Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၆၊ ၂၀၂၁

(တလကို ရက် ၃၀နဲ့ သတ်မှတ်ပြီး ရက်စွဲမှတ်တမ်းလုပ်နေရာက အခုတော့ ပြက္ခဒိန်လနဲ့ပဲ ဆက်ပြီးတင်ဆက်ပါမည်)

မဝေးသော နိုင်ငံရဲ့ အနာဂတ် ကိုလှမ်းမျှော်ကြည့်လိုက်တဲ့အခါ မြူတွေဝေနေတဲ့ နံနက်ခင်းလို ကိုယ့်အရှေ့ ၂ ကိုက် ၃ ကိုက်လောက်ကိုကျော်ပြီး မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ တင်စားရင် မလွန်ဘူးထင်ပါတယ်။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာတောင် အပ်ကျမတ်ကျ ပြောလို့မရတဲ့ အခြေအနေပါ၊ တဦးချင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသလို လူမှု အသိုက်အဝိုင်းတခုလုံးခြုံကြည့်ရင်လည်း လုံခြုံမှုမရှိတာတွေ့မြင်နေရတာပါ။

လုံခြုံရေးတပ်ဖွဲ့လို့ အမည်ပေးထားတဲ့ တပ်တွေက လူတွေကို မထင်ရင်မထင်သလို ပစ်ခတ်ခွင့် ပစ်သတ်ခွင့် ရှိနေ၊ သေနတ်ဒင်နဲ့ ထုခွင့်ရှိ ၊ ခေါင်းကို သေနတ်ဒင်နဲ့ ရိုက်ခွင့်ရှိ စစ်ဖိနပ်နဲ့ မျက်နှာရော ခေါင်းပါ ကန်ခွင့်ရှိ ၊ အိမ်တံခါးတွေရိုက် ဖျက်ပြီးဝင်ခွင့်ရှိတဲ့သူတွေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်နေတာ ခုစစ်အာဏာသိမ်းပြီးနောက် မြန်မာပြည် အခြေအနေဖြစ်ပါတယ်။

အာဏာရှင်အစိုးရတွေက အစဉ်အမြဲ စကားလုံးအားဖြင့် အသာစီးယူကြသလို အာဏာ တိုင်းပြည်ဘဏ္ဏာ လူထုရဲ့လုပ်အားတွေအားလုံးကို သုံးပြီး လုံခြုံရေးတပ်ဖွဲ့ ဆိုသူတွေကို ခိုင်းစေ ခဲ့ကြတာ မြန်မာ့သမိုင်းမှာ အစဉ်အလာလိုဖြစ်နေခဲ့တာပါ။

ဘာကြောင့် ဒီအကြောင်းတွေ ပြန်ကြော့နေရသလဲဆို မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေဟာ အစိုးရဆိုတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ရက်စက်မှု သတ်ဖြတ်မှု ယုတ်မာမှုတွေကို တွန်းလှန်ဖို့ တားဆီးဖို့ ပြောင်းလဲဖို့ အတွက် ငြိမ်းချမ်းစွာဆန္ဒပြသူတွေထဲက ရာထောင်ချီသော လူငယ်တွေ လူလတ်ပိုင်းတွေက လက်နက်နဲ့ ပြန်တိုက်မှ ရတော့မယ်ဆိုတဲ့ အတွေးအခေါ်၊ အယူအဆ ဝင်ရောက်နေပြီး ဖြစ်တာကို ကြားသိနေရလို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချို့မြို့တွေမှာ အမဲလိုက် သေနတ်နဲ့ လက်ဖြစ်သေနတ်နဲ့ စစ်တပ်နဲ့ ရဲတွေကို ပြန်ခုခံ နေတိုက်ပွဲဝင်နေကြတာတွေ သတင်းတွေမှာ တွေ့ရ ကြားနေရပါပြီ။ သူတို့ရဲ့ စိတ်ပြင်းပြမှု မခံမရပ်နိုင်မှုကြောင့် တုံ့ပြန်မှုတွေကို နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ် ပေါင်းစပ် နိုင်ဖို့ လိုအပ်နေတာလည်း သတိထားမိပါတယ်။

အထက်က လက်နက်ကို ရရာလက်နက်နဲ့ ပြန်တုံ့ပြန်ခြင်းဟာ စစ်အာဏာသိမ်းမှု ၊စစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို အမြင့်ဆုံးပုံစံနဲ့ တုံ့ပြန်ခြင်း ဖြစ်ပြီး အဲလိုလှုပ်ရှားမှုတွေက မြို့တွေက ဆက်လက်သပိတ်မှောက်မှုတွေနဲ့ ဆက်စပ် ညှိနှိုင်းလုပ်ဆောင်ဖို့ လိုသလို၊ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင် ဧရိယာရောက်နေတဲ့ CRPH လို အဖွဲ့နဲ့လည်း ညှိနှိုင်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်၊ အလားတူပဲ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့လည်း ညှိနှိုင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်၊ ဒီမိုကရေစီကို လိုလားတဲ့ အင်အားစုတိုင်း၊ ဖက်ဒရယ်ဝါဒကို အကောင်အထည်ဖေါ်ဆောင်လိုတဲ့သူတိုင်း အခုလို လှုပ်ရှားမှုတွေရဲ့ ပေါင်းစည်းအင်အား synergy ၊ syncronize တပြိုင်နက် လှုပ်ရှားမှုတွေ ရှိဖို့ လိုအပ်မယ် ထင်ပါတယ်။ ဒီအပြင် အဲဒီလို ပေါင်းစည်းအင်အား၊ တပြိုင်နက်ထဲ လှုပ်ရှားနိုင်ဖို့ရာ ရှေ့အနာဂတ်အတွက် ယုံကြည်မှုတူညီတဲ့ အမြင်၊ ယူဆချက် ၊တူညီ သဘောထားတွေ ညှိဖို့ ရှိဖို့ လိုအပ်မယ် ထင်ပါတယ်။

ဒီအချက်တွေက လက်ရှိလှုပ်ရှားမှုမှာ အရေးပါတဲ့ အကြောင်းအချက်တွေ ဖြစ်လို့နေတာပါ။ CRPH က ဖက်ဒရယ် ဒီမိုကရေစီကြေညာစာတမ်း ထုတ်ပြန်တဲ့အပေါ် စစ်အစိုးရကို လက်နက်ကိုင် တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ဘယ်လို တုံ့ပြန်ကြသလဲ ၊ ဘယ်လို ဝိုင်းပြီးအားကောင်းအောင် လုပ်ကြမလဲ၊ သို့မဟုတ် ဒီကြေညာချက်က လိုအပ်ချက်တွေ ရှိနေသလား၊ ရှိနေရင် ဘယ်လို ဆွေးနွေးညှိနှိုင်းစကားပြောကြမလဲဆိုတာတွေက မြန်မာ့နိုင်ငံအနာဂတ် ကောင်းမွန်စေချင်သူတွေ အနေနဲ့ သိချင် ၊ ထောက်ခံချင် တွန်းအားပေးချင် စိတ်ရှိနေကြလို့လည်း ဖြစ်ပါတယ်။

သမိုင်းမှာ စစ်အာဏာရှင်တွေကို တွန်းလှန်ဖို့ရာမှာ အနုနည်းနဲ့ မရတော့ဘူးလို့ ယူဆပြီး မြို့ပြကသူတွေ တောတွေ တောင်တွေထဲ ခိုဝင်ခဲ့ကြတာ ခေတ်သစ်သမိုင်းမှာ ၂ကြိမ်ရှိခဲ့ပါပြီ၊ ၁၉၇၀ ခုနှစ် အစောပိုင်းတုန်းက တကြိမ်၊ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် တကြိမ်ပါ။ အဲဒီ ၂ ကြိမ်စလုံး စစ်အာဏာရှင် နေဝင်းအစိုးရနဲ့ စစ်အာဏာရှင် စောမောင် ၊ သန်းရွှေ အစိုးရတွေကို စစ်ရေးအရ အနိုင်မရခဲ့ကြပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ ပူးပေါင်းမှု အားပေးမှု ရှိသလောက် ရှိခဲ့သလို လိုအပ်တာတွေလည်းရှိခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်၊ စစ်အာဏာရှင် ဖြုတ်ချရေး မအောင်မြင်တာ ဒီအချက်တခုထည်းကြောင့်လို့ သတ္တု ချတာမဟုတ်ပါဘူး ၊ အခြားသော လိုအပ်ချက်တွေ အားနည်းချက်တွေ လည်း ရှိမှာ အသေအချာပါ။

အဲဒီသမိုင်းအဖြစ်အပျက်တွေတုန်းက ဘယ်အချက်က အားနည်းခဲ့တာလည်း၊ သမိုင်းနောက်ခံ အခြေအနေက ဘယ်လိုလဲ၊ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချက်လား၊ အဖွဲ့အစည်းဆိုင်ရာ မူဝါဒဆိုင်ရာ အားနည်းချက်လားဆိုတာတွေကို သင်ခန်းစာ ယူကြဖို့က အရေးကြီးတယ်လို့ထင်ပါတယ်။ ဒီအတိတ်ရဲ့ သမိုင်း အဖြစ်အပျက်တွေကို ဆန္ဒစွဲ နဲ့မဟုတ်ပဲ၊ ပုဂ္ဂိုလ်စွဲနဲ့ မဟုတ်ပဲ အချက်အလက်အရ အဖြစ်အပျက်တွေရဲ့ အရင်းခံ အကြောင်းတရားကို သေချာစွာ ဆန်းစစ်ပြီးနောက် ကောက်ချက်တွေ သုံးသပ်ချက်တွေ သင်ခန်းစာတွေ ယူဖို့က အရေးကြီးလှပါတယ်။

လက်နက်ကိုင်တော်လှန်ရေးကို သင်ခန်းစာထုတ်ကြမယ်ဆိုရင် - ခုချိန်ထိ သံမဏိသက်ရှည်တဲ့ လက်နက်ကိုင်အင်အားစု ၂ ခုကို ကြည့်နိုင်ပါတယ်။ KIA နဲ့ KNU ပါ။ သူတို့က လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာကြတဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်ပါတယ်။ အဲသည်သူတို့တွေ သုံးသပ်သင်ခန်းစာတခုကတော့ ‘ဘုံရန်သူ” မပျောက်ရေး ဖြစ်ပါတယ်။ ဘုံရန်သူဟာ စစ်အာဏာရှင်ဖြစ်ပါတယ်။ ကရင်လက်နက်ကိုင်အင်အားတွေ ၂၀၁၀ နောက်ပိုင်း NCA နဲ့အတူ အဖွဲ့အမျိုးမျိုး ခွဲဖြာထွက်ကုန်ကြတာ ဘုံရန်သူပျောက်ပြီး ကားပါမစ်တွေ တွင်းထွက်ပါမစ်တွေ နယ်စပ်ကုန်သွယ်ရေးတွေနောက်ကို လိုက်ကုန်ကြလို့ ဆိုပြီး ကရင်ခေါင်းဆောင်တဦးက လွန်ခဲ့တဲ့အပတ်မှာ သုံးသပ်ပြပါတယ်။ KIA အဖွဲ့ကတော့ စတင်ထူထောင်တဲ့ဆီကနေ အခုထိ အဖွဲ့အမျိုးမျိုး ခွဲဖြာထွက်မှု နည်းပါးပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီနောက်ခံနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်တဲ့ (ဝ၊ ကိုးကန့်၊ ရှမ်း၊ အခြား ရှမ်းပြည်အခြေပြု) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စုဖွဲ့မှုတွေမှာ သူက သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့ပါတယ်။ ကရင်နဲ့ ကချင်လူမျိုးအများစုကလည်း သူတို့တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ထောက်ခံမှု ပံ့ပိုးမှုတွေ သက်တမ်းရှည်ပါတယ်။

ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်မှာ လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက် ထဲတွင် ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်နှင့် ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် တို့ဖြစ်ပြီး ၎င်းမူ ၄ ချက်ကို ၁၉၅၀ခုနှစ်၊ ဇူလိုင်လ ၁၇ရက်မှ ၁၉ရက်နေ့ အထိ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ကျင်းပခဲ့သော ကရင်အမျိုးသားညီ လာခံ၌ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းတင်ထားသလို သူတို့၏ မူရင်းခံယူချက်သဘောထားကို မျိုးဆက်သစ်တွေက စဉ်းစားထားဖို့ လိုအပ်မယ် ထင်ပါတယ်။

အတိတ်က တိုင်းရင်းသားတပ်တော် ၂ ခု ပြီးတဲ့နောက် အဲသည် ကရင်နဲ့ ကချင်တပ်တော်၏ သဘောထားနဲ့ လမ်းစဉ်ကို စံနမူနာယူပြီး အချိန်တိုတိုအတွင်း ထူထောင်ပြီး ကိုယ့်တိုင်းရင်းသားနယ်မြေကို ခြေကုပ်ယူနိုင်တာကတော့ ရခိုင်တပ်တော် ဖြစ်ပါတယ်။ ကချင်မှာ စစ်ပညာသင်ကြား စစ်လေ့ကျင့် ပြီးတော့ ကိုယ်တိုင်စစ်တိုက်ပြီး ပြင်ဆင်ပြီးနောက် ရခိုင်မှာ ရပ်တည်လိုက်ပါပြီ။ သူတို့ကိုယ်တိုင်ကလည်း ကရင်အာဇာနည် စောဘဦးကြီး၏ မူ ၄ ရပ်ကို လက်ခံထားတဲ့သဘောရှိတာ ထင်ရှားတယ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။

မြန်မာပြည်မ နိုင်ငံရေးလှုပ်ရှားမှုကတော့ လူမျိုးပေါင်းစုံ အကုန်အစင်ပါဝင်တဲ့ လက်နက်မကိုင်တဲ့ အာဏာဖီဆန်တဲ့ နိုင်ငံရေးလှုပ်ရှားမှုဖြစ်ပါတယ်။ စုဖွဲ့နေချိန်မှာ မြေအောက်တော်လှန်ရေး UGလှုပ်ရှားမှုလို့ ခေါ်ကြပြီး မြေပေါ်တော်လှန်ရေးအဖြစ် ဖောက်ခွဲပြီဆိုရင် သပိတ်တိုက်ပွဲတွေ ဖော်တယ်လို့ သုံးကြပါတယ်။ လက်နက်မကိုင်တဲ့ ပြည်မကတိုင်းရင်းသားတွေကိုယ်တိုင်လည်း ပါဝင်တဲ့ အင်အားစုကြီးဖြစ်တာမို့ ကြီးမား ကျယ်ပြန့်ပါတယ်။ ဒါကြောင့် ၈၈ မျိုးဆက်၊ ၂၀ဝ၇ မျိုးဆက်၊ လက်ပံတန်းကျောင်းသားမျိုးဆက်၊ သမဂ္ဂပေါင်းစုံမျိုးဆက်၊ ဂျန်းဇီ မျိူးဆက်ဆိုပြီး သူတို့ကို ကာလနဲ့ပိုင်းတဲ့ တော်လှန်ရေးတွေ မျိုးဆက်တွေ အင်အားတွေအဖြစ် သတ်မှတ်ကြပါတယ်။ နေရာဒေသစွဲ လူမျိုးစွဲ ဝါဒတခုတည်းစွဲ သတ်မှတ်မရပါဘူး။ ဂျန်းဇီမတိုင်ခင် မျိုးဆက်အဆင့်ဆင့် တော်လှန်ပုန်ကန်မှုမှာ စာပွဲဝိုင်းနဲ့ ဒိုင်ယာလော့နဲ့ ဖြေရှင်းကြတယ်ဆိုပေမယ့် လက်နက်တဖက် လက်မှတ်တဖက် လုပ်ခဲ့ရိုးမရှိခဲ့ပါဘူး။ NCA တို့ UNFC တို့ တိုင်းရင်းသားတပ်တော်တွေကသာ လက်နက်တဖက် လက်မှတ်တဖက် နဲ့ စစ်တပ်ကို ရင်ဆိုင်ကြတာ ဖြစ်ပါတယ်။ အခု ဒါကို နွေဦးတော်လှန်ရေးမျိုးဆက် နဲ့ တိုက်ပွဲဝင်သူတွေက စဉ်းစားနေုကြရပြီ ဖြစ်ပါတယ်။

အခု နိုင်ငံရေးတိုက်ပွဲတွေအပြင် လက်နက်ကိုင်စွဲမှု တိုင်းရင်းသားတပ်တော်တွေနဲ့ ချိတ်ဆက်မှုကိုပါ စဉ်းစား ဆွေးနွေးနေကြတော့ ပြည်မနိုင်ငံရေးလှုပ်ရှားမှုဟာ နိုင်ငံရေးသဘောတရားအပြင် လက်နက်ကျည်ဆံကိုပါ တတ်ဆင်မယ် ဆိုရင် အကြမ်းဖက်ပြီး end game လုပ်ချင်တဲ့ စစ်တပ်ထက် သာလွန်တဲ့ အင်အားဖြစ်လာဖို့က ရေတိုမှာ မဖြစ်နိုင်သော်လည်း ရေရှည်မှာ ဖြစ်နိုင်တာ သေချာသွားပါတယ်။ အကယ်၍ ခေါင်းဆောင်မှုကောင်း စုဖွဲ့မှုကောင်း ညီညွတ်မှုကောင်း ထောက်ပံ့မှုကောင်းလာရင် ပြည်မဒေသတခုလုံးဟာ ခုခံစစ်နယ်မြေ ဖြစ်လာပြီးနောက် ပြည်မနိုင်ငံရေးတိုက်ပွဲအတွက် လွတ်မြောက်နယ်မြေတွေ ပေါ်ထွန်းလာနိုင်ပါတယ်။ စစ်ရေးအရ - လွတ်မြောက်ဒေသ၊ ပျောက်ကြားအခြေခံဒေသ၊ လှုပ်ရှားစစ်ဒေသ၊ ကြားဒေသတွေ ပိုင်းဖြတ် ခြားနားမှုတွေ ဖော်ဆောင်လာနိုင်မယ် မျော်လင့်ပါတယ်။ အခု စာပေါ်မှာ လွယ်လွယ်ရေးပြသလို တကယ်လက်တွေ့က စိတ်ကူးယဉ်လို့မရပါ။

စစ်ရေး လက်နက်ကိုင်ပြီး စစ်အုပ်စုကို နိုင်ငံရေးစာပွဲဝိုင်းပေါ်တက်လာအောင် အကြပ်ကိုင်ခဲ့ပေါင်း များခဲ့ပါပြီ။ စစ်အုပ်စုကို စာပွဲဝိုင်းပေါ်တက်အောင်လုပ်ရမှာ မဟုတ်ပါ။ လက်နက်ချအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ယခင် ၁၉၈၈ နောက်ပိုင်းမှာ မြန်မာပျောက်ကြားအဖွဲ့တွေက သံရုံးဝင်စီး လေယျာဉ်ပြန်ပေးဆွဲ၊ မြို့တက် ဗုံးဖောက် စတာတွေ တဖွဲ့ချင်း သန်ရာ လုပ်ခဲ့ကြဖူးပါတယ်။ ဒီထက်ပြတ်သားတဲ့ ပိုင်းဖြတ်မှုမျိုးကို ရှေ့တန်းသမားတွေ ခေါင်းဆောင်တွေက ဆုံးဖြတ်ရမှာ ဖြစ်သလို အလယ်တန်း နောက်တန်းက ပြည်သူတွေကလည်း မဆုတ်တန်း သဘောထားပေးကြဖို့ လိုပါတယ်။ အခုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့က မှတ်ချက်ပေးသလို ဂျန်းဇီမှာ နည်းပညာ၊ ဉာဏ်ပညာနဲ့ အသက်အရွယ် အားသာချက် ရှိနေပါတယ်။ ယခင်လက်နက်ကိုင်တိုက်ခဲ့သူတွေမှာ ဒါတွေ အားနည်းတယ်။ လူထုတခဲနက်ထောက်ခံမှုကလည်း အားလုံးသောလူမျိုးစုံပါဝင်နေပါတယ်။ သူတို့မှာ စိတ်တိုင်းကျသုံးနိုင်မယ့် smart weapon တွေ လက်ဝယ်ရှိပြီဆိုရင်တော့ လက်နက်ကလွဲလို့ ဘာသာစကားအားနည်း၊ မဟာမိတ်အားနည်း (တရုတ်နဲ့ ရုရှားသာရှိ) တဲ့ စစ်အုပ်စုကို ဒူးထောက်အောင် လုပ်နိုင်မယ်လို့ သဘောထားပေးကြပါတယ်။

ကျေးကျွန်ခေတ်၊ ပဒေသရာဇ်ခေတ်တွေ နိဂုံးချုပ်ခဲ့ပါပြီ။ ဖက်ဆစ်ဝါဒ လူမျိုးကြီးဝါဒ နိဂုံးချုပ်ချိန် တန်ပါပြီ။ နယ်မြေတွေ အမြောက်အများသိမ်းပိုက်ပြီး အင်ပါယာအကျယ်ကြီးနဲ့ အုပ်ချုပ်တဲ့ခေတ်လည်း ကုန်နေပါပြီ။ အမေရိကန်လည်း ထရန့်လက်ထက်မှာ စိန်ခေါ်ခံလိုက်ရပါပြီ။ ဗဟုစုံပဲ ခေတ်စားပါတယ်။ အင်ပါယာထူထောင်ပြီး လူတစုကွက်ကွက်လေး ကောင်းစားတဲ့ အရင်းရှင်နဲ့ အာဏာရှင်တွေလည်း လူတွေက မလိုတော့ပါ။ အာဏာရှင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်အမေရိကားနိုင်ငံကျယ်ကြီးတွေလည်း ပြည်သူတွေက တော်လှန်နေကြပါပြီ။ အစိတ်စိတ်အမွှာအမွှာ နိုင်ငံအသေးလေးတွေနဲ့ အီးယူနိုင်ငံလေးတွေ စုဖွဲ့မှုမျိးကို လူတွေက အာရုံစိုက်လာကြပါတယ်။ အီးယူနဲ့ နေတိုးကလည်း လိုအပ်တဲ့ လက်နက်ကိုင်အင်အားတွေနဲ့ ရန်သူကို ရင်ဆိုင်နိုင်ပါတယ်။ ခုခေတ်ပေါ် Milk Team Alliance ဆိုတာ နောင်တချိန်မှာ အမှန်တကယ်လက်တွေ့ဖြစ်လာနိုင်ပါတယ်။

ခုအရေးတော်ပုံ အောင်မြင်ဖို့ရာအတွက် သမိုင်းကို ကောင်းမွန်စွာ၊ စေ့စပ်စွာ၊ အဖြစ်အပျက်မှန် ရှုထောင့်မှန်ကနေ သုံးသပ် သင်ခန်းစာယူနိုင်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ထင်မြင်မိပါတယ်။


#MoeMaKaMedia
#WhatsHappeningInMyanmar