းစားပြီး အဖြေထုတ်လို့ မရဘူးဆိုတာပါပဲ။
ဒါကြောင့် ဒီမိုကရေစီသူရဲကောင်းတွေ အနေနဲ့ ရန်သူ့အခြေအနေနဲ့ ခြေလှမ်းကို တွက်ချက်ရာမှာ လူလိုစဉ်းစားပြီး "သူတို့တွေ ဒီလိုတော့ဖြင့် မလုပ်တန်ကောင်းဘူး၊ မယုတ်မာတန်ကောင်းဘူး" လို့ လျော့မတွက်စေချင်ပါဘူး။
တချိန်တည်းမှာ သူတို့တွေ၊ ဒါမှမဟုတ် သူတို့ထဲက တချို့တွေက လူကြီးလူကောင်း တွေလို မှန်တဲ့ဘက် ပြောင်းလာလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်မျိုးကို ကြီးကြီးမားမား မထားသင့်ပါဘူး။ ဒီမျှော်လင့်ချက်ဟာ လူစစ်စစ်တွေက လူလိုတွေးပြီး ထွက်ပေါ်လာတဲ့ မျှော်လင့်ချက်တွေ ဖြစ်ကါတယ်။ အာဏာရူး၊ အာဏာရှင်တွေဟာ ဒီလို ဘယ်တော့မှ မစဉ်းစားပါဘူး။
တကယ်သာ အာဏာရူးတွေက၊ ဒါမှမဟုတ် သူတို့ထဲက တချို့က အမှန်တရားဘက် ရပ်တည်မယ်၊ ပြည်သူ့မျက်နှာ ထောက်ထားမယ်၊ နိုင်ငံအတွက် အလုပ်အကျွေးပြုချင်တယ်ဆိုရင် ဒီနေ့မြန်မာလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမျိုးကို သူတို့ ဝိုင်း၀န်းဖန်တီးခဲ့ကြမှာ မဟုတ်ပါဘူး။
ဒါကြောင့် ပြောတာပါ။ စစ်အာဏာရှင်တွေရဲ့ ခြေလှမ်းနဲ့ ပတ်သက်ပြီး စဉ်းစားကြတဲ့အခါ “ဘယ်တော့မှ လူလို မစဉ်းစားပါနဲ့"။
(Art - Than Htay Maung)
#MoeMaKaMedia
#WhatsHappeningInMyanmar