မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၇
မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၇
(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၁ဘဏ္ဍာရေးပြဿနာ
တော်လှန်ပါတီတရပ် (ဝါ) နိုင်ငံရေးပါတီတရပ်အတွက် သူ၏ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် လည်းကောင်း၊ သူ၏ အဖွဲ့အစည်း ခိုင်မာကြီးထွားရန် လည်းကောင်း အရေးပါသည့် အကြောင်းအချက်တရပ်မှာ ဘဏ္ဍာရေးပြဿနာ ဖြစ်သည်။ ဘဏ္ဍာငွေ ရှာဖွေခြင်း၊ ဘဏ္ဍာငွေအား စီမံခန့်ခွဲခြင်းတို့သည် ပါတီတရပ်အတွက် အရေးပါသည်။
ပါတီတရပ်သည် ပါတီ၏ ရည်မှန်းချက်များကို နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ အကောင် အထည် ဖော်ဆောင်ရာတွင် ဘဏ္ဍာငွေကုန်ကျမှုများရှိမည် ဖြစ်သကဲ့သို့ ထိုပါတီ၏ အချိန်ပြည့် ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေးကိုလည်း တာဝန်ယူရမည်ဖြစ်ရာ ပါတီ အဖွဲ့အစည်းတခုအတွက် အဖွဲ့အစည်း ကြီးမားလေလေ ဘဏ္ဍာရေးပြဿနာက ကြီးထွားလေလေ ဖြစ်သည်။
မိမိတို့ မြို့ပေါ်ကျောင်းသားသပိတ်တိုက်ပွဲ ကာလတွင်ပင် စာရွက်စာတမ်းများ ဖြန့်ချိရန် ရန်ပုံငွေ လိုအပ်ခဲ့သည်။ သပိတ်မှောက်ကျောင်းသားများ စားသောက်ရန် ထမင်းထုပ်များ အလှူခံခဲ့ရ သည်။ အချိန်ကာလ တိုတောင်းသည့် သပိတ်ကာလတွင် ရန်ပုံငွေလိုအပ်ပေရာ ကြီးမားသော နိုင်ငံရေး ရည်မှန်းချက်နှင့် လျှောက်လှမ်းမည့် နိုင်ငံရေးပါတီတရပ်အဖို့ အထူးသဖြင့် အာဏာရပါတီမဟုတ်သည့် နိုင်ငံရေးပါတီများအဖို့ ဘဏ္ဍာရေးပြဿနာသည် ခေါင်းခဲစရာ ပြဿနာတခု ဖြစ်သကဲ့သို့ အလေးထား ကိုင်တွယ်ရမည့် ပြဿနာတခုလည်း ဖြစ်သည်။
ဤသည်မှာ CPB တခုတည်း ပြဿနာမဟုတ်ဘဲ နိုင်ငံရေးပါတီတိုင်း၏ ပြဿနာ ဖြစ်သည်။ ထို့အတူ CPB ကဲ့သို့ လက်နက်ကိုင်တော်လှန်သည့် ပါတီတရပ်တည်း၏ ပြဿနာမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့တိုင်း၏ ပြဿနာ ဖြစ်သည်။
CPB ကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းအတွက် သာမန် ဘဏ္ဍာရေးရန်ပုံငွေ လိုအပ်သည်သာမက တပ်ဖွဲ့ဝင်များအတွက် ရိက္ခာ၊ ယူနီဖောင်း၊ ဆေးဝါးများ လိုအပ်သည်သာမက လက်နက်ခဲယမ်း နှင့် စစ်ပွဲနှင့် ဆက်စပ်နေသည့် အရာများအားလုံး လိုအပ်သည်။
သို့ဖြစ်ရာ ပထမအချက်အနေနှင့် ဘဏ္ဍာငွေ မည်သို့ ရှာဖွေမည်နည်းဆိုသည့်ပြဿနာ ဖြစ်သည်။ ဒုတိယအချက်အနေနှင့် ဘဏ္ဍာငွေရှာဖွေနိုင်မှု မြှင့်တင်နိုင်မှ တပ်ဖွဲ့အင်အားကို ထိန်းသိမ်းနိုင် မည် ဖြစ်သကဲ့သို့ တပ်ဖွဲ့အင်အားကို မြှင့်တင်နိုင်မည်ဆိုသည့် ပြဿနာ ဖြစ်သည်။ တတိယ အချက်အနေနှင့် သာမန် ငွေရှိရုံနှင့် လွယ်ကူစွာ ဝယ်၍ရနိုင်သည့် ရိက္ခာ၊ ယူနီဖောင်း၊ ဆေးဝါး စသည်တို့သည်ပင် တဘက်ရန်သူက ပိတ်ဆို့ဝိုင်းပတ်ထားလျှင် ဝယ်ရ၊ သယ်ဆောင်ရခက်သည့် ပြဿနာ ဖြစ်သည်။ စတုတ္ထအချက်မှာ အစိုးရတရပ်ကို ပုန်ကန်နေသည့် အဖွဲ့အစည်းတရပ် အနေနှင့် လက်နက်ခဲယမ်း ဆိုသည်မှာ ငွေရှိရုံမျှ ဝယ်ယူရရှိနိုင်သည် မဟုတ်သည့် ပြဿနာ ဖြစ်သည်။
CPB အခြေစိုက် ကြီးထွားခဲ့ရာ အရှေ့မြောက်နယ်စပ်ဒေသသည် လူမှုစီးပွား ဖွံ့ဖြိုးမှု အနိမ့်ဆုံး ဒေသ ဖြစ်သည်။ ဒေသတွင် မည်သည့်စီးပွားရေးလုပ်ငန်းမှ မရှိသကဲ့သို့ တောတောင်ထူထပ် သည့်ဒေသ ဖြစ်ရာ တောင်ယာစိုက်ပျိုး သက်မွေးရသည့်ဒေသ ဖြစ်သည်။
ထို့ပြင် မန်ရှိုးဒေသမှအပ ကျန်ဒေသများသည် ဒေသတွင်းရိက္ခာပင် မဖူလုံပေ။ ထိုဒေသသို့ ဝင်ရောက်လာသည့် CPB အနေနှင့် ဒေသတွင်း အခွန်အကောက်ဖြင့် ရပ်တည်ရန် မဖြစ်နိုင်ခဲ့ပေ။ CPB ရပ်တည်ရှင်သန်ရေးအတွက် အရေးပါသည်မှာ တရုတ်တို့၏ လိုလေသေးမရှိ ကူညီ ထောက်ပံ့မှု ဖြစ်သည်။ ထိုအထောက်အပံ့ မပါဘဲ အရှေ့မြောက် CPB ရပ်တည်ရန် လည်းကောင်း၊ ကြီးထွားရန်လည်းကောင်း မဖြစ်နိုင်ခဲ့ပေ။ ထို့ပြင် ငွေကြေးရှိလျှင်တောင်မှ ဝယ်ယူရန် ခက်ခဲသည့် လက်နက်ခဲယမ်းများကိုလည်း တရုတ်တို့ ထောက်ပံ့ခဲ့ရာ CPB ၏ လက်နက်ကိုင်တိုက်ပွဲအတွက် တအားဖြစ်ခဲ့သည်။
သို့သော် CPB ၏ အားနည်းချက်မှာ တရုတ်တို့၏ကူညီမှုဖြင့် အောင်မြင်မှု ရလာပြီးနောက် မိမိဘာသာ ရပ်တည်နိုင်အောင် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိပေ။
အင်အား ၂၀,၀၀၀ ခန့် တပ်ဖွဲ့၏ ဘဏ္ဍာရေးပြဿနာကို မဖြေရှင်းတော့ဘဲ အကျပ်အတည်း ကြုံခဲ့သည်။ ထို့ပြင် ဘိန်းအရောင်းအဝယ်လုပ်ငန်းအားလည်း ပရမ်းပတာ ဆောင်ရွက်ခဲ့ရာ နာမည်ပျက်ကိန်း ကြုံခဲ့ပြီး ပါတီ၏သြဇာပါ ထိခိုက်ခဲ့သည်။
ယနေ့ အင်အားသောင်းချီ ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် သူ၏တပ်ဖွဲ့ အတွက် ဘဏ္ဍာရေးပြဿနာ၊ လက်နက်ခဲယမ်းပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်သည်ကို တွေ့မြင်နေရချိန်တွင် အရှေ့မြောက် CPB အနေနှင့် ၁၂ နှစ်ခန့် တရုတ်တို့၏ အကူအညီ အပြည့်အဝ ရရှိမှုအပေါ်မှ ဘဏ္ဍာရေးပြဿနာ၊ လက်နက်ခဲယမ်းပြဿနာကို အောင်မြင်စွာ ထိုးဖောက်ဖြေရှင်းနိုင်ခြင်း မရှိသည်က CPB ၏ အားနည်းချက် ဖြစ်ခဲ့သည်။
CPB ရခိုင်ပြည်နယ်အဖို့ ပြောရလျှင် ၁၉၈၀ ပြည့်နှစ် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ အင်အား ၁၀၀၀ နီးပါး ရောက်ရှိခဲ့သော်လည်း ဘဏ္ဍာရေးအကျပ်အတည်း ကြုံနေခဲ့သည်။ ဆန်အတွက် တောင်ယာ စိုက်ရသည်။ ဆားရဖို့ပင် အခက်အခဲ ရှိသည်။ လက်နက်ခဲယမ်းမီးကျောက် ရရှိရေး လည်း ဖန်တီးနိုင်ခဲ့ခြင်းမရှိရာ မည်သို့ပင် တောင့်ခံခဲ့စေကာမူ ၁၇ နှစ်အကြာ ၁၉၉၇ တွင် အင်အား ၂၈၀ ခန့်အထိ ကျဆင်းပြီးနောက် ပြိုကွဲခဲ့ရသည်။
သို့ဖြစ်ရာ CPB ပါတီအပါ နိုင်ငံရေးပါတီတရပ်၊ လက်နက်ကိုင် အဖွဲ့အစည်းတရပ်အတွက် ဘဏ္ဍာရေးပြဿနာ၊ လက်နက်ခဲယမ်း ဖြေရှင်းရေးပြဿနာသည် အဖွဲ့အစည်း ခိုင်မာတောင့် တင်း ကြီးထွားရေးအတွက် လွန်စွာအရေးကြီးပြီး လက်တွေ့ကျသည့် ပြဿနာဟု ဆိုရပါမည်။ ပါတီဘဏ္ဍာရေးပြဿနာဟုဆိုလျှင် ရန်ပုံငွေရှာဖွေရေး၊ အခွန်အကောက် ကောက်ခံရေး၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရေး စသည့် အမယ်များစွာ ပါဝင်သည်။
နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာအကူအညီ
CPB သာမက နိုင်ငံရေးပါတီတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတိုင်း ကြုံတွေ့ရ သည့် ပြဿနာလည်း ဖြစ်သည်။ အများသိကြသည့်အတိုင်း CPB သည် တရုတ်ကွန်မြူနစ်ပါတီ နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ပြီး တရုတ်တို့၏ အကူအညီများ ရခဲ့သည်။
ဤဆက်ဆံရေးကို ပြန်လည်သုံးသပ်ကြည့်ပါက တရုတ်ပါတီအနေနှင့် CPB အပါ အခြား တိုင်းပြည်မှ ပါတီများကို ဆက်ဆံပုံသည် အခြားတိုင်းပြည်များ၏ အခြေအနေ၊ အခြားပါတီများ ၏ အခြေအနေပေါ် သုံးသပ်ပြီး ဆက်ဆံသည်က ဒုတိယ ဖြစ်သည်။ ပထမဦးစားပေးမှ ၎င်းတို့ ပါတီ၏ ပေါ်လစီပေါ် အခြေပြု၍ ဆက်ဆံခြင်း ဖြစ်သည်။
၁၉၆၆ ယဉ်ကျေးမှုတော်လှန်ရေးနှင့် နိုင်ငံတကာပစ္စည်းမဲ့များ၊ အဖိနှိပ်ခံပြည်သူများ သွေးစည်း ကြ ဟူသည့် မူဝါဒ ပေါ်လစီအောက်မှ CPB အပါ နိုင်ငံတကာ ကွန်မြူနစ်ပါတီများကို အားပေး ထောက်ခံ ကူညီခဲ့ကြသည်။
၁၉၇၇ ခုနှစ် တိန့်ရှောက်ဖင် တက်လာပြီးနောက် ချမှတ်ခဲ့သည့် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး နှင့် တရုတ်အမျိုးသားအကျိုးစီးပွား ရှေးရှုသည့် ပေါ်လစီအောက်မှ CPB အပါ နိုင်ငံတကာ ကွန်မြူနစ်ပါတီများအား ကူညီထောက်ပံ့မှုကို ရပ်တန့်ခဲ့ပြီး တိုင်းပြည်တိုင်းမှ တည်ဆဲအစိုးရနှင့် ဆက်ဆံပြီး စီးပွားရေး တိုးချဲ့လုပ်ဆောင်ခဲ့ကြသည်။
ဤအချက်မှကြည့်လျှင် တရုတ်တို့သည် CPB အား ကူညီခြင်း၊ မကူညီခြင်းသည် ဗမာပြည်လူထု အဖိနှိပ်ခံရခြင်း၊ လွတ်လပ်ခြင်း၊ သို့မဟုတ် ဗမာပြည်အစိုးရ ဖောက်ပြန်ဆိုးသွမ်းခြင်း၊ ကောင်းမွန်သောအစိုးရ ဖြစ်ခြင်းပေါ်၌ မတည်ပေ။ ဗမာပြည် မည်သည့်အခြေအနေ ဖြစ်နေစေ ကာမူ သူ့တိုင်းပြည်အတွက် မှန်ကန်သည်ဟူ၍ ချမှတ်ထားသည့် ပေါ်လစီအတိုင်း ကျင့်သုံးသည် သာ ဖြစ်သည်။
တရုတ်တို့သည် အခြားတိုင်းပြည်ကြီးများကဲ့သို့ပင် ဗမာပြည်နှင့်ပတ်သက်၍ ၎င်းတို့၏ဆက်ဆံမှု သည် ၎င်းတို့၏ ပေါ်လစီပေါ်၌သာ အခြေပြုသည်ကို ရှင်းလင်းစွာ ကြည့်မြင်ရန် လိုအပ်သည်။ ထို့ ကြောင့်လည်း ၁၉၈၈ နောက်ပိုင်း အနောက်နိုင်ငံများက သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းပေါ်လစီများအရ နဝတ/နအဖ အစိုးရကို ပိတ်ဆို့ဆန့်ကျင် ဆက်ဆံခဲ့သည်။ တရုတ်တို့က တော့ ၎င်းတို့၏အမျိုးသားအကျိုးစီးပွားပေါ်လစီအရ နဝတ/နအဖ အစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ပြီး စီးပွားရေး၊ ကုန်သွယ်မှု တိုးမြှင့်ခဲ့သည်။
CPB ကိုယ်စားလှယ်အဖွဲ့သည် ၁၉၅၀ ဝန်းကျင်ကတည်းက တရုတ်သို့ ရောက်ရှိနေခဲ့ကြသည်။ ၁၉၆၀ ဝန်းကျင် တရုတ်ပါတီတွင်း မော်စီတုံး မှေးမှိန်နေပြီး လျူရှောက်ချီတို့ အသာရစဉ်က တရုတ်ပြည်တွင်းရှိ CPB အဖွဲ့ဝင်များအား ဗမာပြည်အစိုးရသို့ ပြန်လည်အပ်နှံမည့် အခြေအနေ မျိုးပင် ဆိုက်ခဲ့သည်ဟု စစ်ချွမ်းရဲဘော်ဟောင်းတဦးက ပြောပြခဲ့ဖူးသည်။
၁၉၆၆ ယဉ်ကျေးမှု တော်လှန်ရေးကာလ မော်စီတုံး ပြန်လည်အသာစီးရလာမှ တရုတ်တို့ ပေါ်လစီပြောင်းပြီး CPB လည်း ပြန်လည်ဦးမော့လာနိုင်ခဲ့သည်။ တရုတ်ပြည်တွင်း အချိန်ကာလ ကြာမြင့်စွာ နေထိုင်ခဲ့ကြပြီး တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ် နေလာခဲ့ကြသည့် CPB ခေါင်းဆောင်များသည် တရုတ်ပါတီ၏ ခေါင်းဆောင် အပြောင်းအလဲနှင့် ပေါ်လစီအပြောင်းအလဲ မှန်ကန်စွာ မတွက်ချက်နိုင်သကဲ့သို့ ထည့်သွင်းတွက်ချက်ရန်လည်း ပျက်ကွက်ခဲ့သည်။
၁၉၇၆ တိန့်ရှောက်ဖင် ရာထူးက ဖယ်ရှားခံရစဉ်က CPB က လျင်မြန်စွာ ထောက်ခံသည့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖင် ပြန်လည်တာဝန်ပေးခံရသောအခါ တွင်လည်း ထောက်ခံသည့် ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့ရသည့် CPB သည် တရုတ်ပါတီ ၏ ပေါ်လစီအပြောင်းအလဲကို လိုက်မမီခဲ့ဟု ဆိုရမည်။
CPB ကဲ့သို့ ဆင်းရဲသော တိုင်းပြည်များမှ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ သည် မိမိနိုင်ငံရေးရည်မှန်းချက်အား အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ပ/နိုင်ငံတကာ အဆက်အသွယ်နှင့် အကူအညီ ရှာဖွေခြင်းသည် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလကတည်းက ဖြစ်သည်။ နိုင်ငံတကာကလည်း ဗမာပြည်မှ နိုင်ငံရေးပါတီများ လက်နက်ကိုင်အဖွဲ့အစည်းများ အား ဆက်ဆံခြင်း၊ အကူအညီပေးခြင်း ဆိုသည်မှာလည်း ထိုစဉ်ကတည်းက ၎င်းတို့နိုင်ငံ၏ ပေါ်လစီ အကျိုးစီးပွားကို အခြေပြုသည်ကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။
ရဲဘော်သုံးကျိပ်နှင့် ဗမာ့တပ်မတော် ဆိုသည်မှာလည်း ဂျပန်၏ အရှေ့တောင်အာရှ သာတူညီမျှ ဆိုသည့် ပေါ်လစီအောက်တွင် အကူအညီရခဲ့ခြင်း ဖြစ်သည်။ CPB ၏ အတွေ့အကြုံအရလည်း အလားတူပင် နိုင်ငံတကာ၏ ဆက်ဆံရေးနှင့် အကူအညီသည် ၎င်းတို့၏ ပေါ်လစီအကျိုးစီးပွား နှင့် တိုက်ရိုက်သက်ဆိုင်နေသည်ကို ဦးစွာအသိအမှတ်ပြုထားရမည့်အပြင် ၎င်းတို့၏ ပေါ်လစီ အကျိုးစီးပွား အပြောင်းအလဲနှင့်အတူ ပြောင်းလဲနိုင်သည်ကို ထည့်သွင်းတွက်ချက်ထားရန် လိုအပ်သည်။
ထို့ပြင် နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာအကူအညီနှင့်အတူ ပါလာသည်က ၎င်းတို့အာဘော်၊ သဘောထားများ ဖြစ်သည်။ ၎င်းတို့၏အာဘော်၊ သဘောထားများကို မိမိတို့၏ ပါတီနိုင်ငံရေး ရည်မှန်းချက်၊ လမ်းစဉ်၊ ပေါ်လစီများတွင် ထည့်သွင်းရန် ကြိုးစားလာသည့် ပြဿနာလည်း ရင်ဆိုင်ရမည် ဖြစ်သည်ကို ထည့်သွင်းစဉ်းစားထားရန် လိုအပ်သည်။ နိုင်ငံတကာအကူအညီနှင့် နိုင်ငံရေးအရ အမှီအခိုကင်းမှုသည် မပြတ်သတိပြုရမည့် ပဋိပက္ခတစုံ ဖြစ်သည်။
တရုတ်တို့၏ အကူအညီ
၁၉၆၈ ခုနှစ်မှစ၍ တရုတ်တို့သည် CPB တပ်ဖွဲ့ဝင် ရှိသလောက်အား လက်နက်ခဲယမ်း၊ ရိက္ခာ (ဆန်နှင့် ဆီ)၊ ဆေးဝါး၊ ယူနီဖောင်း အပြည့်အစုံ၊ ဆက်သွယ်ရေးစက်၊ မော်တော်ယာဉ်၊ အသံလွှင့် စက်များအပြင် ငွေကြေးပါ ထောက်ပံ့ခဲ့သည်။ နောက်ဆုံး ကူညီခဲ့သည်အထိ လက်နက်ငယ် ၃၀,၀၀၀ ခန့် (တပ်ပေါင်းစုများအား ပေးသည့်လက်နက် အပါအဝင်)၊ ခဲယမ်း သန်းအချို့၊ လက်နက်ကြီး ရာအချို့၊ လက်နက်ကြီးကျည် သိန်းဂဏန်းအပါ ရိက္ခာ၊ ဆေးဝါး၊ ငွေကြေးတို့အား နှစ်စဉ် ထောက်ပံ့ခဲ့သည်။ တန်ဖိုးပမာဏ မည်မျှ ရှိမည်ကိုတော့ စာရင်းမရှိခဲ့ပါ။
တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ် ခွင်းမင်းရုံးမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဦးမောင်မောင် ခေါ် လင်ရှင့်ကမူ တရုတ်ပါတီအနေနှင့် CPB အား တနှစ်လျှင် တရုတ် ယွမ်ငွေ သန်းတထောင်နှုန်းဖြင့် နှစ် ၂၀ ခန့်ကူညီခဲ့သည်ဟု အလွတ်သဘော ပြောဆိုခဲ့သည်။ တကယ် တမ်းအားဖြင့် တရုတ်ပါတီသည် ၁၉၆၈ မှ ၁၉၈၀ ထိ ၁၃ နှစ်တိုင် ထောက်ပံ့ခဲ့သော်လည်း ၁၉၈၁ နောက်ပိုင်းမှစ၍ ၁၀ နှစ်စာ ထောက်ပံ့မှုပေး၍ ရပ်ဆိုင်းခဲ့ပြီ ဖြစ်သည်။ တစုံတရာ ပံ့ပိုးမှုအချို့ ကျန်သေးသော်လည်း နောက် ၉ နှစ်သည် ယခင်ကဲ့သို့ ထောက်ပံ့မှုအပြည့်အဝ မရှိတော့ပေ။ ထို့ကြောင့် အနှစ် ၂၀ ခန့် ယွမ်သန်းတထောင် ကူညီသည်ဆိုသည်က မှန်ကန်မှု မရှိပေ။ ထို့ပြင် ယွမ်သန်း ၁,၀၀၀ ဆိုပါက ၁၉၈၆ ခုနှစ် ငွေလဲနှုန်းအရ တယွမ်လျှင် ၁၅ ကျပ်ခန့်ရှိရာ မြန်မာကျပ်ငွေ သန်းပေါင်း ၁၅,၀၀၀ ခန့်ရှိနေပေလိမ့်မည်။
၁၉၈၆ ခုနှစ် စက်တင်ဘာလကုန်တွင် မဆလအစိုးရ၏ ပြည်တွင်းလှည့်လည်သုံးစွဲငွေပမာဏမှာ ကျပ်ငွေသန်း ၁၄,၉၈၃ သန်းခန့်သာရှိသည်။ သို့ဖြစ်ရာ တရုတ်တို့ CPB အား တနှစ် ကူညီငွေ သည် မဆလအစိုးရ ပြည်တွင်းသုံးစွဲငွေ ပမာဏလောက် ကူညီသည်ဆိုခြင်းမှာ ဖြစ်နိုင်ခြေ လုံးဝ မရှိပေ။ နိုင်ငံတကာတော်လှန်ရေးများ ကူညီမှုနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုံးက တရုတ်ပြည်တွင် လူဦးရေသန်း ၁,၀၀၀ ခန့်ရှိရာ လူတယောက်လျှင် တနှစ် တယွမ် ကူလျှင်ပင် တနှစ် ယွမ်သန်းတထောင် ကူညီနိုင်သည်ဟု ပြောဆိုခဲ့ဖူးသည့်အပေါ်ကနေ ဦးမောင်မောင် ပြောဆိုခြင်း ဖြစ်ပုံရသည်။ တိကျသော ကိန်းဂဏန်းအချက်အလက်များ မရနိုင်သဖြင့် တရုတ်တို့က CPB အားကူညီမှု မည်မျရှိသည်ကို အနီးစပ်ဆုံးပင် တွက်ချက်ရန် မလွယ်ကူပါ။
သို့သော် ဗမာပြည်လက်နက်ကိုင် နိုင်ငံရေးပါတီ အဖွဲ့အစည်းများထဲတွင် CPB သည် နိုင်ငံတကာ အကူအညီ အထောက်အပံ့အရဆုံး ဖြစ်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း ထိုအထောက်အပံ့များပေါ်မှ မိမိပါတီကို တဆင့်မြှင့် တည်ဆောက်နိုင်ရာတွင်တော့ အထက် ဖော်ပြပါ အားနည်းချက်များစွာကြောင့် အောင်မြင်မှု မရခဲ့သည်ကတော့ စိတ်ပျက်ဖွယ် ဖြစ်သကဲ့ သို့ သင်ခန်းစာယူစရာလည်း ဖြစ်ပေသည်။
CPB ပြို ကွဲမှု၏ အဓိကအကြောင်းအချက် နှစ်ခု
မိမိ၏သုံးသပ်ချက်အရ လက်နက်ကိုင်အင်အား ၂၀,၀၀၀ ခန်ရှိပြီး လွတ်မြောက်အခြေခံဒေသ အတွင်း လူဦးရေ ၁၀ သိန်းနီးပါးရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် မဟာမိတ် တည်ဆောက်ထားနိုင်ခဲ့သည့် CPB ပြိုကွဲရခြင်းတွင် အဓိကအကြောင်းအချက် နှစ်ခု ရှိသည်ကို တွေ့ရပါသည်။ ပထမအကြောင်းအချက်မှာ CPB ၏ ခေါင်းဆောင်မှု ဖြစ်သည်။ ဒုတိယ အကြောင်းအချက်မှာ တိုင်းရင်းသားလူမျိုးအရေးနှင့်ပတ်သက်၍ ဖြစ်ပါသည်။
ပါတီအဖွဲ့အစည်းတခု၏ အောင်မြင်မှုကို ရှေ့ဆောင်သည်၊ သို့မဟုတ် ရှုံးနိမ့်သွားစေသည် ဆိုသည်နှင့် ပတ်သက်၍ အဓိကတာဝန်ရှိသည်မှာ ခေါင်းဆောင်မှု ဖြစ်သည်။ နောက်လိုက်များ၊ လူထုများ ဆိုသည်က ထိုခေါင်းဆောင်မှုအောက်မှ ဖြစ်သည်။ ပါတီအဖွဲ့အစည်းတခု၏ အဆိုး အကောင်းအား တာဝန်ယူ တာဝန်ခံရသည်မှာ ခေါင်းဆောင်မှု ဖြစ်ပေသည်။
၁၉၆၈ ခုနှစ်မှ စသည့် အရှေ့မြောက်နယ်စပ်စခန်းများ ဖြစ်ပေါ်လာခြင်းသည် မည်သည့် အကြောင်းအချက်များ ရှိသည်ဆိုစေကာမူ သခင်ဗသိန်းတင် ခေါင်းဆောင်သည့် အရှေ့မြောက် ဗဟို၏ ခေါင်းဆောင်မှုကြောင့် ဆိုသည်မှာ ငြင်းပယ်စရာ မရှိပေ။ အလားတူပင် အရှေ့မြောက် CPB ပြိုကွဲသွားမှုနှင့်ပတ်သက်၍လည်း သခင်ဗသိန်းတင် ခေါင်းဆောင်သည့် အရှေ့မြောက်ဗဟို တွင် တာဝန်ရှိသည် ဆိုသည်ကိုလည်း ရှောင်လွှဲ၍မရပေ။
အရှေ့မြောက် CPB တခုလုံးတွင် တာဝန်ရှိသည်။ လက်တွေ့တွင်လည်း CPB ပြိုကွဲသောအခါ ဗဟိုခေါင်းဆောင် အများစုသည် ပါတီကို စွန့်ခွာသွားပြီး တရုတ်ပြည်တွင် အနားယူသွားကြ သည်။ ဗဟိုခေါင်းဆောင်များထဲတွင် အဓိကတာဝန်ရှိသူမှာ ဥက္ကဋ္ဌ သခင်ဗသိန်းတင် ဖြစ်ပေ သည်။ ဗမာပြည် လက်တွေ့နှင့်ကင်းကွာနေသော ပါတီလမ်းစဉ်များကို ဦးဆောင်ချမှတ်ခဲ့သည့် အပြင် လက်တွေ့လုပ်ငန်းများ ကွပ်ကဲခဲ့သည့် စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဥက္ကဋ္ဌ သခင်ဗသိန်းတင်တွင် တာဝန်အရှိဆုံးဟု ဆိုရမည်။ မိမိနှင့် ပါတီပြိုကွဲချိန် တရုတ်ပြည်၊ ထိန်ချုံး မြို့တွင် တွေ့ခဲ့စဉ်ကလည်း ဥက္ကဋ္ဌ သခင်ဗသိန်းတင်သည် မော်စီတုံး လက်ရွေးစင်ကျမ်းထဲမှ စာပိုဒ်များအား တရုတ်ပြည် နေရာတွင် ဗမာပြည် ထည့်ပြီး ရွတ်ပြနေ၍ စိတ်ပျက်နေခဲ့ရသည်။ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေများကို ဆုပ်ကိုင်သုံးသပ် လမ်းညွှန်နိုင်ခြင်း မရှိသည်က စိတ်ပျက်ဖွယ်ပင် ဖြစ်သည်။
မိမိ တဦးချင်းအမြင်အရ ဆိုရလျှင် CPB လက်နက်ကိုင်တော်လှန်ရေးကို ခေါင်းဆောင်ခဲ့သည့် ပါတီဥက္ကဋ္ဌ ၃ ဦးအနက် ဥက္ကဋ္ဌ သခင်သန်းထွန်းနှင့် ဥက္ကဋ္ဌ သခင်ဇင်က ဂုဏ်ထူးနှင့် အောင်မြင်ခဲ့ သည်ဆိုလျှင် ဥက္ကဋ္ဌ သခင်ဗသိန်းတင်ကတော့ အောင်မှတ်ပင်မရဟု ဆိုရမည်။
ဥက္ကဋ္ဌ သခင်ဗသိန်းတင်သည် CPB ပြိုကွဲပြီးနောက် ဆယ်နှစ်ခန့် အသက်ရှင် နေထိုင်ခဲ့သေး သည်။ တရုတ်ပြည်တွင်း တနေရာတွင် တရုတ်တို့၏ ထောက်ပံ့မှုဖြင့် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ သည်။ သို့သော်လည်း ဗမာပြည် နိုင်ငံရေးပြင်ပသို့ ရောက်သွားသည်။ ကင်းကွာသွားသည်။ သူ့အသံ၊ သူ့အာဘော်များ ပျောက်ဆုံးသွားခဲ့သည်။ ထို့ပြင် သူ ကွယ်လွန်သည့်အခါ သူ၏ မှတ်တမ်းမှတ်ရာအားလုံးလည်း တရုတ်တာဝန်ရှိသူများက အားလုံးသိမ်းဆည်းပြီး မီးရှို့ဖျက်ဆီး ဖျောက်ဖျက်ခံလိုက်ရသည်ဟု ကြားသိခဲ့ရသည်။
ဒုတိယ အကြောင်းအချက်မှာ တိုင်းရင်းသားလူမျိုးအရေးနှင့်ပတ်သက်၍ ကိုင်တွယ်မှု ဖြစ်သည်။ တိုင်းရင်းသားလူမျိုး ပြည်နယ်တိုင်းတွင် တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင် ပုန်ကန်နေကြ ခြင်းသည် ဗမာပြည်၏ ထူးခြားချက် ဖြစ်သည်။ ဗမာပြည်တွင် တိုင်းရင်းသားလူမျိုးများ အခြေပြု သည့် နိုင်ငံရေး ရှိနေသည်ကို ငြင်းပယ်၍မရပေ။ ဗမာလူမျိုးက အများစုဖြစ်သည် ဆိုသော်လည်း တိုင်းရင်းသားလူမျိုး ပြည်နယ်ဧရိယာကလည်း ကျယ်ပြောသည့် ဗမာပြည်ကို ပတ်ချာဝိုင်းထား သည်။ ပြည်ပနိုင်ငံများနှင့် ဆက်စပ်နေသည်။ ပထဝီနိုင်ငံရေးအရ အရေးပါနေသည်။
ထို့ပြင် ၁၉၇၅ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်မဒေသဟု ခေါ်သည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း နယ်မြေဧရိယာအများစုတွင် ကျေးလက် အခြေခံသည့် ရေရှည်ပြောက်ကျားစစ်ပွဲ ဆင်နွှဲရန် ခက်ခဲသွားပြီ ဖြစ်သည်။ ရေရှည် အခြေပြုရန်၊ လှုပ်ရှားစစ်ကစားရန်၊ ပြောက်ကျားစစ်ပွဲ ဆင်နွှဲရန် လူထုထောက်ခံမှု ရှိလျှင်တောင်မှ မြေအနေ အထားအရ မလွယ်ကူတော့။ ခက်ခဲသွားပြီ ဖြစ်သည်။ ရေရှည်ပြောက်ကျားစစ်ပွဲ ဆင်နွှဲရန်၊ အင်အားစုဆောင်းရန် တိုင်းရင်းသားလူမျိုးများ၏ ပြည်နယ်များတွင်သာ မြေအနေအထားအရ ဖြစ်နိုင်တော့သည်။ ရေရှည်ပြောက်ကျားစစ်ပွဲတွင် မြေအနေအထားသက်သက်နှင့် မဖြစ်နိုင်ပေ။ ဒေသခံ တိုင်းရင်းသားလူထု၏ ထောက်ခံမှု လိုအပ်သည်။
ထိုသို့သော အခြေအနေအောက်တွင် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာနှင့် တိုင်းရင်းသားလူမျိုးများကို အခြေပြုသည့် နိုင်ငံရေးကို နားလည်ရန် လိုအပ်သည်။ ထိုအရှိတရား နှင့် ကိုက်ညီသည့် လမ်းစဉ်ပေါ်လစီရှိရန် လိုသည်။ ပြည်မနိုင်ငံရေးနှင့် တတန်းတည်းထား၍ ဖြေရှင်းရန် မဖြစ်နိုင်ပေ။ အရှေ့မြောက် CPB အနေနှင့် ထိုအရှိတရားကို အသိမှတ်ပြုပြီး ကိုက်ညီသည့် လမ်းစဉ်ပေါ်လစီတရပ် ချမှတ်ရန် ပျက်ကွက်ခြင်းသည် CPB ပြိုကွဲခြင်း၏ အဓိက အကြောင်းနှစ်ချက်ထဲမှ တချက် ဖြစ်ခဲ့သည်ဟု သုံးသပ်ရပါသည်။
CPB ၏ပြိုကွဲမှုမှ တွေ့ရသည့် ပထမအချက်မှာ နိုင်ငံရေးပါတီတရပ်အတွက် တောင့်တင်းခိုင်မာ သည့် ခေါင်းဆောင်မှုတရပ်သည် လွန်စွာအရေးကြီးပြီး တိုင်းရင်းသားလူမျိုးများအရေးနှင့် ပတ်သက်၍ မှန်ကန်စွာ ဖြေရှင်းရေးသည် အရေးပါသည့်ပြဿနာတရပ် ဖြစ်ပေသည်။
သင်ခန်းစာ
အရှေ့မြောက် CPB ပြိုကွဲမှုနှင့်ပတ်သက်ပြီး ကွန်မြူနစ်တို့အား ဆန့်ကျင်သူတို့အတွက် ဝမ်းသာ အားရ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း CPB ပြိုကွဲမှုနေ၍ နိုင်ငံရေးပါတီတရပ်နှင့် ပတ်သက်၍ လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းတရပ်နှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်တွင်းစစ် နှင့်ပတ်သက်၍ လည်းကောင်း သွေးနှင့်ရင်းသည့် သင်ခန်းစာများစွာ ပေးခဲ့သည်ကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။ ယူတတ်လျှင်တော့ ရပေလိမ့်မည်။
မောင်မောင်စိုး