Breaking News

ဖိုးကျော် - ငါတို့အားလုံး ရင်ဘတ်ညီရမယ်

    Art - Than Htay Maung

ငါတို့အားလုံး ရင်ဘတ်ညီရမယ်
ဖိုးကျော်
(မိုးမခ)ဇူလိုင် ၁၂၊ ၂၀၂၁ 

ရန်ကုန်မြို့ရဲ့လမ်းမကြီးတွေအပေါ်မှာ လူနာတင်ကားတွေမောင်းနှင်နေကြတယ်။ စစ်ကားတွေမောင်းနှင်နေကြတယ်။ လူတွေဟာ ဥဒဟို သွားလာနေကြတယ်။ အားလုံးဟာ ဘာတွေတွေးနေကြမလဲ။ အသက်ကယ်သူတွေဟာ အသက်ကယ်ဖို့ စိတ်စောနေကြမယ်။ လူသတ်သမားတွေဟာ သတ်ဖို့ဖြတ်ဖို့ စိတ်စောနေကြမယ်။ ဥဒဟိုသွားလာနေကြသူတွေဟာလည်း စိတ်ကူးတွေကိုယ်စီနဲ့ပဲ ဖြစ်လိမ့်မယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာရှင်စနစ်တကျော့ပြန်လာတာနဲ့အတူ အရာရာဟာ ဟာမိုနီပျက်ယွင်းခဲ့ရပြီ။
အမေလူထုဒေါ်အမာက ပြောခဲ့ဖူးတယ်။''စစ်အာဏာရှင်ဟာ အသေထွက်ပဲ ထွက်လိမ့်မယ်''တဲ့။

ကျွဲတကောင်ကို စောင်းတီးပြလို့ ကံအားလျော်စွာ နားဆင်တတ်ချင် ဆင်သွားတတ်လိမ့်မယ်။ စစ်အာဏာရှင်ဆိုတာမျိုးဟာ အချိုချက်လို့မရ အချဥ်ချက်လို့မရ။ ဘယ်တော့မှ အသိတရားရလာမဲ့ သူမျိုးတွေမဟုတ်ဘူးပေါ့။ သူတို့ ရှေ့က နောင်တော်ကြီးတွေ လက်ထက်ကတည်းက ဘယ်သူသေသေ ငတေမာပြီးရောအပေါက်မျိုးချိုးလာခဲ့ကြတာ ရာစုနှစ်တဝက်ပဲကျော်လာခဲ့ပြီပဲ။ ဆက်မိုက်ကြမှာပဲ။ မိုက်တွင်းနက်နက်တူးကြမှာပဲ။ နိုင်ငံတကာတရားရုံး။ ပြည်သူ့ခုံရုံး။ နိုင်ငံတကာအရေးယူပိတ်ဆိုမှု။ ပြည်သူ့ကျိန်စာ။ ဒါတွေကို သူတို့မသိကျိုးကျွံပဲနေမှာ။ သူတို့အတွက် နောင်တဆိုတာမျိုး ဘယ်တော့မှရှိလာမှာမဟုတ်ဘူး။ ကုန်ကုန်ပြောရရင် အင်မတန်စွန့်ဝံ့ကြသူတွေကြောင့် ပြည်သူ့လက်ထဲ လည်ပင်းကြိုးတန်းလန်းနဲ့အမိခံထားရပြီဆိုရင်တောင်မှ တောင်းပန်တဲ့မျက်လုံးနဲ့စကားတွေဟာ အလိမ်အညာတွေပဲဖြစ်နေမှာ အသေအချာပဲ။

နေပြည်တော်မှာ သမီးလေးတယောက်နဲ့ခေါင်းကို သေနတ်နဲ့ချိန်ပြီး ရက်ရက်စက်စက် ပစ်ချလိုက်တယ်။ ဆိုင်ကယ်စီးဥွီးထုပ်ကိုဖောက်ထွင်းပြီး ကျည်ဆံဟာ ဦးခေါင်းထဲစိုက်ဝင်သွားခဲ့တယ်။ လူတွေအားလုံးရဲ့ အသိထဲ၊ အတွေးထဲ၊ ရင်ဘတ်ထဲ၊ အသည်းနှလုံးထဲကို အမုန်းတရားတွေပိုပြီးစိုက်ဝင်သွားခဲ့ကြတယ်။ ရွံ့ရှာမှုစက်ဆုပ်မှုတွေ တရိပ်ရိပ်နဲ့ဒီရေတက်သလို ကြီးထွားလာခဲ့ကြရတယ်။ မြန်မာနိုင်ငံကိုယုံကြည်လို့လာရောက်ရင်းနှီးမြှုပ်နှံထားကြတဲ့ ပြည်ပအရင်းအနှီးတွေဟာ ဒီရေဆုတ်သလိုပဲ တရိပ်ရိပ်နဲ့ ဆုတ်ခွာသွားခဲ့ကြပြီ။ အထည်ချုပ်စက်ရုံတွေပိတ်သိမ်းသွားကြတယ်။ လမ်းတံတား၊ ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားကြတယ်။ အခုဆို ဆက်သွယ်ရေးလုပ်ငန်းတခု ပြန်​ပြီ။ နာမည်လည်း ချန်ထားမယ်မထင်ဘူး။ လိုင်းပဲကျန်မယ်။ google ကလည်း တယုတ်တမာစစ်အာဏာရှင်စနစ်ကို ရွံရှာတယ်။ ဂျပန်ကလည်းပေးနေတဲ့ O. D. Aကို အယုတ်တမာစစ်အာဏာရှင်လက်ထဲ ထည့်မပေးတော့ဘူး။ အလုပ်သမားတွေရော လုပ်ငန်းရှင်တွေပါ ​ထိခိုက်ကုန်ကြ၊ ခက်ခဲကျပ်တည်းကုန်ကြရတယ်။ တကယ်တော့ ဖေဖေါ်ဝါရီဆိုတာက ဗိုင်းရပ်စ်ရဲ့ ဒုတိယလှိုင်းကို ကျော်ဖြတ်နေရချိန်။ နာဂစ်မုန်တိုင်းမှာ ပြည်သူတွေသေကြေပျက်စီးနေချိန် ခြေ/ဥကို အကောင်အထည်ဖော်သလိုပဲ ဒီလိုအခြေအနေဆိုးကြီးကို အခွင့်ကောင်းတခုလို စစ်အာဏာရှင်က အသုံးချလိုက်ပြန်တယ်။ လူတွေဟာ ပန်ဒမစ်ကာလကြီးမှာ မွန်းကြပ်နေချိန်။ စစ်အာဏာ ရှင်ဆိုတာ ပြည်သူကို ဘယ်တုန်းက ညှာတာခဲ့ဖူးလို့လဲ။ ဘာတွေကို မျှော်လင့်နေရအုန်းမှာလဲ။ အမေမာက ပြောခဲ့ဖူးပြီးသား။

"အသေထွက်ပဲ ထွက်လိမ့်မယ်''တဲ့။

ဗိုင်းရပ်စ်ဟာ အတော်လေးမွှေနှောက်နေပြီ။ ရန်ကုန်ဟာ အသက်ရူရကြပ်နေတယ်။ အောက်စီဂျင်ပြတ်နေတယ်။ ကယ်မဲ့လူတွေဟာ  သတ်မဲ့လူတွေကြားမှာ စွန့်စားသွားလာနေကြရတယ်။ လူတွေဟာ ကျီးကန်းတောင်းမှောက်မျက်လုံးနဲ့ ပတ်ဝန်းကျင်ကိုကြည့်ရင်း ဥဒဟို သွားလာနေကြရတယ်။အလုပ်အကိုင်အခွင့်အလမ်းတွေကို အာဏာရှင်က ဖျက်ဆီးပစ်လိုက်ပြီ။

ဒါပေမဲ့ ရန်ကုန်ဟာ ရုန်းကန်နေပါတယ်။ အာဏာရှင်သေနတ်ပြောင်းကြားမှာ ရန်ကုန်မှာ ပရဟိတပန်းတွေပွင့်နေကြတုန်းပဲ။ အောက်စီဂျင်အတွက် မျှဝေနေကြတုန်းပဲ။ ကူညီရိုင်းပင်းနေကြတုန်းပဲ။

ခွင့်လွှတ်ပါ။စာရေးတာလောသွားလို့ ခွင့်လွှတ်ပေးကြပါ။ ရန်ကုန်တင် မကပါဘူး။ နေရာဒေသအားလုံးမှာ ပရဟိတပန်းတွေ ပွင့်နေကြတုန်းပဲ။ ရန်ကုန်ကွက်ကွက်လေးမဟုတ်ပါဘူး။ စာရေးတာ လောလို့ပါ။ ပြောပါ့မယ်။ ဆက်ပြောပါ့မယ်။ နေရာတကာမှာ အာဏာရှင်က သေနတ်နဲ့နိုင်စားနေတာမဟုတ်လားဗျာ။ တနိုင်ငံလုံး အသက်ရူကျပ်ရပါတယ်။ ဗိုင်းရပ်စ်ကလည်း နေရာအနှံမဟုတ်လားဗျာ။ အဲ့လိုပါပဲ...အတူတူပါပဲ။ အဲတာကြောင့်လည်း အားလုံးဟာ ရင်ဘတ်ချင်းတူနေကြပါပြီ။

နိုင်ငံအတွင်းက လမ်းမကြီးတွေပေါ် လူနာတင်ကားတွေ သတိကြီးကြီးနဲ့ မောင်းနှင်နေကြရတယ်။ လူသတ်သမားတွေရဲ့ ကားတွေလည်း မောင်းနှင်နေကြတယ်။ လူတွေဟာ ဥဒဟို သွားလာနေကြရင်း သူတို့စိတ်ထဲမှာ အတွေးတူတခုပဲ ရှိနေတယ်။

''စစ်အာဏာရှင်ဟာ အသေထွက်ပဲ ထွက်ရမယ်''တဲ့။

ဖိုးကျော်
မြောက်ဘက်တောင်ကုန်းဒေသ
၉/၇/၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar