Breaking News

ခိုင်ကြည်သစ် - ရေလောင်းမျောက်ပျက်၊ ဥယျာဉ်ဖျက်



ခိုင်ကြည်သစ် - ရေလောင်းမျောက်ပျက်၊ ဥယျာဉ်ဖျက်

(မိုးမခ) မေ ၁၇၊ ၂၀၂၁

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း "ရက် ၁၀၀" ဆိုတဲ့စကားကို လူမှုကွန်ယက်နဲ့ သတင်းမီဒီယာတွေမှာ အတော်လေးကြားလိုက်ရပါတယ်။ ပြည်သူလူထုလက်ထဲက "နိုင်ငံတော်အာဏာ" လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ရေတွက်လို့ ရက်ပေါင်း ၁၀၀ ပြည့်မြောက်တာကို ရည်ရွယ်ပြောဆိုကြတာပါ။ တစ်ဖက်မှာလည်း အဲဒီရက်ပေါင်း ၁၀၀ ဟာ တပ်မတော်က သူတို့ကိုယ်သူတို့ အစိုးရလို့ ကြေညာပြီး စစ်ကောင်စီ (သူတို့အခေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ - နစက) ဖွဲ့စည်းလို့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးစားခဲ့တာ ရက်ပေါင်း ၁၀၀ ပြည့်မြောက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာမှာ အစိုးရသစ်တစ်ရပ်ရဲ့ ပွဲဦးထွက် ရက်ပေါင်း ၁၀၀ ကို စိတ်၀င်တစား စောင့်ကြည့်ကြပါတယ်။ အဲဒီ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ချက်တွေဟာ အစိုးရသက်တမ်းအတွင်း ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေ၊ ဆက်လက်ကိုင်ဆွဲသွားမယ့် မူဝါဒတွေကို ထင်ဟပ်စေပါတယ်။ ဒါ့အပြင် အဲဒီအစိုးရရဲ့ အရည်အချင်းကိုလည်း ညွှန်ပြနေပါတယ်။

မြန်မာဆိုရိုးစကားတစ်ခွန်းက "အစကောင်းမှ အနှောင်းသေချာ" လို့ ဆိုပါတယ်။ အစိုးရသက်တမ်းရဲ့ ပထမဆုံး ရက်ပေါင်း ၁၀၀ မှာ အစကောင်းပါမှ အစိုးရသက်တမ်းတစ်ခုလုံး ကောင်းဖို့ သေချာပါလိမ့်မယ်။ တချို့ကတော့ ကိစ္စကြီးတစ်ခုကို အောင်မြင်အောင် အကောင်အထည်ဖော်ရာမှာ အစောပိုင်းကာလတွေကို "လေယာဉ်တစ်စင်း မြေပြင်ကနေ ဝေဟင်ပေါ် အားယူပြန်တက်တာ" နဲ့ နှိုင်းယှဉ်ပြကြပါတယ်။ "Take off" လုပ်တယ်လို့ သုံးနှူံးကြပါတယ်။ ကျွမ်းကျွမ်းကျင်ကျင်၊ အောင်အောင်မြင်မြင် Take off လုပ်နိုင်ပါမှ လေယာဉ်ခရီးစဉ် သာယာဖြောင့်ဖြူးနိုင်ပါလိမ့်မယ်။ စစ်ကောင်စီရဲ့ ရက်ပေါင်း ၁၀၀ ဟာ အနှောင်းသေချာစေမယ့် အစကောင်း ဖြစ်ခဲ့ပါရဲ့လား။ စစ်ကောင်စီရဲ့ အာဏာခရီးစဉ်ကြီးဟာ မြေပြင်က မှန်မှန်ကန်ကန် Take off လုပ်နိုင်ပါရဲ့လား။

ဒီမေးခွန်းတွေအတွက် အဖြေကို တကယ်ပေးရမှာက စစ်ကောင်စီ မဟုတ်သလို စာရေးသူလည်း မဟုတ်ပါဘူး။ ဒိဌဓမ္မ မြင်နေ၊ ကြားနေ၊ ကြုံတွေ့နေကြရတဲ့ အခြေအနေတွေကသာ အဖြေဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေက စစ်ကောင်စီရဲ့ အရည်အချင်းကို ပြနေတာပါ။ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ပြည်သူအပေါ်ထားရှိတဲ့ စေတနာကိုလည်း ပေါ်လွင်ထင်းရှားစေလျက် ရှိပါတယ်။

ရက်ပေါင်း ၁၀၀ အကြောင်း လူပြောများချိန်မှာ သတိရမိတာကတော့ ငယ်ငယ်က မှတ်သားခဲ့ဖူးတဲ့ ဇာတက ၀တ္ထုတစ်ပုဒ်ပါ။ မြတ်စွာဘုရားရဲ့ အတိတ်ဘ၀ဖြစ်တော်စဉ်တွေထဲက တစ်ခုဖြစ်တဲ့ "အာရာမဒူသက" ဇာတ်ပါ။

တခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒဏ်မင်း စိုးစံပါသတဲ့။ ဗြဟ္မဒဏ်မင်းရဲ့ ဥယျာဉ်ဟာ သာယာလှပပြီး ဥယျာဉ်မှူးက စနစ်တကျ စောင့်‌ရှောက်ထားပါသတဲ့။ အဲဒီဥယျာဉ်ကြီးထဲမှာ မျောက်တွေလည်း နေထိုင်ကြပါသတဲ့။

ဗာရာဏသီမှာ နက္ခတ်ပွဲသဘင် ဆင်ယင်ကျင်းပတဲ့အခါ မြို့နေပြည်သူအများစုဟာ ပွဲသဘင်ကိုအမှီပြုပြီး ဝမ်းမြောက်ဝမ်းသာနဲ့ တစ်မြို့လုံး အနှံ့အပြား လှည့်လည်ကြပါတယ်။ မင်းဥယျာဉ်ကို စောင့်ရှောက်တဲ့ ဥယျာဉ်မှူးဟာလည်း နက္ခတ်ပွဲ သွားချင်ရှာတာပေါ့။ တစ်ဖက်မှာလည်း ဥယျာဉ်ကို ရေလောင်းဖို့တာ၀န်က ရှိနေပြန်ပါတယ်။ ဒါနဲ့ပဲ ဥယျာဉ်ကို ရေလောင်းဖို့ မျောက်တွေကို တာ၀န်ပေးခဲ့ဖို့ အကြံရပါသတဲ့။ ဥယျာဉ်မှူးက မျောက်အကြီးအကဲကို ပြောဆိုပုံကို အာရာမဒူသကဇာတ် မြန်မာပြန်မှာ အခုလို တွေ့ရပါတယ်။

"အချင်းမျောက်ကြီး … ဤ ဥယျာဉ်ကား သင်တို့အတွက် အလွန် ကျေးဇူးများသည်၊ သင်တို့အသီးအပွင့်တို့ကို စားကြရမည်၊ ငါတို့ မြို့ထဲသွား၍ နက္ခတ်သဘင် ကစားကြမည်၊ငါတို့မလာမီအတွင်း မလစ်ဟင်းရအောင် သင်ပင်တို့ကို ရေလောင်းနိုင်ပါမည်လော။”

မျောက်အကြီးအကဲက ရေလောင်းပေးဖို့ ကတိခံတဲ့အတွက် ဥယျာဉ်မှူးဟာ ရေပုံးတွေလွှဲပေးပြီး နက္ခတ်ပွဲဆီ ထွက်သွားပါတော့တယ်။

မျောက်အကြီးအကဲက သူ့လက်အောက်ငယ်သား မျောက်တွေနဲ့ဥယျာဉ်ကို ရေလောင်းဖို့ စီမံပါတယ်။ "ဥယျာဉ်တော်ရေလောင်းရေးကောင်စီ" တွေ ဘာတွေ ဖွဲ့မဖွဲ့တော့ ဇာတ်တော်ထဲ မပါပါဘူး။ ဒါပေမယ့် မျောက်အကြီးအကဲရဲ့ စီမံပုံကတော့ ထူးခြားပါတယ်။

“သစ်ပင်ငယ်တို့ကို နုတ်၍ကြည့်ပြီးလျှင် တစ်ဖန်စိုက်၍ အမြစ်တိုသော သစ်ပင်တို့ကို ရေနည်းနည်းလောင်းကြပါ၊အမြစ်ရှည်သော သစ်ပင်တို့ကို ရေများများလောင်းကြပါ" တဲ့။

မျောက်အကြီးအကဲရဲ့ ရေလောင်းနည်းဟာ ဥယျာဉ်ကို ဖျက်ဖို့ ဖြစ်နေတာ လူတိုင်းသိနိုင်တဲ့ကိစ္စပါပဲ။ လူတိုင်းသိနိုင်တဲ့ ကိစ္စမို့ ဘုရားအလောင်းတော်က ပိုသိပါတယ်။ မျောက်တွေ ရေလောင်းနေတာကို မြင်တဲ့ ဘုရားအလောင်း ပညာရှိက သူ့အခြွေအရံတွေကို ဆုံးမပုံက နှောင်းလူတွေအတွက် သင်ခန်းစာပါ။ အာရာမဒူသကဇာတ် မြန်မာပြန်မှာ အခုလို မှတ်သားရပါတယ်။

“အမောင်တို့… ဥယျာဉ်တော်ဝယ် မျောက်တို့ ရေလောင်းကြသည်ကို ကြည့်ရှုကြကုန်လော့၊ အကျိုးရှိသည်၊မရှိသည်၌ မသိမလိမ္မာသော သူမိုက်သည် အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်သော်လည်းအကျိုးစီးပွား မဖြစ်ထွန်းနိုင်၊ ဆုတ်ယုတ်ပျက်စီးခြင်းသာ ဖြစ်ရမည်။”

ဒီပုံ၀တ္ထုမှာ မြတ်စွာဘုရားအလောင်းတော် ပညာရှိရဲ့ဆုံးမစကားကို ဦးနှောက်နဲ့ နာယူရသလို မျောက်တွေလက်ထဲ ရောက်သွားတဲ့ ဥယျာဉ်တော်ကြီးရဲ့ ကံကြမ္မာကို မြင်ယောင်ကြည့်ရင်း နှလုံးသားမှာ ကြေကွဲခံစားရပါတယ်။ မျောက်တွေစီမံအုပ်ချုပ်တဲ့ ဥယျာဉ်တော်ကြီးကို စိတ်မျက်စိနဲ့မြင်ယောင်ရင်း နိုင်ငံတော်ကြီးတစ်ခု သူမိုက်တွေလက်ထဲရောက်သွားရင်၊ သူမိုက်တွေ စီမံမှုအောက်ရောက်သွားရင် ဆိုတဲ့ အတွေးတွေက ရပ်တန့်လို့ မရနိုင်အောင်ပါပဲ။

အာရာမဒူသကဇာတ်ထဲက မျောက်တွေ ဥယျာဉ်တော်ကြီးကို ဘယ်လောက်ကြာကြာ စီမံခန့်ခွဲခွင့် ရသွားသလဲ မသိပါဘူး။ ဒါပေမယ့် အစမကောင်းတဲ့ မျောက်အုပ်ဟာ အနှောင်းမသေချာနိုင်တာကိုတော့ သံသယဖြစ်စရာ မရှိပါဘူး။ ဥယျာဉ်တော်ပျက်စီးရတာအတွက် အနည်းဆုံးတော့ ဥယျာဉ်ထဲက နှင်ထုတ်ခံရလိမ့်မယ်လို့ ထင်ပါတယ်။

ပညာဉာဏ်ချို့တဲ့လွန်းတဲ့ အာရာမဒူသကဇာတ်ထဲက မျောက်တွေအတွက် ပေးစရာ ဖြောင့်ချက်တစ်ခုတော့ ရှိပါတယ်။ မျောက်တွေဟာ ဥယျာဉ်မှူးရာထူးကို ရဖို့ဥယျာဉ်မှူးဆီက အတင်းအဓမ္မအာဏာသိမ်းထားတဲ့ မျောက်တွေ မဟုတ်ပါဘူး။ ဒါကြောင့် တာ၀န်လွှဲပေးမိတဲ့ ဥယျာဉ်မှူးမှာလည်း တာ၀န်မကင်းပါဘူး။ တကယ်လို့ မျောက်တွေက ဥယျာဉ်မှူးကို ဖမ်းဆီးချုပါနှောင်ပြီး ဥယျာဉ်မှူးရာထူးကို လုယူလို့ ပေါက်ကရစီမံခန့်ခွဲမှုတွေနဲ့ ဥယျာဉ်ကို ရေလောင်းမှားတာ ဆိုရင်တော့ ဗြဟ္မဒဏ်မင်း ကပဲဖြစ်ဖြစ်၊ ဥယျာဉ်မှူးကပဲဖြစ်ဖြစ်၊ တခြားတယောက်ယောက်ကပဲဖြစ်ဖြစ် သေချာပေါက် အရေးယူခံရမှာပါ။

အစိုးရတစ်ရပ်ရဲ့ ရက်ပေါင်း ၁၀၀ ဆိုတာ အဲဒီအစိုးရရဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကို အကဲဖြတ်တဲ့ကာလပါ။ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အတွေးပွားစရာကောင်းလွန်းလှတဲ့ အာရာမဒူသကဇာတ်ထဲက ဥယျာဉ်ဖျက်တဲ့ ရေလောင်းမျောက်ပျက်တွေအကြောင်း ပြန်ပြောင်းသတိရ ဖောက်သည်ချလိုက်ရပါတယ်။

အာရာမဒူသကဇာတ်ကို အနှစ်ချုပ်ပြီး ပညာရှိများ သင်ခန်းစာထုတ်ယူခဲ့တဲ့ လင်္ကာလေးနဲ့ ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။




"အကျိုးရှိမှု၊ မရှိမှု၊ သိမှု အရင်းတည်။

သူမိုက်အားခဲ၊ ကျိုးပြုလဲ၊ ကျိုးနဲပျက်စီးသည်။

ရေလောင်းမျောက်ပျက်၊ ဥယျာဉ်ဖျက်၊ မှတ်ချက် ထုံးတစ်မည်။"

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar