မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မေ ၂၁၊ ၂၀၂၁မြို့ဧရိယာများတွင် တိုက်ပွဲမျက်နှာစာ များပြားလာသည့် မြန်မာနိုင်ငံ နဲ့ ဒူးမခိုင်သူတွေက များ
ဒီနေ့ သတင်းတွေထဲ ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်တွေ ပိတ်ဆို့ထားပြီး အဝင်အထွက်လုပ်သူတွေကို စစ်ဆေးဖမ်းဆီး ရိုက်နှက်တာတွေ လုပ်တဲ့သတင်း၊ ဖလမ်းမြို့အနီးမှာ စစ်ကားကိုချင်းကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့က အကျအဆုံးရှိတဲ့သတင်းတွေနဲ့ ချင်းပြည်နယ်နဲ့ မိုင်ရာချီကွာဝေးတဲ့ ကယားပြည်နယ် ဒီမောဆိုးမြို့တဝိုက် ကယားပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်တဲ့သတင်းတွေ တွေ့ရပါတယ်။
ဒါတွေက မြို့ဧရိယာတွေမှာ ကြိုကြားကြိုကား တိုက်ပွဲတွေ ဖြစ်လာနေတာ ပြီးခဲ့တဲ့ တလဝန်းကျင် ကတည်းက ဖြစ်ပါတယ်။ တိုင်းရင်းသား ဧရိယာတွေတင်မက မြန်မာနုိင်ငံ အလယ်ပိုင်း မြင်းခြံ၊ စစ်ကိုင်းတိုင်း က ကနီနယ်၊ တန့်ဆည် တို့မှာလည်း ရက်အနည်းငယ် အကြာ ခုခံမှု တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ခုရက်တွေမှာတော့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၊ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ်လုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ ကရင်နီပြည်နယ် (ကယား) ဆီကို တိုက်ပွဲခေါ်သံရောက် လာတာ တွေ့ရပါတယ်။
မနေ့ညနေပိုင်းက စလို့ ဒီမောဆိုးမြို့နားက ဒေါငံခါး လမ်းမှာ ပစ်ခတ်မှုတွေ ပစ်ခတ်သံတွေကြားရာက မေလ ၂၁ ရက်နေ့မှာေတာ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီမောဆိုး မြို့အထွက် စစ်ဆေးရေးဂိတ်ကို သိမ်းယူပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
ကရင်နီပြည်နယ်ဟာ လက်နက်ကိုင် တိုက်ပွဲတွေ သိပ်ကြီးကြီးမားမား မဖြစ်တာ နှစ်နဲ့ချီကြာနေရာက ခု စစ်ကောင်စီအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေတက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ကေအန်ပီပီ ဧရိယာဘက်ကနေ ပြန်လာတဲ့ လူငယ် ၇၀ ကျော်ကို စစ်သင်တန်းတက်လာတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိမ်းသိမ်းထားလိုက်ပါတယ်။ စစ်ကောင်စီအာဏာသိမ်းမှုကို စစ်ရေးနည်းလမ်းနဲ့ တု့့ံပြန်တော့မယ်ဆိုတဲ အယူအဆတွေ မြင့်တက်လာပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထံ သွားရောက်ပြီး စစ်ပညာသင်တန်း၊ ဖောက်ခွဲမှုသင်တန်းတွေ တက်ရောက်ကြ ပြီး အချို့ကတော့ မြို့တွေဆီ ပြန်လာကြပြီး အချို့ကတော့ အဲဒီဧရိယာမှာ နေထိုင်ကာ လက်နက်ကိုင် တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာ ကိုးကွယ်သူ အများစုဖြစ်တဲ့ ချင်းလူမျိုးနွယ်တွေ၊ ကရင်နီ၊ ကယားလူမျိုးစုတွေဟာ ခု စစ်ကောင်စီကို လက်နက်ကိုင် ခုခံတိုက်ခိုက်ဖို့ စတင်လာကြတာ တွေ့နေရပါပြီ၊ မြန်မာပြည်ဟာနှစ်ပေါင်း ၇၀ ကျော်ကြာရှည်လာတဲ့ ပြည်တွင်းစစ် တနည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ဝဲထဲကျရောက်နေခဲ့ရာက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး ဆွေးနွေးမှုနဲ့ အဖြေရှာဖို့ အစပျိုးခဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုပေါင်း အကြိမ်ရာနဲ့ချီ ၄ကြိမ်ဝန်းကျင် ညီလာခံ ကျင်းပခဲ့ရာက ငြိမ်းချမ်းရေး မျှော်လင့်ချက် အနည်းငယ် မြင်ခဲ့ကြရာက စစ်အာဏာသိမ်းလိုက်တဲ့နေ့က စလို့ လက်နက်ကိုင် ပဋိပက္ခ ဝဲဂယက်ထဲ ပြန်လည်သက်ဆင်းခဲ့ရပြန်ပါတယ်။
တိုင်းပြည်ရဲ့ ကံကြမ္မာက ငြိမ်းချမ်းရေး ရဖို့ ပါမလာတဲ့ သဘောလို့ လွယ်လွယ် ကောက်ချက်ချရမလို ဖြစ်နေပြီလားလို့ တွေးစရာ ရှိပါတယ်။ တဖက်မှာလည်း လွတ်လပ်ရေး ရတဲ့အချိန်က စလို့ လက်နက်ကိုင်ပဋိပက္ခကို စတင်မွေးဖွားလာခဲ့ကြပြီး နိုင်ငံရေး ရည်မှန်းချက်၊ လက်ဝယ်ကိုင်စွဲထားတဲ့ နိုင်ငံရေးအာဏာကို ခွဲဝေ ကျင့်သုံးဖို့ထက် လက်နက်အားကိုးနဲ့ ကျန်တဲ့ အုပ်စုတွေကို ဖယ်ရှား၊ ထိန်းချုပ် ကန့်သတ်တဲ့ အစဥ်အလာက နှစ် ၇၀ ကျော် ရှိခဲ့တဲ့ သမိုငး်ဟာ ဝမ်းနည်းကြေကွဲစရာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ထဲမှာ နေထိုင်ကြရတဲ့ ပြည်သူပြည်သားတွေ ဘဝ အထူးသဖြင့် ပဋိပက္ခဧရိယာ ကျေးလက်တွေ တောတောင်တွေမှာ နေထိုင် အသက်မွေးကြသူတွေရဲ့ ဘဝက စစ်ရှောင်စခန်းမှာ နှစ်နဲ့ချီနေထိုင်ကြရသူတွေ၊ အိမ်နီးချင်းနိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်နဲ့ချီနေထိုင်ကြရသူတွေ ထောင်သောင်းချီ ရှိနေတာကို တွေးကြည့်မိရင် ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိအောင်ပါ။ စစ်တပ်ကို အင်အားကြီးအောင် မွေးထုတ်ပေးလိုက်တဲ့ ပြည်တွင်းစစ်ကိုလား၊ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်ထဲ မဝင်စွက်ဖက်အောင် မထိန်းသိမ်းနိုင်ခဲ့တဲ့ နိုင်ငံရေးသမားတွေကိုလား မပြောတတ်အောင်ပါ။
လက်နက်ကိုင် ပဋိပက္ခ တုိက်ပွဲတွေ အကြောင်း သတင်းအပြင် ဒီနေ့အတွက်အရေးကြီးတဲ့ အခြား သတင်းတပုဒ်ကတော့ ယူအီးစီနဲ့ နုိင်ငံရေးပါတီ ၆၀ နီးပါးတွေ့ကြတဲ့ဆွေးနွေးပွဲမှာ ယူအီးစီ ဥက္ကဌက အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းသင့်မသင့်ဆိုတဲ့ စဥ်းစားမယ်ဆိုတဲ့ စကား၊ ဖျက်သိမ်းသင့် မသင့်ကိစ္စကို စစ်ကောင်စီ ဥက္ကဌဆီ မကြာခင် တင်ပြမယ်ဆိုတဲ့စကားကို အဖွင့်မိန့်ခွန်းမှာ ပြောဆိုပြီး အများသိအောင် လုပ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီဆိုကတည်းက အန်အယ်လ်ဒီနဲ့ ရွေးေကာက်ပွဲကာလတာဝန်ယူခဲ့တဲ့ ယူအီးစီတိို့ရဲ့ ဆက်သွယ်မှုကို စစ်ကောင်စီက ပစ်မှတ်ထား အပြစ်ရှာမယ့် သဘောကို ခန့်မှန်းထားခဲမိသလို အန်အယ်လ်ဒီကို နောက်လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ မပါနိုင်အောင် စည်းမျဥ်း ဥပဒေတွေ သတ်မှတ်မှာ ဒါမှမဟုတ် အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းတာမျိုး အထိ လုပ်နိုင်ခြေ ရှိတာလည်း မှန်းဆမိခဲ့ပါတယ်။
ခုတော့ ထင်မှတ်ထားတဲ့ အတိုင်း စခင်းလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ အရင် ရွေးကောက်တင်မြှောက်ခံရတဲ့ အန်အယ်လ်ဒီ အစိုးရက ပြည်ထောင်စု ရွေး/ကော်ကို သြဇာလွှမ်းခဲ့တယ်လို့ စွပ်စွဲချက် တင်လိုက်တဲ့ စစ်ကောင်စီ ကော်မရှင်အနေနဲ့ ဘာကေြာင့် ဖျက်သိမ်းသင့်မသင့် အစီရင်ခံစာကို စစ်ကောင်စီဥက္ကဌ ဆီတင်မယ်လို့ လူသိရှင်ကြား ပြောဆုိလိုက်တာက ယူအီးစီကို စစ်ကောင်စီက ခိုင်းစေနေတယ်ဆိုတာ ဝန်ခံလိုက်သလို ဖြစ်နေတယ်ဆိုတာ ကို သတိပြုမိပုံမပေါ်ပါဘူး။
ဒီနေ့ နောက်သတင်းတပုဒ်ကတော့ နေ့စဥ် ဖြစ်နေကျ ရန်ကုန်မြို့က ပေါက်ကွဲမှု သတင်းပါ။ စမ်းချောင်းမြို့နယ် ထွေအုပ်ရုံးမှာ စောင့်နေတဲ့ လုံခြံုရေးတပ်တွေကို လက်ပစ်ဗုံး သို့မဟုတ် လက်လုပ်ဗုံးနဲ့ ပစ်ခဲ့လို့ အသေအပေျာက်သို့မဟုတ် ဒဏ်ရာပြင်းထန်စွာ ရသွားတယ်ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်တိုင်းမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ မြိုံနယ် ထွေအုပ်ရုံး၊ ရဲစခန်း သို့မဟုတ် ရဲ/တပ် စခန်းချရာ နေရာတွေရှေ့မှာ အတားအဆီးတွေ ချထားပြီး ကားတွေ အရှိန်လျော့ ကွေ့ကောက် မောင်းနှင်အောင် လုပ်ထားတဲ့ တိုင် အဲဒီနေရာတွေမှာ ခုလို ဗုံးကွဲမှုဖြစ်နေဆဲ လည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၁၀ ကျော်မှာ စစ်ကောင်စီဘက်က ခြေလှမ်းတွေ သိသိသာသာလှမ်းလာပါတယ်။ စီဒီအမ်ဝန်ထမ်းတွေကို ပထမအဆင့် ဖိအားပေး ရုံးတက်ခိုင်းပါတယ်။ ရုံးမတက်သူတွေကို အလုပ်ကနေ ထုတ်ပစ်တာ ရပ်ဆိုင်းတာတွေ လုပ်ပါတယ်။ အလုပ်ပြန်တက်သူတွေကို ခံဝန်ချက်တွေ လက်မှတ်ထိုးခိုင်းရုံတင်သာမက လက်နက်ချတဲ့ရန်သူကို ဦးချိုးသလို ပြစ်ဒဏ်ခတ်အရေးယူသလို အရေးယူမှုတွေ လစာဖြတ်တောက်မှုတွေ နည်းမျိုးစုံသုံးပြီး ဖိနှိပ်ပါတယ်။ အလုပ်မတက်သူတွေကို လိုင်းခန်းတွေက မောင်းချတာတွေ ပြီးတော့ ရပ်ရွာတွေမှာ မနေနိုင်အောင် ခြိမ်းခြောက် ရန်စတာတွေလုပ်ပါတယ်။ ၅၀၅(က) ပုဒ်မသုံးပြီး အရေးယူလို့ ဝန်ထမ်းတွေ အပါအဝင် အစွပ်စွဲခံပြည်သူတွေက ရပ်ရွာကနေ လွတ်ရာကျွတ်ရာတွေကို ရှောင်တိမ်းရ၊ ဘ၀တွေ အခြေအနေတွေ ပျက်စိးကုန်ကြပါတယ်။ ငွေကြေးအထောက်အပံ့တွေ ခက်ခဲအောင် လိုက်လံလုယက်တာတွေ ဖမ်းဆီးတာတွေလည်း စစ်ကောင်စိတပ်တွေ ဒလန်တွေက ကျူးလွန်ကြပါတယ်။
အဲသည်လိုမျိုးပဲ မြေပေါ်နိုင်ငံရေးပါတီတွေ အင်န်စီအေလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကန့်သတ် ချုပ်ကိုင်တာတွေလည်း တိုးမြှင့်ပြီး ပြုလုပ်လာပါတယ်။ အင်န်စီအေလက်နက်ကိုင်တွေကို CRPH NUG NUCC PDF စတဲ့တော်လှန်ရေးအစိုးရနဲ့ အဖွဲ့အစည်းတွေနဲ့ မပူးပေါင်းဖို့ လက်မခံဖို့ ဖိအားပေး တောင်းဆိုပါတယ်။ နေပြည်တော်ကို ဆင့်ခေါ်ပြီးတော့လည်း တောင်းဆိုမှုတွေ လုပ်သလို စစ်ရေးဖြင့် ခြိမ်းခြောက်မှု သွေးတိုးစမ်းတိုက်ခိုက်မှုတွေလည်း ကျုးလွန်ပါတယ်။ အဲသည်ဖိအားတွေကြောင့် KNU ခေါင်းဆောင်တချို့နဲ့ တပ်မဟာတချို့က ခေါင်းဆောင်တွေက NCA လမ်းကြောင်းကို ကိုင်စွဲအဖြေရှာဖို့ တိုက်တွန်းစာတွေ ထွက်လာပါတယ်။ ရှမ်းပြည်နဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ရေးအရ အပစ်ရပ်ထားတဲ့ ဘောင်ထဲကနေ ရေငုံပြီး နေထိုင်ကြရပါတယ်။ ချင်း၊ ကချင်၊ ကရင်နီ (ကယားပြည်နယ်) နဲ့ ကရင်ပြည်နယ်ထဲက တိုင်းရင်းသားတွေ လူထုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ကပဲ စစ်ကောင်စီကို အံတုတိုက်ခိုက်တွန်းလှန်နေကြတာကို တွေ့ရပါတယ်။
အထက်ကပြောသလို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် နိုင်ငံရေးပါတီတွေကို မတ်လဆန်းပိုင်းမှာ ခေါ်တုန်းက စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ပါတီတွေက စစ်ကောင်စီစည်းဝေးပွဲကို အာခံပြီး မတက်ခဲ့ကြပေမယ့် အခု မေလလယ် (၂၁ရက်နေ့) ရွေးကော်အစည်းအဝေးမှာ ပြည်သူတွေကြား စိတ်ဝင်တစားစောင့်ကြည့်ခံနေရတဲ့ ကိုကိုကြီး၏ ပြည်သူပါတီနဲ့ အောင်ဇေယျ၏ လူ့ဘောင်သစ်ပါတီတို့က အာ မခံတော့ဘဲ စစ်ကောင်စီခေါ်တဲ့အစည်းအဝေးကို တက်ကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဒီမိုကရေစီဘက်တော်သား တော်လှန်ရေးအဖွဲ့အစည်းတွေက အသိအမှတ်မပြု ဆန့်ကျင်ထားတဲ့အချိန်၊ စစ်ရေးနိုင်ငံရေးနည်းလမ်းမျိုးစုံနဲ့ စစ်ကောင်စီကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ အချိန်ကာလမှာ စစ်ကောင်စီကို အညံ့ခဲံဒူးထောက်တဲ့ ပါတီတွေ အဖွဲ့အစည်းတွေ မြင်တွေ့ကြရတာ ပြည်သူတွေအတွက်ကတော့ အော့နှလုံးနာ ရွံရှာ စက်ဆုပ်ဖွယ် ကောင်းလှပါတယ်။
အဲသည်လို ပျော့ညံ့တွေဝေတဲ့သူတွေ ခေါင်းဆောင်တွေ အဖွဲအစည်းတွေ မြင်တွေ့ကြရတော့ မိမိတို့ အသက်အိုးအိမ်စည်းစိမ် မိသားစုတွေကို စွန့်လွှတ်စွန့်စား အနာခံ တိုက်ပွဲဝင်နေကြသူတွေ တော်လှန်ရေးရဲဘော်တွေ မိဘပြည်သူတွေအတွက် စိတ်ထိခိုက်ဖွယ် မြင်ကွင်းလို့ ဆိုချင်ပါတယ်။ အဲသည်အချိန်မှာ ဖိနှိပ် ဖမ်းဆီး ခြိန်းခြောက်ခံရလို့ ထွက်ပြေးတိမ်းရှောင်နေသူတွေထဲမှာ စစ်ကောင်စီကို အရှုံးပေးဒူးထောက်ပြီး အညံ့ခံတဲ့သူတွေ ထွက်ပေါ်လာသလို သည်ရက်တရာကျော်အတွင်း မိမိတို ့ ဇာတိရပ်ရွာကိုပါ တခါတည်းစွန့်ခွာ ကျောခိုင်းသွားကြတဲ့ လက်မြှောက်သွားကြတဲ့ အင်အားတွေရှိတယ်လို့ ကြားသိကြရတဲ့အခါ ပိုပြီး ရင်နာကြရတယ်လို့ မျက်မြင်သက်သေတွေက မှတ်ချက်ပေးပါတယ်။
၈၈ အရေးတော်ပုံကြီးကို မည်ကဲ့သို့ ဝေဖန်ခဲ့ကြသည် ဖြစ်စေကာမူ ၈၈ အရေးတော်ပုံတုန်းကလည်း ကျောင်းသားတွေ ပြည်သူတွေဟာ ၁၉၈၈ ကနေ မလျော့တန်း လမ်းပေါ်မှာ တောတောင်တွေထဲမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ကာလကို ၁၉၈၈ မှ ၁၉၉၃၊ ၉၄ အထိ ၅ နှစ်တာ အရေးတော်ပုံတိုက်ပွဲကာလအဖြစ် သတ်မှတ်လို့ ရပါတယ်။ တက္ကသိုလ်ကျောင်းတွေ အောင်မြင်စွာ ဖွင့်ပြီး ကျောင်းသားတွေ ကျောင်းပြန်တက်ကြတဲ့နေ့တွေကို အရေးတော်ပုံခေတ္တတခန်းရပ်တယ်လို့ ဆိုချင်တာပါ။ အဲသည်တုန်းက ၅ နှစ်ကျော် ကြာမြင့်ပြီး လူပေါင်း ထောင်ချီပြီး သေ၊ ထောင်ချီပြီး အကျဉ်းကျ၊ ထောင်ဂဏန်းနီးပါး တောတောင်တွေထဲ ကျဆုံးခဲ့ပါတယ်။ တောထဲက ကျောင်းသားတွေကို အနောက်နိုင်ငံတွေက တတိယနိုင်ငံအစီအစဉ်ဖြင့် ခေါ်ထုတ်ကြ၊ စစ်ဘေးသင့် ရှောင်တိမ်းသူတွေကိုလည်း ဒုက္ခသည်စခန်းတွေ နဲ့ လက်ခံကြသလို စစ်အစိုးရကလည်း အလင်းဝင်ဖို့ ကြိုဆိုရေးစခန်းတွေ ဖွင့်ကြနဲ့ အရေးတော်ပုံကြီး ဦးကျိုးခဲ့ဖူးပါတယ်။ အခု သည်နွေဦးတော်လှန်ရေးဟာ ၈၈ အရေးတော်ပုံသင်ခန်းစာများကို သင်ယူထားနိုင်မယ်ဆိုရင် ဒီလိုမျိုး အညံခံခြင်း တွေဝေခြင်း လက်မြှောက်ခြင်း ကိုယ်လွတ်ရုန်းခြင်း စတဲ့ အဖြစ်မျိုးတွေ အနည်းဆုံးဖြစ်အောင် ရှောင်ရှား ကာကွယ်နိုင်ကြလိမ့်မယ်လို့ မျော်လင့်မိပါကြောင်း။
(Photo - Khit Thit Media - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်မှ ဒေသခံပြည်သူများသည် မေလ ၁၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းချီတက်ခဲ့ပြီး "We need KIA, We support CRPH, free our leaders" စာသားများရေးသားထားသော စကောများကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar