Breaking News

မိုးမခကဗျာ - မြင့်အောင်သန့်၊ တိုးနှောင်မိုး၊ မင်းငြိမ်းအေး

Art - Crd
မိုးမခကဗျာ
သြဂုတ် ၁၊ ၂၀၂၁

အမှောင်ကအရုဏ်ရဲ့အနီးဆုံးကိုရောက်နေပြီ
မြင့်အောင်သန့်

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ မသွဲ့သွဲ့ခိုင်၊ ကြယ်စင်
ဦးခေါင်းကိုသေနတ်နဲ့ပစ်သတ်သွားတယ်။

ဖခင်ရင်ခွင်ထဲက
(၇)နှစ်အရွယ်သမီးလေး
ရင်ဝတည့်တည့်ကို
သေနတ်နဲ့ပစ်သတ်သွားတယ်။

ပြတင်းပေါက်ကိုကျောမှီပြီး
တုန်ယင်နေတဲ့
ပရဟိတအမျိုးသမီး
တိုက်ပေါ်ကတွန်းချသွားတယ်။

စစ်အာဏာရှင်ကိုတော်လှန်ရင်း
လမ်းမပေါ်မှာကျဆုံးနေတဲ့
ပြည်သူ့ဘက်တော်သား
ခြေထောက်ကိုတရွတ်ဆွဲပြီး
မီးပုံထဲပစ်ထည့်သွားတယ်။

သေအံ့ဆဲဆဲ
တစ်ကိုယ်လုံးဓားဒဏ်ရာတွေနဲ့
အံကိုတင်းတင်းကြိတ်ထား
စစ်အာဏာရူးကိုမမှုသူ
ပါးစပ်ထဲအပြင်းစားအက်ဆစ်တွေလောင်းထည့်သွားတယ်။

အလျားဆယ်ပေအနံရှစ်ပေခန့်ကျယ်တဲ့
အကျဉ်းတိုက်ခန်း
သော့ခတ္ထားတဲ့သံတိုင်တံခါး
သောက်ရေအိုးတစ်လုံး
ခြေသံ...ရှပ်ရှပ်
အမှောင်ထုက
တစ်ခန်းလုံးကိုဖုံးလွှမ်းသွားတယ်။

ညက
သေလုမျောပါးဒဏ်ရာတွေနဲ့
မေ့မြောသွားတဲ့မိန်းမပျို ခုနှစ်ဦး
အပြုံးပန်းတွေနဲ့နိုးထလာတယ်
ပြီးတော့
မှင်တက်မိသွားကြတယ်။

အခန်းထောင့်ကမြေအင်တုံ(သူတို့အခေါ်ဂန်ဖလား)
အထဲမှာ
လှုပ်နေတဲ့ကြိုးကွင်းတစ်ခု
အမှောင်က အရုဏ်ရဲ့အနီးဆုံးကိုရောက်နေပြီ။

၃၀၊ ၇၊ ၂၀၂၁

...

သြဂုတ်များ
တိုးနှောင်မိုး

သမိုင်းစာမျက်နှာထဲကသွေးအိုင်
ကမ္ဘာ့စာမျက်နှာထဲကအရေးအခင်း
နှလုံးသားမှာမျက်ရည်စစ်စစ်တွေ။

ပြန်တွေးမိတယ်
ပြန်ရေးမိတယ်
အလံကလွှင့်ဆဲ
လက်သီးကဆုတ်ထားဆဲ။

ပန်းခင်းလမ်းမဟုတ်မှန်း
နတ်ဘုရားတိုင်းသိတယ်။

ဆူးကို
ပန်းနဲ့ထွင်းလိုက်ပြီ
ပန်းတစ်ချပ်မှမလွတ်စေရဘူး
သွေးတစ်ချပ်မှမပွင့်စေရဘူး
အရေးတော်ပုံလ။  ။

1 aug 21
3:18am
     
...

ငယ်ချစ်
မင်းငြိမ်းအေး

သွေးသွင်းဖို့လိုတယ်တဲ့
ကဗျာတစ်ပုဒ်နဲ့ငါရောက်သွားတယ် ။
သွေးနဲ့ကဗျာအတူတူဆိုတာ
ငါ၊ပြောမထွက်ဘူး ။
နင်မှမသိတာ
ငါမှမသိတာ
လွမ်းစရာဆိုတာဒါပါပဲ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar