Breaking News

ဝိုင်ချို - မောင်ဒီ

Photo- Crd

မောင်ဒီ
ဝိုင်ချို
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၁

‌တညနေ ဘီယာအတူတူသောက်ပြီး အိမ်သာမှာအတူတူမတ်တပ်ရပ်အပေါ့သွားတုန်း မောင်ဒီက ခင်ဝမ်းကိုပြောတယ်။
"ကိုခင်ဝမ်း ကျနော်သောတာပန်ဖြစ်နေပြီဗျ အဲဒါခင်ဗျားမို့ပြောပြတာ" တဲ့။
ဒီတော့ ခင်ဝမ်းကစဥ်းစဥ်းစားစားနဲ့ ပြန်ပြောတယ်။
"မဟုတ်သေးဘူးလေ ကိုဒီရဲ့၊ သောတာပန်ဆိုတာ ကိုယ်သောတာပန်ဖြစ်နေတဲ့အကြောင်း ဘယ်သူ့မှမပြောရဘူးလေ၊ ကျနော်ဆို ဘယ်သူ့မှမပြောဘူး၊ ကိုယ်သောတာပန်ဖြစ်တာကို ကိုယ့်စိတ်ထဲကိုယ်ထားတာ" တဲ့။

တခါတုန်းကလည်း ဒဂုံဆိပ်ကမ်းယုဇနကားနဲ့မြို့ထဲကနေပြန်လာတော့ ကားပေါ်မှာလူတွေပြည့်ကျပ်လို့။
အဲဒီတုန်းက နဝတခေတ်ပေါ့။
မောင်ဒီက အဲဒါ စစ်အစိုးရလုပ်လိုက်တာ ပြည်သူတွေအားလုံး ခြင်းထဲကကြက်တွေလိုဖြစ်ကုန်ပြီလို့ ပြောချင်လာတော့ ဒီလို ညည်းညူရေရွတ်လိုက်တယ်။
"ဪ....ခြင်းထဲကကြက်တွေပါလား" တဲ့။
ဒီတော့ ဘတ်စ်ကားပေါ်မှာ သူနဲ့ယှဉ်လျက်မတ်တတ်ရပ်စီးလာတဲ့အမျိုးသမီးကြီးက သူ့ကို ကြက်လို့ပြောရကောင်းလား ဆိုပြီးထီးနဲ့ရိုက်မလို့လုပ်တယ်တဲ့။
မနည်းတောင်းပန်ခဲ့ရဆိုလား။

တခါတုန်းက ကိုရီးယားမှာလုပ်တဲ့ပန်းချီပြိုင်ပွဲတခုမှာ အာရှတိုက်နိုင်ငံအများက ပန်းချီဆရာတွေဝင်ပြိုင်ကြတယ်။ မြန်မာနိုင်ငံက မောင်ဒီလည်းဝင်ပြိုင်တယ်။ အဲဒီမှာအချိန်အကန့်အသတ်နဲ့ပြိုင်ရတာ။ ဆယ့်ငါးမိနစ်အတွင်းအပြီးဆွဲရမယ်။ အဲဒီအခန်းထဲရောက်မှခေါင်းစဉ်ပြောတယ်။
ခေါင်းစဉ်က "ဘဝ"တဲ့။
အဲဒီမှာ ဂျပန်ကပန်းချီဆရာမက စံနစ်တကျဆွဲတယ်။ အင်ဒိုနီးရှားကပန်းချီဆရာကြီးကလည်း စိတ်တိုင်းကျဆွဲနေပြီ။ အိန္ဒိယကမုတ်ဆိတ်ကြီးကလည်း အပီအပြင်ကိုရေးနေပြီ။ မြန်မာနိုင်ငံကမောင်ဒီကတော့ ဘာရေးလို့ရေးရမှန်းမသိ။ မေးခွန်းသတ်တယ်ပေါ့။ ဘာပုံဆွဲရမလဲတွေးမရဘဲငိုင်တွေလို့။ တခုခုတော့ဆွဲရတော့မှာပေါ့။ ဒီလိုနဲ့ပန်းချီကားတွေသိမ်းခါနီးအချိန်စေ့ပြီဆိုမှ စုတ်တံကိုဆေးအနက်ခွက်ထဲထည့် "သွားဟာ" ဆိုပြီး ဝလုံးကြီးပဲရေးပေးလိုက်တယ်။
အမှတ်စာရင်းလည်း တခါတည်းကြေညာတာပေါ့။
အဲဒီမှာ မြန်မာနိုင်ငံကမောင်ဒီက ပထမဆုရတယ်။
ဆုရွေးချယ်ရေးအဖွဲ့ကအကဲဖြတ်ချက်မှာ "ဘဝဆိုတာ သူရေးထားသလိုပဲ ဘယ်ကလာလို့ဘယ်ကိုသွားနေမှန်းမသိ ဘယ်ကစလို့ဘယ်မှာဆုံးမလဲ ဘယ်လိုမှမသိနိုင်ပါဘူး "တဲ့။

တညနေ ရှမ်းရိုးရာစားသောက်ဆိုင်ရှေ့ကလမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးမှာ မောင်နိုး၊ လှသန်း၊ လူအိမ်၊ လူမိုးသိုက်၊ အောင်ဘညိုတို့ အတူထိုင်နေကြတယ်။ ကိုလူအိမ်က Nike လျှာထိုးဦးထုပ် အနက်လေးဆောင်းထားတယ်။ သူတို့က ကိုလူအိမ်ကို ရဲဌေးလို့ခေါ်ကြတာပါ။ ကိုရဲဌေးဆောင်းလာတဲ့ဦးထုပ်ကို ဆရာဒီက တော်တော်သဘောကျနေပုံရပါတယ်။ ယူပြီးဆောင်းကြည့်တယ်။
ကျန်တဲ့သူတွေကိုမေးတယ်။

"အောင်ဘညို ဘယ့်နယ့်လဲ ငါနဲ့လိုက်တယ်မဟုတ်လား"
"လှသန်း ငါနဲ့ဒီဦးထုပ်နဲ့ ကြည့်လို့ကောင်းတယ်မဟုတ်လား" 
လူမိုးသိုက် မဆိုးဘူးမဟုတ်လား ငါနဲ့တော်ပါတယ်နော်"

အဲဒီလိုဟိုလူ့မေးဒီလူ့မေး မေးနေတော့ ကိုနိုးက ကိုလူအိမ်ကိုပြောတယ်။

"ဟေ့ရောင်ရဲဌေး မင်းအဲဒီဦးထုပ်ဘယ်လောက်ပေးရတုံး" ဆိုတော့ ...
ကိုရဲဌေးကပြန်ပြောတယ်။
"မသိဘူး ငါလည်း ငါ့ညီဦးထုပ်ကို ယူဆောင်းလာတာ လေးငါးထောင်တော့ပေးရမှာပေါ့ ဘာလို့လဲ" တဲ့။

ဒီတော့ကိုနိုးကပြောတယ်။

"ငါတို့ပိုက်ဆံစုပြီး ဒီလိုဦးထုပ်လေးတစ်လုံး ကိုဒီ့ကို ဝယ်ပေးရအောင်ကွာ" ဆိုတော့ ဆရာဒီက
"ဘာလို့တုန်းဟ မောင်နိုးရ" တဲ့။
ကိုနိုးက ဦးထုပ်က ပုံလေးကိုပြပြီး ကိုရဲဌေးကိုပဲ ဆက်ပြောလိုက်တယ်။
"သူ့ဘဝမှာ အမြဲတမ်းမှားနေတာလေကွာ ဒါလေးတခုတော့  အမှန်ခြစ်လေးရှိထားတော့ကောင်းတာပေါ့" တဲ့။
ဆရာဒီနဲ့ပတ်သက်တဲ့ ချစ်စရာကြားဖူးနားဝလေးတွေပါ။

ကျနော်နှလုံးအိမ်မဂ္ဂဇင်းမှာအယ်ဒီတာလုပ်တုန်းက ဆရာဒီကို ပန်းချီပုံအပ်ဖူးပါတယ်။
ကိုပြေမြင့်ရေးတဲ့ True Story လေးပါ။

ဝတ္ထုက ခင်ဝမ်းနဲ့မောင်ချောနွယ်အကြောင်းပါ။ခေါင်းစဉ်က "ခင်ဝမ်းဆောရီး ဆောရီးခင်ဝမ်း"တဲ့။

အကြောင်းအရာက ခင်ဝမ်းအတွက် မောင်ချောနွယ်ရေးတဲ့တေးရေးခရယ် ခင်ဝမ်းအတွက်တေးရေးခရယ်ရကြတော့ မောင်ချောနွယ်နဲ့ခင်ဝမ်းနဲ့ ပြည်မယ် အစ်မကြီးစား‌သောက်ဆိုင်မှာသွားထိုင်ကြတယ်။ မောင်ချောနွယ်က အရင်အကြွေးတွေဆပ်တယ်။ ခင်ဝမ်းကလည်း ကျနော့်အကြွေးတွေလည်း တွက်ပေးပါဦးဆိုတော့ အဲဒီ စားသောက်ဆိုင်ပိုင်ရှင် ပြည် "မယ်" ဘွဲ့ရအမျိုးသမီးကြီးက ကောင်တာထိုင်ရင်းစာရင်းကြည့်‌ပြီး "ခင်ဝမ်းက အကြွေး ၁၄၆ ကျပ်တောင်ရှိတယ်" လို့ပြောတယ်။ အဲဒီမှာ "ခင်ဝမ်းက အစ်မကြီး မှားနေတယ်"လို့ ပြောတော့ "ငါဘယ်တော့မှမမှားဘူး ညစ်တယ်ဆိုတာမရှိဘူး ငါ့ကိုကျေးဇူးမကန်းနဲ့ "လို့ ကောပါလေရော။

အဲဒီမှာ ခင်ဝမ်းက 
သေသေချာချာတွက်စမ်းပါ အစ်မကြီးရာ ဘယ်နေ့ဘယ်နေ့က ဘယ်လောက် ဘယ်နေ့ကဘယ်လောက်တွေ ဒိုးခနဲဒက်ခနဲပြောပြီး 
"တကယ်တမ်းပေးရမှာက ၁၄၆ ကျပ်မဟုတ်ဘူး ၁၆၄ ကျပ်ဗျ" လို့လည်းပြောပြလိုက်ရော
အဲဒီအမျိုးသမီးကြီးကမျက်မှန်ကြီးတပ် ပြန်ကြည့်ပြီး  တောင်းပန်ရှာပါတယ်။
"ခင်ဝမ်းဆောရီး ဆောရီးခင်ဝမ်း ခင်ဝမ်းဆောရီး ဆောရီးခင်ဝမ်းပါ" တဲ့။

အဲဒီဝတ္ထုအတွက်သရုပ်ဖော်ပန်းချီမှာ ဆရာဒီဆွဲထားတဲ့ ဆရာခင်ဝမ်းသီချင်းဆိုနေပုံကမိုက်လွန်းလို့ မျက်စိထဲကကိုမထွက်တော့ပါဘူး။

ဆရာဒီရဲ့လက်ရာ အထက်တန်းကျတဲ့ရေနဲ့နွေဦး ကဗျာမဂ္ဂဇင်းအဖုံးပန်းချီကလည်း တကယ်ဆွဲဆောင်မှုအပြည့်ပါပဲ။
မော်ဒန်ဖြစ်တယ် မှော်ဆန်တယ်။
ပြီးတော့ ဆရာဒီရဲ့လက်ရေးကို လည်းကြွေရတယ်။စွဲလမ်းရပါတယ်။

သင်္ချာပညာငါဆရာဆိုတဲ့ မောင်ဒီ
လေညင်းကလေးရဲ့မူပိုင်ရှင် မောင်ဒီ
ချောင်းမကြီးချောင်းရဲ့ မောင်ဒီ
ပုပ္ပား ဒီဂယ်လာရီရဲ့ မောင်ဒီ
အရင်တုန်းကမျိုးညွန့်ဆိုတဲ့ မောင်ဒီ
ချင်းတွင်း နှင်းဆီဖြူ မဂ္ဂဇင်းစာလုံးဒီဇိုင်းလိုဂိုရှင် မောင်ဒီ
ကိုမင်းဆွေနှစ်ရဲ့ အဝေးနှင်းဆီကဗျာစာအုပ်မျက်နှာဖုံးပန်းချီ မောင်ဒီ
"အဆိုတော်ခင်ဝမ်းက အို မောင်ဒီသီချင်းမှာ  လမ်းကြိုလမ်းကြားလျှောက်သွားပြီး နို့ ဆီခွက်တွေကောက်ခဲ့တဲ့အကြောင်း ခင်ဝမ်းကတော့ သီချင်းတွေ ရေးနေတယ်" ဆိုပြီး မောင်ချောနွယ်က ကျပ်တော့ ချက်ချင်းလမ်းစရိတ်ရှာ ပြည်လိုက်သွားပြီး
"ကိုခင်ဝမ်း ခင်ဗျားနဲ့ကျနော် လမ်းကြိုလမ်းကြားသာသွားတာပါ။ နိူ့ဆီခွက်တော့ မကောက်ပါဘူ၊ သီချင်းထဲ မရေးပါနဲ့" လို့ဆိုတဲ့ အိုမောင်ဒီ
ကောက်ရိုးထုံးတွေနဲ့ ခေါင်းပေါင်းကြီးနဲ့ ကျေးလက်ပန်းချီရှင် မောင်ဒီ
မှော်ဝင်ဖမ်းစားမှုပန်းချီကားတွေနဲ့မောင်ဒီ
"လီဗာပူးဆိုတာဘာကိုဆိုလိုတာလဲ " မေးတော့
"လီဗာပူးဆိုတာ ကုလားကြီး‌တယောက်ကိုဆဲလိုက်တာ" လို့ ကိုရဲဌေးအပြောင်အပြက်ပြောတာခံရတဲ့မောင်ဒီ
အမြဲတမ်း တောထဲရွာထဲနေသလို
ဖျင်ကြမ်းအင်္ကျီ ဖျင်ကြမ်းပုဆိုးနဲ့နေတဲ့မောင်ဒီ
အခု စစ်တောင်းမှာနေတဲ့မောင်ဒီ
ခေါင်းဖြူဖြူ အနေအထိုင်းရိုးစင်း ရှင်းလင်းပြီး
နာမည်ကြီးသလောက် ရိုးကန်းကန်းနိုင်တဲ့ မြစ်ခြေကလာတဲ့
ချစ်လှစွာသော ဆရာဒီ
သူနဲ့အတူသောက်ရရင် မပူမပင်
ပေါ့ပါးပျော်ရွှင်ပြီး စိတ်အေးစေနိုင်တဲ့ ဆရာဒီကို
စာပန်းချီ ရေးလို့မမီတော့ပါ။ ။

ဝိုင်ချို

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar