Breaking News

ခင်လေး(Aotearoa) - Trans-Tasman bubble ဖွင့်မယ်လို့ ကြေညာတဲ့နေ့


Photo- CNN
Trans-Tasman bubble ဖွင့်မယ်လို့ ကြေညာတဲ့နေ့
ခင်လေး(Aotearoa)
(မိုးမခ) ဧပြီ ၇၊ ၂၀၂၁

နယူးဇီလန်နဲ့ သြစတြေးလျားနိုင်ငံအကြား လွတ်လပ်စွာခရီးသွားလာနိုင်ခွင့်ကို လာမယ့်ဧပြီလ ၁၈ ရက်နေ့ (၂၀ ၂-၁ ခုနှစ်အတွက် ပထမဆုံး ၂ ပတ်ကြာကျောင်းပိတ်ရက်စတဲ့နေ့)မှာခွင့်ပြုပေးတော့မယ်လို့ နယူးဇီလန်ဝန်ကြီး ချုပ်က ဒီနေ့ ကြေညာသွားပါတယ်။ နှစ်နိုင်ငံစီးပွားရေး လူမှုရေးအတွက် သတင်းကောင်းမို့ လူတွေပျော်နေကြတယ်။ နှစ်နိုင်ငံလုံးက ပွင့်ပွင့်လင်းလင်းမလိမ်မညာပဲ ကိုးဗစ်သတင်းတွေကို အပြန်အလှန်ဖလှယ်ပြီး အောင် မြင်အောင်ကြိုးစားကြဖို့ တစ်နိုင်ငံရဲ့အားသာချက်တွေကို တစ်နိုင်ငံကအတုယူပြီး အကောင်းဆုံးဖြစ်အောင်လုပ်သွားကြဖို့ စီစဥ်ထားတယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်က ပြောသွားပါတယ်။ 

ဒီလိုပြောတော့ ဟိုတလောက အိန္ဒိယက နယူးဇီလန်ကိုရောက်လာတဲ့သူတွေ ရောက်ရောက်ချင်းစစ်လိုက်တာ ပိုးတွေ့လို့  သူတို့ပြတဲ့စာရွက်စာတမ်းတွေဟာမှန်ရဲ့လား၊ သူတို့အတွက် လေယာဥ်ပေါ်တက်ခွင့်ပေးဖို့ လိုအပ် ချက်တွေ ပြောင်းသင့်သလားစတဲ့ မေးခွန်းတွေ ထွက်လာတာကြားလိုက်ရပါတယ်။ မလိမ်မညာပဲအမှန်ကိုပြောခြင်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒီဖြစ်ရပ်တွေက ကွက်ကွက်ကွင်းကွင်းပြနေပါတယ်။ 

မှန်တာပြော မှန်တာလုပ် မတော်လို့အမှားလုပ်မိရင် ပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှိုင်း တောင်းပန်သင့် တောင်း ပန် ရှေ့ဆက်သွား ဒီလိုလုပ်ကြတဲ့ ပတ်ဝန်းကျင်မှာကျင်လည်လာတာ နှစ် ၂၀ နီးပါးကြာလာတော့ လိမ်ညာဟန် ဆောင်မှုတွေဟာ ဘယ်လောက်အဆိပ်ပြင်းတယ်ဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုနားလည်လာပါတယ်။ အာရှကလူတွေယူလာတဲ့ဘွဲ့လက်မှတ်တွေကို အယုံအကြည်နည်းရခြင်းအကြောင်းရင်းတွေကိုလည်း သဘောပေါက်လာပါတယ်။ သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ဒီနေ့စီအင်န်အင်န်ကအင်တာဗျူးကိုကြည့်လိုက်ရတော့ ပါးပါးလေးတောင်မဟုတ်ဘူး နိုင်ငံတကာမျက်စေ့အောက် နားအောက်မှာ အတုံးလိုက်အတစ်လိုက် ပြောင်လိမ်နေတာ တွေ့လိုက်ရတယ်။ အသေးစိတ်ကိုတော့ ရှက်စရာကောင်းလွန်းလို့ ကိုယ်ဘာသာမပြန်ချင်တော့ပါဘူး။ စိတ်ဝင်စားရင် ဒီ link ကလေးကို နှိပ်ကြည့်လိုက်ပါ။ 

ခရီးသွားဖို့လမ်းပွင့်လာပြီဆိုတော့ ကိုယ်ပျော်ချင်ပါတယ်၊ ဒါပေမဲ့ မပျော်နိုင်ပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြား ယုံကြည်မှုကိုအဓိကထားပြီးအလုပ်လုပ်နေကြတဲ့ပတ်ဝန်းကျင်မှာ ရှက်စရာကောင်းအောင် အရာရာကို ပြောင်ကျကျလိမ်နေတဲ့သူတွေလုယူထားတဲ့နေရာကိုမှ ကိုယ်က သွားချင်နေတာကိုး။ ကိုယ်ချစ်တဲ့သူတွေအများကြီး ရှိတဲ့နေရာ၊ ကိုယ်ချစ်တဲ့မြန်မာစကားကို နင်တလုံး ငါတလုံးနဲ့ ပြောလို့ရတဲ့နေရာ၊ ပဲကတ္တီပါပြုတ်နဲ့ နယ်ထားတဲ့ထမင်းကို ပုန်းရည်ကြီးထည့်၊ ငရုတ်သီးမှုန့် နိုင်နိုင်ဖြူးပြီးစားလို့ရတဲ့နေရာ ဒီနေရာတဲ့တူတဲ့နေရာ ဘယ်မှာမှမရှိ။ သွားချင်လွန်းတို့ အနှစ်နှစ် အလလစုဆောင်းပြီးသွားဖို့ လက်မှတ်လေးဝယ်ထားတာ ကိုးဗစ်ကြောင့် မသွားရ၊ ပြန်အမ်းတာကိုမယူပဲ ဖွင့်ဖွင့်ချင်း ပြန်သွားမယ်လို့ ရည်ရွယ်ထားတာ ခုတော့ ........ ပျော်ပျော်ရွှင်ရွှင်လျှောက်လည်ကြဖို့ စိတ်ကူးယဥ်ရမယ့်အစား ဘေးကင်းကြဖို့ကိုပဲ တစ်နေ့တစ်နေ့ ဆုတောင်းနေရတယ်။ သတင်းတွေဖတ်လိုက် ဒေါသထွက်လိုက် စိတ်တိုလိုက် မျက်ရည်ကျလိုက် ပြောလို့ရတဲ့သူငယ်ချင်းတွေနဲ့ ပွစိထလိုက် ရက် ၆၀ နားတောင်ကပ်လာပြီ။ အစစအရာရာအောင်မြင်ပြီး အေးချမ်းသာယာတဲ့တစ်နေ့ကိုရောက်တဲ့အထိ ယုံကြည်ချက်တူတဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်သွားမယ်လို့ သန္နိဋ္ဌာန်ချထားတယ်။ 

လက်မှတ်မထိုးခင်ဆုတောင်းစာကို ပြောင်းဖို့ စဥ်းစားတာ ကိုယ်သီလရှင်ဝတ်တုန်းက ချမ်းမြေ့ဘုရားရှိခိုးစာအုပ်မှာ ပါတဲ့ မေတ္တာသုတ်ဘာသာပြန်လေး သတိရလာတယ်။ 

သဗ္ဗေသတ္တာ သတ္တဝါမှန်သမျှ 
အဝေရာဟောန္တု ဘေးရန်ကင်းကြပါစေ
အဗျာပစ္စာဟောန္တု စိတ်ဆင်းရဲကင်းကြပါစေ
အနီကာ ဟောန္တု ကိုယ်ဆင်းရဲကင်းကြပါစေ
သုခီအတ္ထာနံ ပရိဟရန္တု မိမိကိုယ်ကို ချမ်းသာစွာဆောင်နိုင်ကြပါစေ
ဒုက္ခာမုန္ဆန္တု ဆင်းရဲခြင်းမှ လွတ်ကင်းကြပါစေ

အတ္တာလဒ္ဒါသမ္ပတိတော မာဝိဂစ္စန္တု ရပြီးသားစည်းစိမ်ချမ်းသာတို့မှာ မကင်းကွာ မယုတ်လျော့ကြပါစေနှင့် ကမ္မသကာ မိမိ၏မကောင်းမှု ကောင်းမှုသည်သာလျင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား တဲ့။

ဆရာကြီးဦးသုခကတော့ သုခီအတ္ထာနံ ပရိဟရန္တုတဲ့ (very optimistic) အမှန်ဆုံးကတော့   “ ကမ္မသကာ မိမိ၏မကောင်းမှု ကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား” လို့ ကိုယ်ထင်တယ်။ ဘယ်သူဘာပြောပြော ဘာလုပ်လုပ် ဒီအကျိုးဆက်ကို ခေါင်းထဲထည့်ထားရင် အမှားလုပ်ဖို့ အခွင့်အလမ်းနည်းလာစေနိုင်ဖို့ ရည်ရွယ်ပါတယ်။ 

ကမ္မသကာ မိမိ၏မကောင်းမှု ကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား
ခင်လေး(Aotearoa)
20:55p.m. 06.04.2021Monday