လင်းလက်နွေဦး - ရှားပါးသတ္တဝါ
လင်းလက်နွေဦး
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၁
မျက်စိထဲတော့ တနိုင်ငံလုံးကို စစ်မြေပြင်အဖြစ် မြင်နေမိတယ်။ တကယ်လည်း စစ်မြေပြင်ကြီးပဲ မဟုတ်လား။ ကိုဗစ်တတိယလှိုင်းက တဝုန်းဝုန်း၊ ဆူနာမီလို့ ခေါ်မလား၊ နာဂစ်လို့ ပြောမလား။ ကူပါ ကယ်ပါ အော်ဟစ်သံ တွေက နေရာအနှံ့ကနေ လွင့်ပျံချောက်ချားနေပါတယ်။ အရင်နေ့တွေက ငွေထုတ်စက်အနား၊ ဘဏ်အနားမှာ တန်းစီနေရတယ်၊ ဒီရက်ပိုင်းမှာတော့ အောက်ဆီဂျင် ဝေတဲ့အနား၊ စက်ရုံအနား လူတန်းရှည်၊ လူအုပ်ကြီးတွေကို တွေ့နေရပြန်တယ်။
ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းလေးကို ပြေးမြင်မိပါတယ်၊ လူတယောက်က သေတ္တာကြီးတလုံး ထမ်းလာတယ်၊ တယောက်က ဆရာ ထင်ပါရဲ့၊ ဘေးက လိုက်လာတာလေ။ အထမ်းသမားက တလမ်းလုံး ညည်းလာတာ၊ ‘လေးတာ… လေးလိုက်တာ’နဲ့ပေါ့။ ဒီတော့ ဘေးက ဆရာလုပ်သူက မနေနိုင်တော့ဘူးပေါ့ဗျာ၊ အထမ်း သမားပခုံးပေါ်က သေတ္တာပေါ်ကို ကျောက်ခဲခပ်လေးလေးတလုံး ထပ်တင်ပေးလိုက်တယ်။ တပည့်ကြီးခမျာ ထမ်းရင်း ညည်းရှာတယ်၊ ‘လေးလိုက်တာ… လေးလိုက်တာ’နဲ့ ဒူးတွေ ခွေ၊ ခြေတွေ ညွှတ် ပေါ့။ အတော်ကြာမှ၊ သေတ္တာပေါ်က ကျောက်ခဲကို တုတ်နဲ့ ထိုးချ ပေးလိုက်တယ်။ တပည့်ဖြစ်သူက ပျော်သွားတာမှ အပျော်ကြီး ပျော်သွားတယ်၊ ‘ပေါ့သွားပြီ… ပေါ့သွားပြီ’ တဲ့ဗျ။
ဒုက္ခတွေ တခုပြီးတခု ပေးတာမျိုး၊ အတွေ့အကြုံမျိုး၊ ဇာတ်လမ်းမျိုး တွေ့ဖူးကြရဲ့လား။ ကျွန်တော်တွေ့ဖူးတဲ့ လူမိုက်တွေ ရှိခဲ့တယ်။ ရွာတရွာမှာပေါ့၊ ‘မုန်တိုင်း’ဆိုတဲ့ လူ ရှိတယ်။ အဲလူကို တွေ့ဖူး တယ်၊ မိုက်ဇာတ်တွေကို ကြားဖူးတာလည်း ရှိသလို မြင်ဖူးတာလည်း ရှိတယ်။ ကြားဖူးတာက သူတို့ရွာ ကြံခင်းထဲ သူက မူးနေတုန်း၊ သီလရှင်နှစ်ပါးက ဆွမ်းဆန်စိမ်းအလှူခံ ကြွလာတာပေါ့။ ကြံနှစ်ခင်းကြား လမ်း ထဲ ဆုံကြတော့၊ မုန်တိုင်းက ဆရာလေးတွေကို တားတယ်၊ ဘာလုပ်လာတာလဲ မေးတယ်၊ ဆွမ်းဆန်စိမ်း အလှူခံကြွတာပါ ဖြေတော့၊ ဒီနေ့က ဘာနေ့မို့လဲတဲ့။ အဖိတ်နေ့လည်း မဟုတ်ဘူး၊ အဝေးဖိတ်လည်း မဟုတ်ဘူး၊ အလှူခံကြွရသလားဆိုပြီး ဆန်ဗန်းကို ချခိုင်းတယ်။ ပိုက်ဆံတွေပါ တွေ့တော့၊ သူက အကုန် ယူတယ်၊ ပြီးတော့ ဆရာလေးတွေကို ‘အက’ခိုင်းတယ်။ မကတတ် ကတတ်တွေဆိုတော့၊ ကြည့်မကောင်းဘူး ဆိုပြီး (ကန်တော့ပါရဲ့) ထမီချွတ်ကခိုင်းပြန်တယ်။ အော်… ခုဆို ဆွမ်းဆန်လှူဖို့ အတော်ခက်နေပြီ။
များမြောင်လှတဲ့ မိုက်တွင်းနက်မှုတွေထဲက တခုတလေတော့ ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ကျွန်တော် က သူစိမ်းဆိုတော့ သူက ခပ်တန်းတန်းပါပဲ။ သူ့အိမ်နားက လူနာတစ်ယောက် ကြည့်နေတုန်း ‘ဝုန်း ဒိုင်း’သံ တွေ ကြားရတာပေါ့။ အိမ်နီးချင်းတွေကတော့ ရိုးအီနေတဲ့ ပုံ။ မယားလုပ်သူက အရက်ဖိုးမပေးလို့၊ ရိုက်နှက်နေ တာ၊ အမေကိုလည်း ‘အမေ ဝင်မပါနဲ့’တဲ့၊ ကုတ်နေရတယ်။ သူ့အိမ်မှာလည်း အကောင်းတခု မကျန်ပါဘူး။ ရိုက်ခွဲပစ်ထားတာတွေလေ။ ရွာလူကြီးကလည်း သူ့ကြောက်နေရတာပဲ၊ မုန်တိုင်း… မုန်တိုင်းလေးနဲ့ ချော့နေရ ရှာတယ်။ သူ့ဆရာ ဘုန်းကြီးပျံတော်မူသွားတော့၊ ကျောင်းထိုင်တဲ့ ဦးဇင်းကြီးကို စကားထဲတောင်ထည့် မပြောတဲ့ကောင်ပေါ့။ ဦးဇင်းကြီးကလည်း သူ့အားနည်းချက်နဲ့သူဆိုတော့ ‘မုန်တိုင်း’ကို ဒီအတိုင်းလွှတ်ထားလိုက်ရတယ်။ ‘ဟိုဘက်အိမ်မှာ ဆရာ ရောက်နေတယ်’လို့ သူ့အမေက ကျိတ်ပြောသံကို ကြားရပါတယ်။ ‘ဘာ ဆရာလဲ… -ီး ဆရာလား’တဲ့၊ ဆွမ်းခံရင်း ငှက်သင့်ရဖူးတယ်။
တနေ့တော့၊ ဆေးခန်းကို သူ့မိန်းမ ပြာယီးပြာယာ ရောက်လာတယ်၊ မုန်တိုင်း အပြင်းဖျားနေလို့တဲ့။ ဒီလူတွေက အထက်ကနေ သစ်ဖောင်ဝါးဖောင် ချတဲ့ကောင်တွေ၊ ငှက်ဖျားထပြီပေါ့။ ချက်ချင်းလိုက်ကြည့်၊ သွေးစစ်၊ ဆေးပေးပေါ့ဗျာ။ ငါ့ကောင်ကြီး သုံးလေးငါးရက် ကုယူရတယ်၊ ပုလင်းကြီးတွေ ဘာတွေ ချိပ်ပေးရ တယ်။ ငှက်ဖျားက သွေးတွင်းအချိုဓာတ် ကျတယ်လေ။ အားရှိအောင် စားခိုင်းရတာပေါ့။ ခပ်ကြမ်းကြမ်း သမားတွေ၊ ဖျားတာ နာတာလောက်ကတော့ အရက်ထဲ ကြက်ဟင်းခါးရွက် ထည့်သောက်၊ ငန်းနီကျော် ထည့်သောက်တာနဲ့ ပျောက်တယ်။ ခု ငှက်က အတော်ကိုက်လိုက်တယ်ထင်တယ်၊ သိသိသာသာ ပိန်ချုံးသွား တယ်။ အဖျားတွေ တက်၊ ကယောင်ကတမ်းတွေ ဖြစ်၊ ဝုန်း ဒိုင်း သောင်းကျန်း၊ သတိတွေဘာတွေ လစ်ပေါ့ လေ။ တချို့က သေလူလို့တောင် ပြောနေကြပြီ။ သေစေချင်တာလည်း ပါမယ်ပေါ့။ ဆေးပတ်လည်တော့ ပြန်ထောင်လာတာပဲ။ ဆေးခန်းထဲ မြက်ရှင်း ပေါင်းပေါက် ပေးနေတာ၊ ဟိုနား ဒီနား ညရေးညတာ အဖော်လိုက် ပေးနေတာ ဘယ်သူလဲ သိလား၊ နယ်ကျော် လူမိုက်ကြီးပဲ။
ဒုက္ခတွေ တစ်ခုပြီး တစ်ခု ပေးနေတဲ့သူတောင် ‘ကျေးဇူးတရား’ကို နားလည်နိုင်စွမ်း ရှိပါလားလို့ တွေးမိပါတယ်။
တချို့ကတော့ အဆုံးထိ မိုက်သွားတဲ့ကောင်တွေနော်။ ငယ်သူငယ်ချင်းတယောက်ပါပဲ၊ သူ့ အကြောင်း ရေးပြဖူးတယ်။ ငယ်ကတည်းက အလိုလိုက်ခံထားရတာလည်း ပါမယ်၊ ဆုံးမပေးမယ့် လူကြီး မိဘနဲ့၊ စာပေနဲ့ ဝေးခဲ့လို့လည်း ဖြစ်မယ်၊ အတော်မိုက်တယ်။ သူမိုက်တာကတမျိုး၊ သူ့မိသားစုအပေါ်ပဲမိုက်တာ၊ သူများအပေါ် အတော်ကောင်းတဲ့ကောင်ပေါ့။ ‘လိုက်မလား’ မမေးနဲ့ ရှေ့ဆုံးကပဲ။ သူငယ်ချင်းတယောက်ယောက် တခုခုဖြစ်ပြီးဆို ရှေ့ ဆုံးကပဲ။ အောင်မယ်၊ ပရဟိတအဖွဲ့ဝင်ဗျ။ ခက်တာက အရက်ဗျ၊ အရက်၊ မိုးလင်းမိုးချုပ် အရက်။ သူ့မိန်းမခမျာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ရရှာတယ်။ သေခါနီးအထိ၊ အရက်တောင်းသောက်သွားတယ်။ ပါးစပ်လေး ဟပြီး၊ အသံတိတ် တောင်းနေတာ၊ ဘေးကလူတွေက သနားလွန်းလို့၊ ဂွမ်းပေါက်လေးနဲ့ ချပေး လိုက်တာ၊ လျှာကလေးနဲ့ သပ်သပ်ပြီး အရသာခံသွားတယ်။
မိုက်တယ် ဆိုပေမယ့် ဒီကောင်က လူမှုရေးကျေတယ်၊ သူ့အသုဘ လူစည်ကားခဲ့တယ်။
မိုက်တယ် ဆိုပေမယ့် တချို့ကျတော့ လူချစ်လူခင်များတဲ့ သူတွေ ရှိသေးတယ်။ ကျွန်တော်တို့ရွာမှာ၊ ‘ခုချိန် အဲလူရှိရင်’ လို့ ပြောနေကြဆဲပါပဲ။ အဲလူက သူ့အပေါ် ယုတ်မာခဲ့သူတွေကိုပဲ တုန့်ပြန်ခဲ့တယ်တဲ့။ တခုလေးတော့ ပြစ်ချက်ရှိပါတယ်။ ဒါပေမယ့် သူ အင်အားကြီးလာတဲ့အချိန်မှာ လုပ်သမျှတွေက လက်တုံ့ ပြန်တာတွေချည်းပါပဲ။ သူရှိနေတုန်းက တနယ်လုံးအေးချမ်းတယ်၊ ခိုး ဆိုး လု နှိုက်တာတွေ လုံးဝမရှိဘူး။ ခုဆို သူခိုးတွေတောင် ရာ ထူးတိုးပြီး နေ့ခင်းကြောင်တောင် အနုကြမ်းစီးနေကြပြီနော်။ ဆိုင်ကယ်လု၊ ပိုက်ဆံအိတ် လု၊ ဆွဲကြိုးဖြတ်ကနေ ဘယ်အဆင့်ထိရောက်လာမလဲစိုးထိတ်နေရတယ်။ သူရှိတုန်းကတော့ သူ့အပေါ် မကောင်းခဲ့တဲ့သူတွေနဲ့ မိသား စုဆွေမျိုးသားချင်းတွေအတွက်တော့ ‘မြွေ’ပေါ့။ ကောင်းကောင်းမနေရဘူး၊ ထွက်ပြေးတိမ်းရှောင်နေရတယ်။ မရှောင်လို့လည်းမရဘူးလေ၊ အဲလူက ‘သတိပေးစာ’ပို့ပြီး လာသတ်တာကိုး။ ပြဇာတ်ဆန်တယ်၊ ရူးကြောင် ကြောင် နိုင်တယ်ဆိုပေမယ့် ယောကျ်ားပီပီ လုပ်ရဲတယ်လို့ ချီးကျူးမိပါတယ်။
တချို့က မိုက်တယ်၊ လက်နက်ရှိလို့ မိုက်ရဲတာ။
တချို့က မိုက်တယ်၊ ကာယဗလရှိလို့။
တချို့က မိုက်တယ်၊ နောက်ခံ လူအင်အား၊ ငွေအင်အား ရှိလို့။
တချို့က မိုက်တယ်၊ ကျပ် မပြည့်လို့။
တချို့က မိုက်တယ်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိလို့။
စသဖြင့်ပေါ့လေ၊ မိုက်ပုံမိုက်နည်း အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် မိုက်ရုံမိုက်ရင်တော့ အော့ကြောလန်လူ ယုတ်မာ မဖြစ်သေးပါဘူး။ မြတ်စွာဘုရားလက် ထက် သန္တတိအမတ်ကြီး၊ သောက်စားမူးရူး နေတာပဲနော်။ စစ်အောင်တော့ ဘုရင်က ဘုရင့်စည်းစိမ် တစ်ပတ်ချီးမြောက်ထားတာ။ ခုနှစ်ရက်မြောက်တဲ့နေ့ အရက်နံ့တထောင်းထောင်းနဲ့ မြစ်ထဲ ခေါင်းဆေးမင်္ဂလာ လုပ်နေတုန်း၊ ဘုရားနဲ့တွေ့ တရားသဘောပေါက် တော့ အရက်ရှိန် မသေသေးဘူးလို့ ပြောတာပဲ။ အပြန်လမ်းမှာ Accident တခုနဲ့ ဆုံးတော့၊ ပရိနိဗ္ဗန် စံတော် မူပြီလို့ ဘုရားဟောတာတောင် မယုံသင်္ကာဖြစ်ကြသေးတယ်။ မူးရူးသောက်စားနေတာ၊ စစ်ပွဲမှာ လူတွေကို သတ်ဖြတ်နေတာ မိုက်တယ်ခေါ်နိုင်မလား။ ဒါပေမယ့် မယုတ်မာဘူး။ ဒါကြောင့် နှလုံးသားဟာ ဖြူစင်နိုင်သေး တယ်ပေါ့။ တရားနှလုံး သွင်းနိုင်သေးတယ်နော်။
ကမ်းကုန်အောင် ယုတ်မာတဲ့သူတွေ ကမ္ဘာပေါ် မြန်မာ့မြေပေါ် ထွက်ပေါ်ခဲ့တယ်၊ ရှိနေပါတယ်။ ကျွန်တော်တို့ သိခဲ့ ခံစားခဲ့ရတဲ့ ဟစ်တလာတို့ ဟူစိန်တို့ အိုစမာတို့ ကဒါဖီတို့၊ ဦးစောတို့ နေဝင်းတို့ သန်းရွှေတို့ မင်းအောင်လှိုင်တို့။ စစ်သွေးကြွတွေ၊ စစ်အာဏာရှင်တွေ။ ကျန်တဲ့သူတွေက ယုတ်မာချင်ပေမယ့် ယုတ်မာချင် သလောက် ယုတ်မာနိုင်စွမ်း မရှိကြဘူး ထင်ပါရဲ့၊ ဒီကောင်တွေလောက် မယုတ်မာဘူး။ ယုတ်မာခြင်းဆိုတာ ပြောရတာသာ လွယ်တာ၊ သူလည်း ‘အယုတ်ပါရမီ’ရှိမှ ရမယ်ထင်ပါတယ်။ ‘ခွေးကြီး၊ သူတောင်းစားကြီး၊ ဖာသည်မကြီး’လို့ အဆဲခံနိုင်ပေမယ့် လူယုတ်မာကြီးလို့ ဆဲရင် ဆတ်ဆတ်ထိမခံတာ တွေ့ဖူးတယ်နော်။ မှန်လည်း မှန်ပါတယ်၊ တကယ်ယုတ်မာနိုင်ဖို့ဆိုတာ သန္ဓေသားဘဝကတည်းက ဗီဇယုတ်လာမှ။
ပြောင်းပြန်အားဖြင့် ကြည့်ပါလား၊ ဘုရားလောင်းနတ်သားက ဘုရားဖြစ်မယ့် သိဒ္ဓတ္ထမင်းသားဘဝ သန္ဓေယူတော့မယ်ဆိုတော့ ကြည့်ခြင်းကြီး ငါးပါးနဲ့ သေချာစိစစ်ပြီးမှ ရောက်လာတာလေ။ ဟို၊ မိန်းမယုတ် ကို ကြည့်ပါ့လား၊ စိဉ္စမာနပေါ့။ မန်ကျည်းပင် သံသေဒဇ သန္ဓေစွဲရတယ်။ ဇာတသတ်ကို ကိုယ်ဝန်ဆောင်တုန်း က ဗိမ္ဘိသာရမင်းကြီးရဲ့ လက်မောင်းသွေးကို သောက်ချင်တယ်လို့ ချဉ်ခြင်းတပ်တယ်နော်။
ထားပါတော့၊ ဒီ စစ်သွေးကြွ၊ စစ်အာဏာရှင်တွေကတော့ ဘာနဲ့မှ နှိုင်းမမှီပါဘူး။ ဘုရားအဆူဆူ ဟောလည်း မောရုံပဲ ရှိမယ့်သူတွေ။ အကြောင်းမဲ့ အာဏာ သိမ်းတယ်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွင်းတယ်၊ မိမိဆန္ဒအလျှောက် အလုပ်တာဝန်မဆင်းတဲ့ သူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး နှိပ်စက်တယ်ဗျာ၊ အလုပ်မဆင်းတဲ့သူတွေကို ကူညီထောက်ပံ့ပေးနေသူတွေကို မတရားဖမ်းဆီးတယ်၊ ကျောင်းသားလူငယ်တွေကို စစ်သင်တန်းတက်လာတယ်ဆိုပြီး၊ လက်နက်တွေ့တယ်ဆိုပြီး ဖမ်းဆီးနှိပ်စက် တယ်၊ အစိုးရယန္တရား ပုံမှန်လည်ပတ်ပါတယ်လို့ ပြောလို့ရအောင် လူမပါ ကုန်မပါဘဲ မီးရထား ဆွဲခိုင်းတယ်၊ အပ်မယ့်သူမရှိတဲ့ ဘဏ်တွေ ဖွင့်ခိုင်းတယ်၊ ကိုဗစ်ကာလအတွင်း စာသင်ကျောင်းတွေ ပြန်ဖွင့်တယ်၊ ဘဏ်ထဲက/ မြေပေါ်/ မြေအောက် ရောင်းလို့ရသမျှ အကုန်ရောင်းပစ်တယ်၊ ပြည်တွင်းစစ်လို့တောင် မခေါ်နိုင်သေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ လေကြောင်းသုံးတယ်၊ လက်နက်ကြီးတွေ သုံးတယ်။ ရှိအုံးမယ်။
အဲဒါတွေထက်ပိုယုတ်မာလာတာက ကိုဗစ်တတိယလှိုင်းမှာ တွေ့ရတာပဲ။ ကုသစောင့်ရှောက်မှုတွေ စီမံဆောင် ရွက်ထားတာ မရှိ၊ ရောဂါပျံ့နှံ့မှုကိုလည်း စနစ်တကျ မထိန်းချုပ်၊ ပြည်သူတွေအတွက် ဝယ်ထားတဲ့ ကာကွယ် ဆေး (ကိုဗစ်ရှီး)ကို စစ်တပ်အတွက် သိမ်း၊ ပြည်သူတွေ လိုအပ်နေပါတယ်ဆိုတဲ့ ဆေးဝါးတွေ၊ အောက် လဆီဂျင်တွေကိုလည်း သိမ်းပြီး စစ်တပ်အတွက်ပဲ သုံး၊ အရင် ကိုဗစ်ဒုတိယလှိုင်းတုန်းက ပြည်သူ့အစိုးရ စနစ်တကျ စီမံကာကွယ်ထားသမျှတွေကို ဖျက် ဆီးပစ်ပါတယ်။ ကြည့်ပေါ့၊ ရုရှကာကွယ်ဆေးကို မှာထားတယ်ဆိုပေမယ့် သောင်းဂဏန်းလောက်သာ ရနိုင်မယ် ပြောတယ်။ မှာထားတာက နှစ်သန်းဆိုလား။ ကွာရန်တင်း စင်တာဆိုပြီး ဖေ့ဘုတ်ပေါ်မှာ တက်လာတော့ မြင်လိုက်ရတယ်မဟုတ်လား၊ ‘နံ့သာဆီနဲ့ အီး’ပါပဲ။ ကြားလိုက်ရမှာပါ၊ အောက်ဆီဂျင်ရဖို့ စောင့်နေတဲ့သူတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ အောက်ဆီဂျင်စက်ရုံတွေ သိမ်းတာတွေ။ အရင်က ဒုက္ခသည်စခန်းအတွက် ပို့ပေးတဲ့ အစားအသောက်၊ ရေ ရိက္ခာတွေကို ဖြတ်တောက်လုယူတာထက် ပိုဆိုးပါတယ်။ အဲဒီကောင်တွေလူမဟုတ်တော့ဘူး၊ ရှားပါးသတ္တဝါတွေလို့ ကဗျာဆရာကြီးတယောက်ကတော့ ပြောပါတယ်။
‘ရှားပါးသတ္တဝါ’
ထင်ကြတာပဲ
ကိုယ့်ကိုယ်ကို မပြိုနိုင်တဲ့ ကျောက်တောင်။
အဲဒီလိုနဲ့
လက်ရဲဇက်ရဲ
မလုပ်ရဲတာ မရှိ
မရှိတာကို လုပ်ရဲ
မလုပ်တာတွေ ရှိရဲ။
အိပ်မက်တွေကို အမှုဆင်
ရုံးတင် ထောင်ချ ရဲပါဘိ
သေနတ်သာ အမိ သေနတ်သာ အဘ။
မီးတောင်လို့ လာမဖွနဲ့
ငါ့ပလ္လင် ငါ
မထိုင်ရဲစရာ မရှိ။
အကောင်သာ ကြီးပြီး
ဦးနှောက်သေးသူ့နိဂုံး
ဒိုင်နိုဆောလို
မျိုးတုန်းရဲသလားတော့ မသိ။
မောင်မှိုင်းလွင်- (အင်းဝ)
လင်းလက်နွေဦး
၁၃.၇.၂၀၂၁
ညနေ ၅နာရီ ၁၀မိနစ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar