Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၁

ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ ရှုံးနိမ့်


ဇွန်လကုန်မှာ ကိုဗစ်၁၉ တတိယလှိုင်းဟာ ပြင်းထန်စွာ စတင်တိုက်ခိုက်ပါတယ်။ ကလေးမြို့ဟာ အပြင်းထန်ဆုံး အသေအပျောက်အရှိန်အမြင့်ဆုံး ထိခိုက်ပျက်စီးသွားပါတယ်။ အဲသည်အချိန်ကစပြီး ပြည်သူတွေဟာ ကိုယ်ထူကိုယ်ထ ကိုယ်အားကိုယ်ကိုးပြီး ကိုဗစ်ကိုတွန်းလှန်ဖို့နဲ့ ဝေဒနာသည်တွေကို ထူထောင်နိုင်ဖို့ အစွမ်းကုန် ခြေလှမ်းတွေ ပြင်ကြတာ ဖြစ်ပါတယ်။ ဇူလိုင် ပထမပတ် ၁ ရက်ကနေ ၇ ရက်အတွင်းမှာ ပြည်သူတွေနဲ့ လူနာတွေဟာ ဆောက်တည်ရာမရအောင် လှုပ်ရှားရုန်းကန်ကြတာကို မြင်တွေ့ရပါတယ်။ (စစ်ကောင်စီစင်တာမှာ စစ်ဆေးလို့) ပိုးတွေ့သူ ထောင်ဂဏန်း၊ ဆေးရုံတင်ရသူ၊ အောက်စီဂျင်လိုအပ်သူတွေ ရာဂဏန်းနဲ့ ဝေဒနာပြင်းထန်ပြီး သေဆုံးကြသူတွေ မြို့အလိုက် ဆယ်ဂဏန်းကျော် ရှိလာပါတယ်။ ဇူလိုင်လ ဒုတိယပတ်မှာတော့ တတိယလှိုင်းဟာ ပြင်းထန်လာပြီး ပိုးတွေ့သူတွေ သောင်းဂဏန်း၊ ဆေးရုံနဲ့ အောက်စီဂျင်လိုအပ် ထောင်ဂဏန်းနဲ့ သေဆုံးသူ ရာချီပြီး နေ့စဉ် မြို့တွေမှာ ရင်ဆိုင်ကြရပါတော့တယ်။

ဒုတိယပတ်မှာ ပြည်သူတွေဟာ အောက်စီဂျင်၊ ဆေးနဲ့ အဟာရကို အသည်းအသန်လိုက်လံရှာဖွေနေကြရင်းကနေ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီရပ်တည်ကြမည့်ဆိုတဲ့ ပြည်သူ့တော်လှန်ရေးစိတ်ဓာတ်ကို ကိုယ့်ဖာသာကိုယ် ပိုင်းဖြတ်ထူထောင်လိုက်ကြတယ်လို့ သုံးသပ်နိုင်ပါတယ်။ အချင်းချင်း ရိုင်းပင်းကူညီမှုတွေ မျှဝေပေးဆပ်မှုတွေ ထူထောင်လိုက်ကြပါတယ်။ စစ်ကောင်စီက အောက်စီဂျင်ဖြတ်၊ ကြည်ဥအဟာရတွေ ဖြတ်၊ ဆေးပစ္စည်းတွေ ဖြတ် စတဲ့ ဖြတ်တောက်မှု လူမျိုးတုံးအောင် လုပ်ကြံမှု၊ ကိုဗစ်ကို လူသတ်ဇီ၀လက်နက်သဖွယ် စစ်ကောင်စီက ဆွဲကိုင်နေမှုတွေကို ငါတို့ ဗေဒါပျံ အံခဲပြီး ရင်ဆိုင်ကြမယ်လို့ လူထုဟာ ပိုင်းဖြတ်လိုက်ကြတာမို့ ယနေ့မနက်က ကိုဗစ်အလောင်းတွေ တောင်လိုပုံနေတဲ့ သင်းချိုင်းမြင်ကွင်းတွေ ရှေ့မှာ ကျန်ရစ်သူ မိသားစုတွေ ပြည်သူတွေ ရဲဘော်တွေဟာ မျက်နှာတင်း ရင်မော့ပြီး ထီမထင်တဲ့ စုစည်းမှု လက်တွဲမှုတွေ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ကိုဗစ်ဘေးကို ကျော်လွှားဖို့ စစ်ကောင်စီမလိုဘူး၊ စစ်ကောင်စီ၏ အကူအညီတွေ မလိုဘူး၊ စစ်ကောင်စီအောက် ဒူးထောက်စရာမလိုဘူး၊ ငါတို့အချင်းချင်းကလွဲပြီး ငါတို့မှာ ကယ်မည့်သူ ကူမည့်သူ မရှိဘူးလို့ သဘောထား ရပ်တည်ချက်တွေ ပိုမိုခိုင်မာသွားတဲ့အချိန်ဟာ အခုသည် ဇူလိုင်လလယ် ဒုတိယရက်သတ္တပတ်ပဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ပြည်တွင်း ပြည်ပက ပြည်သူတွေ၏ စိတ်ဓာတ်နဲ့ အားပေးရပ်တည်မှုတွေ ကိုယ်ထိလက်ရောက် ကူညီမှုတွေ၊ နှုတ်အားဖြင့် ဖေးမစာနာမှုတွေဟာ မြန်မာပြည်တွင်းမှာ ကျောက်စက်ရေတွေလို တသွင်သွင် စိးဆင်းနေကြပြီလို့ မြင်မိပါတယ်။ ဒီအချိန်မှာမှ မဟုတ်ဘူး၊ ဘယ်ခေတ်အဆက်ဆက်မှာမှ စစ်အာဏာရှင်ကျေးဇူး မူးလို့တောင် ရူစရာ မရှိဘူးဆိုတာ မော်ကွန်းအထပ်ထပ်တင်သွန်းတဲ့ သမိုင်းတွင်တဲ့ ရက်တွေပဲ ဖြစ်ပါတော့တယ်။

မအလနဲ့ စစ်ကောင်စီဟာ ဒီကိုဗစ်တတိယလှိုင်းမှာ ပြည်သူလူထု၏ တွန်းလှန်အား ခုခံအား စိတ်ဓာတ်အားကို ထပ်မံရှုံးနိမ့်သွားပါပြီ။ ပြည်သူလူထု၏ရင်ခွင်ထဲကို ခိုလှုံလိုက်အုံးမဟဲ့ဆိုတဲ့ အခွင့်အရေးဆိုတာ ငရဲမီးဟတ်လို့ ပျောက်ဆုံးသလို လုံး၀ ပျောက်ဆုံးသွားပါပြီ။ သည်ကိုဗစ်တတိယလှိုင်းမှာ ပြည်သူကို နင်းချေအနိုင်ယူ သတ်ဖြတ်စော်ကားလိုက်ဦးမယ်ဟဲ့လို့ ကြံစည်ထားတဲ့ ယုတ်မာရိုင်းစိုင်းတဲ့ မအလနဲ့ စစ်ကောင်စီဟာ နိုင်ငံရေးစင်မြင့် ကာကွယ်ရေးစင်မြင့် ငြိမ်းချမ်းရေးစင်မြင့် ဖယ်ဒရယ်ပြည်ထောင်စု စင်မြင့်တွေပေါ်ကနေ ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားပြီ ဖြစ်ပါတယ်။

CRPH နဲ့ NUG နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဇွန်လမကုန်ခင် ရက်သတ္တပတ်ကတည်းက ကိုဗစ်ဘေးကို သတိပေးစကား ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ နှုတ်အားဖြင့် သတိပေးပြီးနောက် ကိုဗစ်အရေး ကော်မရှင်များဖွဲ့ခြင်း၊ ကျန်းမာရေးဆိုင်ရာ ခေါင်းဆောင်များ ပညာရှင်များက ဟောပြောသတိပေးပညာပေးကြခြင်း၊ ဇွန်လကတည်းက ဖွင့်ခဲ့တဲ့ အွန်လိုင်းဆေးခန်း app တွေကနေ ကိုဗစ်လူနာတွေကို အားပေးကုသခြင်းတွေကို သည် ရက်သတ္တပတ်အတွင်း တတ်နိုင်သလောက် သူတို့လုပ်ခဲ့ကြတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အများကြီးမျော်လင့်နေကြသလို ရုပ်ပိုင်းဆိုင်ရာ ဆေး အဟာရ ပစ္စည်းအကူအညီတွေ ထင်သလောက် သူတို့ မပေးဆပ်နိုင်ကြပေမယ့် အွန်လိုင်းကနေ အသိပညာစိတ်ဓာတ် လမ်းညွှန်ချက်တွေ ပေးပြီး တာဝန်ကျေဖို့ CRPH NUG က ကြိုးစားခဲ့တာကို မှတ်တမ်းတော့ ထားရပါလိမ့်မယ်။

အဲသည်လို ပြည်သူလူထုကို ကျောမခိုင်းဘဲ မျက်နှာမူခဲ့တာနဲ့တင် ပြည်သူလူထုအတွက်ကတော့ CRPH NUG နိုင်ငံရေးခေါင်းဆောင်မှုဟာ မအလခေါင်းဆောင်တဲ့ စစ်ကောင်စီ စစ်အာဏာရှင်အုပ်စုတွေထက် အနှိုင်းမဲ့ ထောက်ခံမှု နှစ်သက်မှုတွေ ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီတတိယလှိုင်းမှာ စစ်ကောင်စီတွေ ရှုံးပါတယ်။ ပြည်သူတွေ နိုင်ပါတယ်။ ပြည်သူလူထုနဲ့ ရပ်တည်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ ပရိဟိတသမားတွေအဖွဲ့တွေ လူသားချင်းစာနာထောက်ထားသူ ပြည်သူတွေအားလုံး နိုင်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လူထုဘက်က လူ့အသက်ပေါင်း ၉၀၀ ကျော် တထောင်နီးနီး အသက်ပေးခဲ့ကြရပြီး အခု ကူးစက်ကပ်ရောဂါ ထိုးနှက်မှုမှာ အမြင့်ဆုံးရက်တွေမှာ နေ့စဥ် ရာဂဏန်းနဲ့ အသက်ဆုံးရှုံး သွားရတဲ့သူတွေအတွက် အားလုံးက ကြေကွဲစွာနဲ့မှတ်တမ်းတင် သတိရနေမှာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဆိုး နာကျင်ခံစားဖွယ် အတွေ့အကြုံကနေ သင်ခန်းစာ ၊ စည်းလုံးမှု၊ နိုင်ငံရေးအရ ညီညွတ်မှုတို့ကိုလည်း ထုတ်ယူကာ အများအကျိုးအတွက် အသုံးချကြရပါလိမ့်မယ်။သည်နေရာမှာ သေကွဲ ရှင်ကွဲတွေ ရောဂါဝေဒနာ ဒဏ်ရာဒဏ်ချက်တွေ အများအပြား ထိခိုက်နာကျင်တဲ့ကြားက စိတ်ဓာတ်တည်းဟူသော ကိုယ်ခံအားတခုတည်းနဲ့ အနိုင်မခံ အရှုံးမပေး တောင့်ခံကြံ့ကြံ့ခံနေတဲ့ မြန်မာပြည်သူကြီးတရပ်လုံးအတွက် အနိုင်ဂိုးတွေ အများကြီး သွင်းနိုင်ဖို့အတွက်တော့ နိုင်ငံရေးခေါင်းဆောင်တွေ၏ တာဝန်ဖြစ်တယ်လို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

နိုင်ငံရေးမျက်နှာစာ၊ ပြည်သူ့မျက်နှာစာ၊ နိုင်ငံတကာမျက်နှာစာမှာ အကြိမ်ကြိမ် ရှုံးနိမ့်နေတဲ့ စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုတွ လူသားမျိူးတုံးသတ်ဖြတ်မှုတွေကို အကျယ်လောင်ဆုံး ထုတ်ဖော် ရှင်းလင်းကြပါ။ ကိုဗစ်တတိယလှိုင်းမှာ ပြည်သူကို ကျောခိုင်းထားတဲ့ စစ်ကောင်စီသည် အစိုးရတရပ်အဖြစ် လူ့အသိုင်းအဝိုင်းထဲမှာ လက်ခံလို့ လုံး၀မဖြစ်တော့ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ အာရှ၊ အနောက်နိုင်ငံတွေကို အမြန်ဆုံး အရေးယူပေးဖို့ တိုက်တွန်းပါ။ အသနားခံကြပါ။ ပြည်သူတွေဟာ စစ်ကောင်စီကို ဒူးမထောက်ဘဲ ကိုဗစ်ကို ဖြတ်ကျော်နေပြီ။ ကိုဗစ်ကို သူသေ ကိုယ်ရှင် အပြတ်တိုက်နေပြိ။ မြန်မာပြည်သူတွေနဲ့အတူ နိုင်ငံ ေရးခေါင်းဆောင်တွေ နိုင်ငံတွေ အစိုးရတွေ နိုင်ငံတကာပြည်သူတွေ အတူတူ ရပ်တည်ကြပါ။ မြန်မာပြည်သူတွေဟာ ကိုဗစ်ကို ကိုယ်အားကိုယ်ကိုးပြီး ကိုယ်ထူကိုယ်ထ အနိုင်တိုက်နေပြီ၊ စိတ်ဓာတ်တခုတည်းနဲ့တင် နိုင်နေပြီ။ စစ်ကောင်စီ ရှုံးနိမ့်သွားပြီ။ ဒီနွေဦးတော်လှန်ရေး ဒီကိုဗစ်တော်လှန်ရေး အောင်လံကို ကျနော်တို့ အမြင့်မားဆုံး လွှင့်ထူကြ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar