Breaking News

မိုးမြင့်ယံ - မေ့မရခြင်း အဖြစ်နဲ့ နိုင်ငံတော်သစ်ဆီသို့ ...

Art - Than Htay Maung
မေ့မရခြင်း အဖြစ်နဲ့ နိုင်ငံတော်သစ်ဆီသို့ ...
မိုးမြင့်ယံ
(မိုးမခ) သြဂုတ် ၁၊ ၂၀၂၁

ဇူလိုင်မိုးသည် ထိုသို့ပင် တစိမ့်စိမ့်ရွာတတ်လေသလားမသိ နိုးထလာချိန်မှစ၍တဖွဲဖွဲနှင့် အလွမ်းတို့အား သည်ဆောင်လာခဲ့လေသည်လား ။

တစ်ကိုယ်စာ ဝပ်ကျင်းလေးတစ်ခုမှာ ကြောက်ရွံ့ ထိတ်လန့်စွာ နဲ့ မေမေ့ရင်ခွင်ထဲခဏတာ ပြန်လည်ရောက်ရှိလာတဲ့ လူမိုက်တစ်ယောက်ရဲ့ အလွမ်းက သက်တံတစ်စင်းလိုတော့ ဘယ်လိုလုပ် လှပနိုင်ပါမလဲ ။
လွင့်ဝေးပျောက်ကွယ်သွားတဲ့ တိမ်စိုင်တွေနောက်ကိုမှ လိုက်မိတဲ့ စိတ်ဒဏ်ရာဟာ မှိုင်းမှိုင်းညှို့ညှို့ အလွမ်းတွေပါပဲ ညို ရယ် ။
ငါးနှစ်တာ ကာလဆိုတဲ့ အချိန်မြစ်ကြီးတစ်စင်းအောက်မှာ ငါ အလွမ်းတွေနဲ့ နစ်မြှုပ်ပျော်ဝင်ပျောက်ဆုံးခဲ့နေရပေမဲ့လည်း ဒီလိုအချိန်တွေရောက်တိုင်း မိုးနဲ့ အတူ ရောငိုနေရတုန်းပါပဲ ညို  ။
ခုတော့ စီးဆင်းရွေ့လျားခြင်းမြစ်တွေကိုမှ ငါတို့ ကဗျာတွေ ဆန်တက်ဖို့ကြိုးစားနေပြီလေ ။
နင့် ရဲ့ ငြိမ်းချမ်းအေးမြခြင်းဟာ သေခြင်းတရားဆိုရင် ငါတို့ ရဲ့ အသက်ရှင်နေထိုင်မှု့မှာ တိုက်ခိုက်တွန်းလှန်ကြဖို့အတွက်ပါ ညို ။

တကယ်တော့ ဘယ်သူဝန်ကို ဘယ်သူထမ်းထမ်း ချစ်ခြင်းမေတ္တာကသာ ငြိမ်းချမ်းအေးမြစေတဲ့ ဗိသုကာတစ်ရပ်ပါလေ ။
ခုတော့ စွေနေတဲ့ မိုးတွေအောက်မှာမှ ငါတို့ ဘဝတွေ အသက်ရှူကြပ်နေကြ မိုးနဲ့အပြိုင်ရောငိုနေကြရ ။
အလွမ်းရဲ့ သိပ်သည်းဆတွေ ကြီးလွန်းလှတဲ့ အခါ ရင်ဘတ်ထဲကအောင့်မျက် နာကျင်မှု့တွေကို တစ်ကိုယ်ရေ ဟစ်အော်ပေါက်ကွဲခွင့်ရချင်နေမိပြန်တယ် ၊ ငယ်ရွယ်စဥ်အချိန်ကလိုမျိုးပေါ့ဟာ ။
အောက်ဆီဂျင်တွေ ရှားပါးလွန်းတဲ့ အခါ မိုင်ပေါင်း သုံးရာကျော် ခရီးက ငါ့ ရဲ့ ချစ်ဇနီးကိုလည်း စိတ်ပူရပြန်သေးတယ် ။
လေထုထဲက မမြင်နိုင်တဲ့ ပိုးမွှားတွေဟာ ချစ်ခြင်းကိုများ သင်းကွပ်ပစ်နိုင်မလားလိုပေါ့လေ ။
အေးစက်တုန်ရင်ခြင်းမှာတောင်မှ ငါတို့ သွေးတွေ နွေးမြနေတုန်းဆိုတာ နင်ရှိရင်  စိတ်ပူနေဦးမှာလားဟင် ? ။
တကယ်တော့ နင် ဟာ ငါ့ ဘဝ ရဲ့ ချစ်စရာအကောင်းဆုံးသော သူငယ်ချင်း မိန်းခလေး တစ်ယာက်ပါပဲ ညို ။
ဒိအချိန်နင်ရှိနေရင်လည်း နင့်ကို စိတ်ပူပင်လွန်းတဲ့ ငါ့ကို ချစ်ဇနီးလေးက ငြိုငြင်နေမှာလား ငါ တကယ် သိချင်မိပါသေးတယ် ။
လင်းမြဖြာဝေခဲ့တဲ့ ငါ တို့ ကမ္ဘာရဲ့ နေ့ညတွေဟာ ခုဆို အမှောင်အတိဖုံလွှမ်းလို့ပေါ့ ဟာ ။
ငါတို့ မှာ ငိုသံတွေကို ချော့သိပ်ပြီး တိတ်တိတ်ကြိတ်ဆွေးနေရတဲ့ အဖြစ် ၊ မျက်ရည်တွေကို မိုးကြိုးမုန်တိုင်းအဖြစ် ဖန်ဆင်းခွင့်ရချင်နေမိပြီ ။
ပျော်ဝင် အေးခဲပစ်လိုက်ဖို့ စိတ်ပုံဆောင်ခဲ တစ်ခုအဖြစ် ဖန်ဆင်းရင်း ကျဆုံးသွားသူတွေအတွက် ငါ အသက်တောင်မရှူချင်တော့ဘူး ။
ဒါပေမဲ့  ငါတို့ မျက်ရည်တွေသွေးမြေကျရသလို မိစ္ဆာဆိုးတွေကို ကမ္ဘာမြေပေါ်က မောင်းနှင်ထုတ်ဖို့ အတွက် ငါတို့ ရသလောက်အသက်ရှင်ဖို့ အရေး ကြိုးစားပြီး ရှင်သန်အောင်အောင် မွေးမြူရဦးမယ် ။
တမလွန်ရဲ့ ငြိမ်းချမ်းအေးမြခြင်း သန္တိသုခကို မိစ္ဆာတွေကို ငရဲပို့ပြီးမှ ငါတို့ရဲ့လိပ်ပြာတွေနဲ့ လွင့်လွင့်ဝဲဝဲ လာခဲ့ပါ့မယ်ဟာ ။
ခုတော့ ဇူလိုင်ရဲ့ မိုးရေစက်တွေအောက်မှာ အာဇာနည်တွေရဲ့ သံမဏိစိတ်ဓာတ်တွေကို မိုးရေလိုချိုးပြီး ငါတို့ရဲ့ နိုင်ငံသစ်ကို ပြန်လည်ဆောင်ကြည်းလိုက်ပါရစေဦးကွယ်။

                                  မိုးမြင့်ယံ
                                 14 . July . 2021
                                 ( 00 : 39 )  am .

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar