မိုးကျော်ဇင် - သောကြာနေ့မှာ ကားလမ်းပေါ်က ဖားသေတကောင်ကို သတိရတယ်
သောကြာနေ့မှာ ကားလမ်းပေါ်က
မိုးကျော်ဇင်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၁
-
(၁)
ဒီနေ့သောကြာနေ့။ ပြီးတော့ မိုးဖွဲဖွဲလည်း မရွာ။ ဇွန်လမှာ ရေကာတာကြီးတခုကျိုးကျသလို သည်းသည်းမည်းမည်းရွာခဲ့တဲ့မိုးဦးမိုးဟာ ဇူလိုင်လ ပထမပတ်အရောက်မှာပဲ အရှိန်ကျသွားတယ်။ အခုတလော မိုးဟုတ်တိ ပတ်တိမရွာခဲ့တာ ရက်သတ္တပတ်လောက်တောင် ရှိခဲ့ပြီ။
ဒီမနက်မိုးလင်းတော့လည်း ပြတင်းပေါက်ကိုဖွင့်လိုက်တာနဲ့ အရှေ့ဘက်ကိုမျက်နှာမူထားတဲ့ တံခါး ပေါက်ကနေ နေရောင်စူးစူးရဲရဲက ဆလိုက်မီးထိုးသလို
ဖြာကျလာတယ်။ အိမ်သာဝင်နေတုန်းကလည်း ချိုးကူသံကြားလိုက်ရတယ်။ ဒီနေ့လည်း နေပူဦးမှာပဲ။
အိမ်ရှေ့ထွက်လာပြီး သမီးလေးနဲ့ ခြံထဲလမ်းလျှောက်တယ်။
သမီးလေးက သူ့ဘာသာဘာဝ ဆော့ကစားနေတယ်။ ကျွန်တော်က သံမဏိချောင်းတွေနဲ့တည်ဆောက်ထားတဲ့ခြံစည်းရိုးကနေ လမ်းဘက်ကို ငေးငေးနေမိတာပဲ။
တောမြို့ကလေးရဲ့ မြို့တွင်းလမ်းတလမ်းဟာ ကတ္တရာလမ်းသားလေးတွေ
မို့မို့မောက်မောက် နဲ့။ လမ်းက ခြံဝန်းမြေပြင်ထက်ပိုမြင့်နေတာမို့ ကတ္တရာလမ်းသားကို
ခပ်ထူထူမျဉ်းတကြောင်းလောက်ပဲ မြင်နေရတယ်။ ဆိုင်ကယ်တွေ တဝီးဝီးဖြတ်မောင်းသွားနေကြတယ်။
တခါတရံ ကားတချို့ ဖြတ်မောင်းသွားကြတယ်။ ပြီးတော့ လူတချို့လည်းဖြတ်သွားနေကြတယ်။ တူညီတာတခုက သူတို့အားလုံးနီးပါး မတ်စ်တပ်ထားကြတာပဲ။ ကျွန် တော်ကတော့ သူတို့မျက်နှာတွေထက်၊
သူတို့ဟာ ဘယ်သူဘယ်ဝါတွေထက် သူတို့တွေနင်းဖြတ်သွားကြတဲ့ ကတ္တရာလမ်းသားလေးပေါ်ကို ပဲ
မြင်ရသလောက် ကြည့်ရင်း တစုံတခုကုရှာဖွေနေမိတယ်။
ဟုတ်တယ်။ ကျွန်တော် တစုံတခုကို ရှာဖွေနေတာပါ။
ရွှေရှာတာမဟုတ်ပါဘူး၊ ငွေရှာတာ မဟုတ်ပါဘူး၊ အချိုရှာတာပါကိုကိုရယ်ဆိုတဲ့ ဆရာမဂျူးရဲ့ကဗျာလိုမဟုတ်ဘူး။ ကျွန်တော်ရှာနေတာ ဖားတကောင်ပါပဲ။လမ်းရဲ့ဒီဘက်ကနေ ဟိုဘက်ကိုဖြတ်ကူးနေတဲ့
ဖားတကောင်ကို ရှာနေတာ။ ဒီနေ့ စနေနေ့လည်း မဟုတ်ရပါဘူး၊ မိုးဖွဲဖွဲလည်း ရွာနေတာမဟုတ်ဘူး။
ဒါပေမဲ့ စနေနေ့တနေ့မှာ ကားလမ်းကြီးတလမ်းကို ဖြတ်ကူးနေတဲ့ ဖားလေးတကောင်ရယ်၊ အိမ်တအိမ်ရဲ့ပြတင်းပေါက်ကနေ အဲဒီဖားလေးကိုငေးနေတဲ့ မိန်းကလေးတယောက်ရယ်ကို ကျွန် တော် သတိရနေမိရဲ့။
( ၂ )
၂၀၁၉ ၊ ဧပြီလထုတ် ရွှေအမြုတေမဂ္ဂဇင်းရဲ့ရွှေအသစ်မှာ ဝတ္ထုတို ၄ ပုဒ် ဖော်ပြထားတယ်။ အဲဒီထဲက ဖတ်ခဲ့ရတဲ့မေနန်းမောင်ရဲ့လမ်းပေါ်ရောက်တဲ့ ဖားဝတ္ထုတိုကို မကြာခဏသတိရနေတုန်း။ ပြောရရင် အဲဒီဝတ္ထု တိုကိုဖတ်ရမှ မေနန်းမောင်ဆိုတဲ့ကလောင်နာမည်ကို စကြားဖူးတာ။ မေနန်းမောင်ကလောင်နဲ့ တခြားဝတ္ထုတိုတွေ တခါတရံ တနေရာရာမှာထပ်တွေ့ရပေမဲ့ ကျွန်တော် သိပ်မဖတ်ဖြစ်ဘူး။ နောက်တော့ ကျွန်တော်နဲ့သူနဲ့ ဖေ့စ်ဘွတ်ခ်မှာ မိတ်ဆွေ ဖြစ်လာတယ်။ မှတ်ချက်တွေမှာ အပြန်အလှန်ပြောဖူးတာ တခါတလေရှိပေမဲ့ ဆွေးဆွေး နွေးနွေးလည်း မရှိပြန် ပါဘူး။ အသားဖြူဖြူ၊ ထောင့်တွေထင်ရှားတဲ့ မျက်နှာ၊ မျက်မှန်တပ်ထားတဲ့အမျိုးသမီးတ ယောက်။
အခုသူရေးထားတဲ့၊ ရွှေအမြုတေ
ရွှေအသစ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လမ်းပေါ်ရောက်တဲ့ ဖားဝတ္ထုတိုအကြောင်း ပြောချင်မိတယ်။
ဝတ္ထုတိုမှာခေါင်းစဉ်ကအသက်လို့ပြောကြတယ်။ ခေါင်းစဉ်အပေးမတတ်ရင် ဝတ္ထုတိုကိုဖျက် ဆီးသလိုဖြစ်သွားတတ်တယ်လို့လည်း ကြားဖူးတယ်။ ဒါပေမဲ့ ဝတ္ထုတိုရေးသူတွေကတော့ သူတို့ဖန်တီးလိုက်တဲ့
ဝတ္ထုတိုခေါင်းစဉ်ကို (တခြားသူတွေ သဘောတူသည်ဖြစ်စေ၊ ကွဲလွဲသည်ဖြစ်စေ ) သူတို့စိတ်ကြိုက်
ပေးခွင့်ရှိတယ်မဟုတ်လား။
အခုဒီဝတ္ထုတိုမှာလည်း မေနန်းမောင်က သူ့ဝတ္ထုတိုခေါင်းစဉ်ကို
ဒီအတိုင်း ရိုးရိုးကြီးပဲပေးထားခဲ့ပါတယ်။လမ်းပေါ်ရောက်တဲ့
ဖား တဲ့။ ဝတ္ထုတိုကို ဖတ်ကြည့်တော့လည်း တကယ်ပဲ လမ်းပေါ်ရောက်နေတဲ့ ဖားတကောင်အကြောင်းရေးထားတာ ဖြစ်နေတယ်။ ပြောရရင် ဝတ္ထုတိုခေါင်းစဉ်ပေးတာ မာယာမပါဘူးဆိုပါတာ့။ ဒါပေမဲ့
ဝတ္ထုတိုရေးသူဟာ မာယာကို သူ့ဝတ္ထုတိုရဲ့ တခြားနေရာမှ သုံးထားတာကိုဖတ်ရင်း သိလာရတယ်။
( ၃ )
တခုသော စနေနေ့ မိုးတဖွဲဖွဲရွာနေချိန်မှာ မိန်းကလေးတယောက်က ပြတင်းပေါက်ကနေ လမ်းဘက် လှမ်းကြည့်နေတယ်။ လမ်းက ကားလမ်းပေါ့။ ကားလမ်းပေါ်မှာ ကားတွေက ဥဒဟို တဝီးဝီး ဖြတ်သန်းမောင်းနှင်သွားကြတယ်။ သူကလည်း အဲဒီကားတွေ ဖြတ်မောင်းသွားတာကိုပဲ ငေးကြည့်နေတာ။ ဒါပေမဲ့ သူ့အာရုံတွေက အဲဒီကားတွေပေါ်စူးစိုက်ရှိနေတာသေချာရဲ့လား။ သူတွေးနေတာ အဲဒီကားတွေအကြောင်းလား။ တခါတလေ ကျွန်တော်တို့ ဖြစ်ဖူးလေ့ဖြစ်ဖူးထ ရှိကြပါတယ်။ တနေရာရာကို ကြည့်နေတယ်ဆိုပေမဲ့ တကယ်တမ်း မြင်နေရတာက တခြားအရာတခုခုဆို တမျိုးပေါ့။ အခုလည်း ပြတင်းပေါက်က မိန်းကလေး မြင်နေရတာက မိုးတဖွဲဖွဲအောက်က ကားတွေမဟုတ်ဘဲ အခိုးတလူလူထွက်နေတဲ့ အတွေးတွေသာ ဖြစ်နေလေရဲ့။
“မိုးလင်းမိုးချုပ် အလုပ်နှင့်လက် မပြတ်သော်လည်း အိမ်အလုပ်လုပ်ရခြင်းသည် ကျွန်မအတွက် အပန်းမကြီး။”
“ဟူး
… အချိန်တွေကလည်း ကုန်တာ မြန်လှချည်လား။ ညနေ ၃ နာရီတောင် ရှိနေပြီ။”
ဒီဝါကျတွေကတော့ ဒီဝတ္ထုတိုထဲက
မိန်းကလေးရဲ့အလုပ်အကိုင်နဲ့ သူ့ရင်ထဲပစ္စက္ခရှိနေတဲ့ အတွေးတွေကို ဖော် ပြပေးထားတယ်။
ပြီးတော့ သူဟာ တခြားနိုင်ငံတခုခုမှာ လာရောက်အလုပ် လုပ်နေရတယ်ဆိုတာကိုလည်း သူ့အရေးအသားတွေနဲ့
မသိမသာအသိပေးသွားတယ်။ တချို့အရေးအသားတွေထဲကလို ကျွန်မက အိမ်ဖော် လုပ်ပါတယ်၊ ကျွန်မက
ဈေးရောင်းပါတယ်လို့ မပြောပါဘူး။ ပြီးတော့ ကျွန်တော့်မျက်လုံးတွေကို သူစီထားတဲ့ ဝါကျတွေအတိုင်း
ရှေ့ဆက်သွားဖို့ အချိန်ကုန်တာမြန်တဲ့အကြောင်း၊ ညနေ ၃ နာရီထိုးပြီ ဖြစ်တဲ့အကြောင်း
အတွေးတွေနဲ့ ဆွဲခေါ်သွားတယ်။
တကယ်လည်း ဒီကောင်မလေးတယောက် နာရီလက်တံတွေ
ညထဲတိုးဝင်သွားမှာကို တွေး ကြောက်နေတာ။ အထူးသဖြင့် ဒီလိုစနေနေ့တွေမှာပေါ့။
အသက် ၆၀ အရွယ် အိုကြီးအိုမ အဘိုးကြီးတယောက်ကို
ပြုစုရမယ်ဆိုတဲ့အလုပ်အတွက် ကျေးလက်တနေရာက မောင်နှမ ၃ ယောက်ထဲ အကြီးဆုံးကောင်မလေးတယောက်ဟာ
ရွှံ့စက်တွေပေနေတဲ့ ရွာလမ်းလေးအတိုင်း နိုင်ငံရပ်ခြားတိုင်းပြည်တခုကို ရောက်လာခဲ့တာ။
တကယ့်လက်တွေ့ဘဝမှာတော့ သူ ပြုစုလုပ်ကိုင်ပေးရမယ့်အိုကြီးအိုမဆိုတဲ့လူကြီးတယောက်ကိုဝတ္ထု ရေးသူက “ ဖွဲတဆုပ်မဟုတ်ဘူး၊ ဖွဲတအိတ်ကိုတောင်
အသာလေး မနိုင်တယ်” လို့ ဖော်ပြသွားတယ်။ အရပ်ထဲ ကျွန်တော်တို့ သုံးနေကျ၊ ကြားနေကျ ဖွဲတဆုပ်ဆိုတဲ့
စကား လုံးကို ဒီနေရာမှာ ကွက်တိသုံးသွားတယ်။ ဒါဆို ဒီကောင်မလေး ကြောက်တဲ့ စနေညတွေကို
ကျွန်တော်တို့ မြင်နိုင်ပါ ပြီလေ။
အိမ်ရှင်အဘိုးကြီးက စနေညတွေဆို သူသာမက သူ့အဖော်တွေကိုပါခေါ်လာပြီး အခကြေးငွေနဲ့ ကောင် မလေးရဲ့ အသွေးအသားတွေကို တောခွေးတွေလို အမဲဝိုင်းဖျက်ကြတယ်။
အဲဒီအခ ကြေးငွေကိုရသူက ကောင် မလေးမဟုတ်ဘူး၊ အိမ်ရှင်အဘိုးကြီးပဲ။ မိအေးနှစ်ခါနာဆိုတဲ့
ကျွန်တော်တို့ သုံးနေကျ ဥပမာစကားလုံးဟာ ဒီဝတ္ထုတိုထဲမှာတော့ ခေတ်နောက်ကျန်ခဲ့ရပါတယ်။
ကောင်မလေးက ဒီလိုနေ့ ဒီလိုအချိန်မှာ လာနေကျဖုန်းသံကို နားစွင့်ရင်း ပြတင်းပေါက်ကနေ အိမ်ရှေ့ကားလမ်းဘက်ကိုကြည့်နေတာ။ ကြည့်နေရင်း
သူ့မျက်လုံးရဲ့မြင်ကွင်းဧရိယာထဲ ဝင်လာတာက ဖားလေးတကောင်။ ကားတွေ ဥဒဟိုဖြတ်သန်းသွားလာနေကြတဲ့ကားလမ်းကြီးရဲ့ ဒီဘက်ခြမ်းကနေ ဟိုဘက်ခြမ်းကိုဖြတ်ဖို့ ကြိုးစားနေတဲ့ဖားလေးတကောင်။
ဒီဖားလေး ကားတိုက်ခံရတော့မှာပဲလို့ စိုးရိမ်တကြီး သူကြည့်နေတယ်။ သူစိုးရိမ်တဲ့အတိုင်းပါပဲ
လမ်းဖြတ်ကူးဖို့ ကြိုးစားနေတဲ့ဖားလေးကို ကားတစီးက ဖြတ်ကြိတ်သွားတယ်။ ပြီးတော့ နောက် ထပ်ကားတွေကလည်း
အဲဒီဖားလေးပေါ် ထပ်ထပ်ကြိတ်သွားကြတယ်။
“
ခုတင်ပေါ် လှဲနေရင်း မျက်လုံးတွေ မှိတ်ထားမိသည်။ လမ်းပေါ်က ဖားလေးကို မြင်ရ၏။ ကားဘီးတွေနှင့်
ရက်စက်စွာ နင်းခံရသည်။ နောက်ထပ် ကားဘီးပေါင်းများစွာ ထပ်ကြိတ်၏။ ဖားသေအတွက် မထူးခြားတော့။
နောက်ထပ် ဖားလေးတွေ ထပ်ရောက်မလာဖို့သာ လိုမည်။”
ဒီစာပိုဒ်ကတော့ ခုတင်ပေါ်မှာ
ကားဘီးပေါင်းများစွာရဲ့ ညပေါင်းများစွာ အကြိတ်ခံထားရတဲ့ မိန်းကလေးတယောက်ရဲ့ တနည်းအားဖြင့်
ဖားသေတကောင်ရဲ့ ရင်ထဲက တီးတိုးသံ၊ တီးတိုးဆန္ဒပါပဲ။ မိန်းကလေးတယောက်နဲ့ ဖားတကောင်ပါဝင်တဲ့
ဝတ္ထတိုတပုဒ်ဟာ ဒီနေရာမှာ အဆုံးသတ် ပါတယ်။ ဝတ္ထုတိုရေးသူ ပြောပြချင်တာကလည်း ဒီလောက်ပါပဲ။
ဝတ္ထုတိုဖတ်ပြီးတာနဲ့ ဒီဝတ္ထုတို ဟာ ရသ ၉ ပါးထဲက တပါးပါးလောက် ပေးချင်ရုံသက် သက်နဲ့
ဒီဝတ္ထုတိုကို ရေးတယ်မဟုတ်ဘူးဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။
( ၄ )
စာလုံးရေ တထောင်ဝန်းကျင်လောက်ပဲ ရှိမယ့် လူသိသိပ်မများတဲ့ ဝတ္ထုတိုရေးသူတယောက် ရဲ့ ဝတ္ထုတိုတပုဒ်ဟာ စာဖတ်သူကို အချိန်ကာလဘယ်လောက်အထိ လွှမ်းမိုးနိုင်မှာလဲ။ ဒါပေမဲ့ အဲဒီဝတ္ထုတိုလေးတပုဒ်ဟာ သား ရေဖုံး သမိုင်းကျမ်းကြီးတစောင်ထက် နိုင်ငံတနိုင်ငံရဲ့ လူသားတချို့ နေထိုင်ရှင်သန်ပုံကို ပိုပြီး ဖော်ပြနိုင်မယ်ဆိုတာကိုတော့ ကျွန်တော် သေသေချာချာ ပြောနိုင်ပါ တယ်။
ဒီအချိန်မှာ ကျွန်တော်နောက်ထပ်သတိရမိတာက
သတင်းတပုဒ်ပါပဲ။ စက်ရုံတွေပိတ်သိမ်းသွားတာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူဦးရေဟာ
၁ သန်းအထိရှိလာတယ်လို့ ဖတ်ရပါတယ်။ ဘယ်အဖွဲ့အစည်းရဲ့သု တေသနကို အခြေခံထုတ်ပြန်တယ်ဆိုတာတော့
ကျွန်တော်လည်း မမှတ်မိ။ သို့သော် ကိန်းဂဏန်းအနည်း ငယ်လွဲမှားတာကလွဲလို့ မြေပြင်အမှန်တရားနဲ့ ပိုနီးစပ်မယ်ဆိုတာ ကျွန်တော် တွေးမိပါတယ်။
စက်ရုံတွေ တရုံပြီးတရုံ၊ လုပ်ငန်းတွေ တခုပြီးတခု ခေါက်သိမ်းနှုတ်ဆက်ထွက်ခွာသွားတဲ့
သတင်းတွေ တပုဒ်ပြီးတပုဒ် ကျွန်တော်တို့ဖတ်နေရတာပဲ။ ရေမကြည် မြက်မနုနိုင်တော့တဲ့နေရာမှာ
ဘယ်လိုလယ်သမားကမှ ပျိုးကျဲချင်မယ်မဟုတ်ဘူး။ သူတို့တွေအတွက် ဂွတ်ဒ်ဘိုင်လုပ်ရတာ ခက်ခဲပါလိမ့်မယ်။
ဒါပေမဲ့ သူတို့ကိုမှီခိုနေကြတဲ့ အစာအိမ်တွေ အတွက် ပိုပြီး ခက်ခဲကျန်ရစ်ခဲ့မယ်ဆိုတာ
သေချာပါတယ်။
ဒီအလုပ်လက်မဲ့ဖြစ်သွားတဲ့ လူ ၁ သန်းဟာ ဘယ်ကိုရောက်သွားကြမှာလဲ။ ဖားကလေးတွေလို ကားတွေ တဝီဝီဖြတ်သန်းသွားနေတဲ့ကားလမ်းကို ဖြတ်ကူးဖို့
သူတို့ရဲ့ စွန့်စားခရီးကို လွင့် စင်ထွက်သွားကြတော့မှာလား။ ကားလမ်းပေါ်က ဖားသေတကောင်ရဲ့တီးတိုးဆန္ဒကို သူတို့ကြားနိုင်စွမ်းရှိတဲ့နားအစုံကု သူတို့ပိုင်ဆိုင်နိုင်ကြပါစေ။
( ၅ )
သမီးလေးကို ထိန်းရင်း လမ်းဘက်ကို ငေးနေမိရာက ဒီနေ့ သောကြာနေ့ဆိုတာကို စိတ်ထဲက ထပ်မံအတည်ပြုမိပြန်တယ်။ ဒါဆို မနက်ဖြန် စနေနေ့ပေါ့။ စနေနေ့ရဲ့ ညကို တွေးကြောက်ရင်း ပြတင်းပေါက်က ငေးနေမယ့် ဖားအသေလေးတကောင်ကို ကျွန်တော် နင့်နင့်စူးစူး သတိရနေမိပြန် ပါတယ်။ ။
မိုးကျော်ဇင် ( ၉ /၇ / ၂၀၂၁ )
-
t.me@moemaka
#WhatsHappeningInMyanmar