Breaking News

စိုင်းဇင်ဒီဒီဇုံ - အခန်း (၁၀) တောင်ပိုင်းမဟာဗျူဟာနဲ့ မဟာမိတ် ကရင်



စိုင်းဇင်ဒီဒီဇုံ - အခန်း (၁၀) တောင်ပိုင်းမဟာဗျူဟာနဲ့ မဟာမိတ် ကရင်

စက်တင်ဘာ ၁၉၊ ၂၀၂၁

၁၉၅၂ ခုနှစ် အစောပိုင်းမှာ ယူနန်ကို လီမီ ဝင်တိုက်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ရန်ကုန်မြို့မှာ ပျံ့နှံ့နေတယ်။ ယူနန်ကို ဒုတိယအကြိမ် ကျူးကျော်တိုက်ခိုက်တော့မယ်လို့ ဂျွန်လအတွင်းမှာ နိုင်ငံတကာ သတင်းဌာနတွေက အမှားမှား အယွင်းယွင်း သတင်းတွေ တင်ပြကြတယ်။1 ဒါပေမယ့် ဒီသတင်းတွေဟာ တရုတ်ဖြူ အမြဲတမ်း မဟုတ်တဲ့ တပ်ဖွဲ့က အဖွဲ့ငယ်လေးတွေက ယူနန်နယ်စပ်ကို ဖြတ်ကျော်ပြီး ပစ္စည်းလုယက်မှု ကျူးလွန် နေကြတာတွေကို နားလည်မှုလွဲ၊ ပုံကြီးချဲ့ပြီး ရေးကြတာပဲ ဖြစ်ပါတယ်။ မေလနဲ့ ဂျွန်လအတွင်းမှာ အဲဒီလို အခေါက်ပေါင်း ဒါဇင်နဲ့ချီနေတဲ့ စီးနင်း တိုက်ခိုက်မှုတွေကို ရန်ကုန်မြို့က အမေရိကန် သံတမန်တွေ အရေးမပါတဲ့ ကိစ္စတွေ ဆိုပြီး လျစ်လျူရှုထားလိုက်ပါတယ်။2

မြန်မာ့ပိုင်နက်ပေါ်ကနေ ယူနန်ကို ထပ်မံဝင်ရောက်ကာ အကြီးအကျယ် တိုက်ခိုက်မှု မရှိတော့လို့ မြန်မာအစိုးရက စိတ်သက်သာရာရမယ်ကြံတုန်း တရုတ်ဖြူ ယူနန်တပ်တော်က မြန်မာနိုင်ငံက သပွတ်အူလို့ ရှုပ်ထွေးလှတဲ့ ပြည်သူသူပုန်တွေအကြား အထူးသဖြင့် ကရင်၊ မွန်တွေနဲ့ တစတစ ပတ်သက်လာတာကြောင့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာရပါတော့မယ်။ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ သူပုန်တွေနဲ့ မဟာမိတ် လုပ်လာတာကြောင့် လီမီရဲ့တပ်ဟာ ယူနန်ကို ဒုက္ခပေးဖို့ သက်သက် ခဏတဖြုတ် သွားလာနေတဲ့ ကျူးကျော်သူ အဆင့် မဟုတ်တော့ပါဘူး။ တည်ထောင်ကာစ ပြည်ထောင်စု မြန်မာနိုင်ငံကို ပြိုကွဲအောင် ခြိမ်းခြောက်လာတဲ့ အဆင့်ကို ရောက်လာပါတော့တယ်။ ဒါ့အပြင် မိုင်းဆတ်ဌာနချုပ်ကနေ အမြဲတမ်း မဟုတ်တဲ့ တပ်ဖွဲ့တွေကို အမိန့်ပေးအုပ်ချုပ်နိုင်မှု ကျဆင်းလာတယ်။ တချိန်က တရုတ်ဖြူတပ်တွေနဲ့ ထိတွေ့တိုက်ခိုက်မှု မရှိအောင် ရှောင်ခဲ့တဲ့ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေကလည်း အခုအခါ တရုတ်ဖြူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာခဲ့တယ်။ အဲဒီတိုက်ပွဲတွေမှာ အစိုးရတပ်ဖွဲ့တွေက အနိုင်ရလာတာများတယ်။ ဒါပေမယ့် စည်းကမ်းပိုင်း ယိုယွင်းလာပြီး ထောက်ပံ့မှု ပြတ်တောက်နေတဲ့ အခြေအနေကြောင့် တရုတ်ဖြူ ယူနန်တပ်တော်ဟာ ပိုပြီး ရန်လိုလာတဲ့ပုံစံကို တွေ့ရတယ်။

တရုတ်ဖြူ ယူနန်တပ်တော်နဲ့ ကေအဲန်ဒီအို ပူးပေါင်းဆောင်ရွက်ခြင်း

စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ၁၉၅၂ နွေရာသီမှာ တရုတ်ဖြူ ယူနန်တပ်တော်ဟာ ကရင်တွေကို ဆက်သွယ်ပြီး လက်နက်နဲ့ ရိက္ခာ လဲလှယ်ရေး တိတ်တိတ်ပုန်း စလုပ်ခဲ့ပါတယ်။ ဒီလို လဲလှယ်နိုင်ဖို့ တရုတ်ဖြူတွေမှာ လက်နက်အပိုလိုလို့လည်း ရှိတာ မဟုတ်ပါဘူး။ ပြီခဲ့တဲ့နှစ် အမေရိကန်က ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပြီးနောက် ထောက်ပံ့ရေး ပစ္စည်းတွေလာပို့နေတဲ့ ဖုရှင်း လေကြောင်းလိုင်းပိုင် ပီဘီဝိုင် လေယာဉ်တွေကလည်း သူတို့အပြန်ခရီးအတွက် လေယာဉ်ဆီအပိုတွေ ပြန်တင်လာရတာကြောင့် ပစ္စည်း များများစား တင်မလာနိုင်ဘူး။ ထိုင်းနိုင်ငံထဲမှာ လက်နက်တွေ ဝယ်နိုင်အောင် ဘိန်းရောင်းပြီး ငွေရှာတာကလည်း နိုင်ငံတကာက ဖိအားပေးလာလို့ ထိုင်းအစိုးရက အများအစား လုပ်ခွင့် မပေးတော့ဘူး။

တကယ်လို့ သူ့တပ်တွေက မြန်မာနိုင်ငံ တနင်္သာရီ ကမ်းရိုးတန်းဘက်ကို လက်လှမ်းမီနိုင်မယ်ဆိုရင် လီမီအတွက် ထောက်ပံ့ရေးလမ်းကြောင်း ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်။ ထိုင်ဝမ်းက သင်္ဘောတွေဟာ တပ်နဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို တနင်္သာရီ ကမ်းရိုးတန်းကို ပို့နိုင်မယ်ဆိုရင် ကရင်နဲ့ မွန် သူပုန်တွေ ထိန်းချုပ်တဲ့ နယ်မြေတွေကနေ တဆင့် ရှမ်းပြည်နယ်ထဲက တရုတ်ဖြူ ယူနန်တပ်တော် အခြေစိုက် စခန်းတွေဆီကို ပို့နိုင်လိမ့်မယ်။ ဒီလို တိုက်ရိုက်လမ်းကြောင်းရအောင် ဆောင်ရွက်ဖို့က ကရင်နဲ့ မွန်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုသာမက အဲဒီပင်လယ်ကွေ့ဒေသမှာ မြန်မာစစ်တပ်ဘက်က တရစပ် စစ်ဆင်ရေး လုပ်လာမှာကိုလည်း ရင်ဆိုင်ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုသာ မလုပ်ရင် မြန်မာစစ်တပ်က အဲဒီသူပုန်တွေ နှိမ်နင်းလိုက်နိုင်ပြီး တရုတ်ဖြူ ယူနန်တပ်တော်ကို တိုက်ခိုက်ဖို့ တပ်တွေ ထုတ်နုတ်လာနိုင်တော့မှာ ဖြစ်ပါတယ်။ လီမီရဲ့ “တောင်ပိုင်း မဟာဗျူဟာ” ဟာ တရုတ်ဖြူ ယူနန်တပ်တော်က မြန်မာနိုင်ငံက သူပုန်တွေအကြား မကြုံစဖူး ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ထင်းကျိုရှောက် က တရုတ်ဖြူ ယူနန်တပ်တော်ရဲ့ ဌာနချုပ်ကို မိုင်းဆတ် ကနေ ကရင်တွေ ထိန်းချုပ်ထားတဲ့ တနင်္သာရီဘက်ကို ရွှေ့စေချင်တယ်။ မြန်မာစစ်တပ်ကို အဲဒီပင်လယ်ကွေ့ဒေသမှာ ထိန်းချုပ်ထားနိုင်တယ်ဆိုရင် ထိုင်ဝမ်းက စစ်ကူနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ရအောင် လီမီရဲ့တပ်တော် ဟာ မြန်မာနိုင်ငံရဲ့ မော်လမြိုင် ပင်လယ် ဆိပ်ကမ်း ကိုတောင် သိမ်းပိုက်နိုင်ပြီး ကိုင်မနယ်မှာတုန်းက လေကြောင်းကနေ ထောက်ပံ့ပေးတဲ့ ပုံစံကို ပင်လယ်ကနေ ထောက်ပံ့ပေးတဲ့ ပုံစံနဲ့ အစားထိုးနိုင်လိမ့်မယ်လို့ သူက ဆိုတယ်။3 မတ်လမှာ လီမီနဲ့ ကရင် တပ်မှူးကြီး ဗိုလ်မှူးချုပ် စောရွှေ4 ဘန်ကောက်မှာ တွေ့ကြပြီး တရုတ်ဖြူ လက်နက်တွေနဲ့ ကရင့်ဆီက ဆန်နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လဲလှယ်ရန် သဘောတူလိုက်ကြတယ်။ အဲဒီ ဂျူလိုင်လမှာ စောရွှေက ဦးဆောင်တဲ့ ကေအဲန်ဒီအို ကိုယ်စားလှယ်အဖွဲ့5 ဟာ မိုင်းဆတ်ကနေ ဖုရှင်း ပီဘီဝိုင် လေယာဉ်နဲ့ ထိုင်ပေကို သွားပါတယ်။ ထိုင်ပေမှာ သဘောတူညီချက်တွေကို အချောသပ်ပါတယ်။ မြန်မာနိုင်ငံ အပြန်လမ်းမှာ စောရွှေက တရုတ်ဖြူ ယူနန်တပ်တော်က အကြီးတန်း လက်ထောက်ဖြစ်တဲ့ လီဇေဖန်းနဲ့ ချင်းမိုင်မှာ တွေ့ပါတယ်။ သူတို့ ဩဂုတ် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ တွေ့ခဲ့ပြီး မြေကမ္ဘာစစ်ဆင်ရေး စီမံချက်ကို အစပျိုးခဲ့ပါတယ်။ ဒီစစ်ဆင်ရေးမှာ ရည်ရွယ်ချက် သုံးခု ရှိပါတယ်။ စိတ်ချရတဲ့ ရေကြောင်း ထောက်ပံ့ရေးလမ်းကြောင်း တည်ဆောက်ရန်၊ မြန်မာစစ်တပ်က တရုတ်ဖြူ ယူနန်တပ်တော်ကို ဖိအားပေး တိုက်ခိုက်နေတာကို လျှော့ချနိုင်ရန်နဲ့  လီမီရဲ့ မဟာမိတ် မွန်နဲ့ ကရင် တွေကို ကျားကန်ထားပေးရန် တို့ပဲ ဖြစ်ပါတယ်။

လီမီက မြန်မာနိုင်ငံက သူပုန်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတာကို အမေရိကန်တွေ သိသွားတဲ့အခါ သံမှူးကြီး ဂျုံး က ထိုင်ပေက နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ ဆီ ဂျူလိုင် ၂၉ ရက်နေ့ ရက်စွဲနဲ့ စာတစောင်ပို့တယ်။ စာမှာ ဝါရှင်တန် က “ကူမင်တန်တပ်ဖွဲ့တွေနဲ့ မြန်မာနိုင်ငံက ကရင်သူပုန်အုပ်စုတွေ အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သတင်းသိရလို့ အတော်လေး စိုးရိမ်တယ်” လို့ ပါပါတယ်။ အမေရိကန် အစိုးရက စိုးရိမ်လောက်စရာပါပဲ။ ထိုင်ပေရဲ့ စေတနာ ဗလပွနဲ့ ခေတ်မီလက်နက်တွေသာ တပ်ဆင်လိုက်ရရင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အပါအဝင် မြန်မာနိုင်ငံရဲ့ အချက်အခြာကျတဲ့ ဒေသတွေမှာ ကရင်လက်နက်ကိုင်တွေ အင်အားကြီးထွားလာပြီး မြန်မာအစိုးရကို စစ်ရေးအရ အကြိမ်းအကျယ် ခြိမ်းခြောက်လာနိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ကလည်း လီမီရှိနေတာကို ဆက်ပြီး သည်းခံနေတော့မှာ မဟုတ်ပါဘူး။ ကွန်မြူနစ်နဲ့ လူမျိုးစု သူပုန်တွေကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ အင်အားကို ထုတ်နုတ်ပြီး တရုတ်ဖြူတွေကို ချေမှုန်းတော့မှာ ဖြစ်ပါတယ်။ တရုတ်ဖြူ ယူနန်တပ်တော်ကို အဓိက စစ်ရေးပြိုင်ဘက်စာရင်းထဲ ထည့်လိုက်ရင် မြန်မာစစ်တပ် အင်အားတွေကို ပိုမိုဖိစီးစေပြီးတော့ ဦးနု အစိုးရရဲ့ ပြည်တွင်း အတိုက်အခံတွေကို ပိုမိုအားကောင်းသွားစေမှာ ဖြစ်ပါတယ်။ နောက်တက်လာမယ့် မြန်မာနိုင်ငံအစိုးရဟာ ကွန်မြူနစ် အစိုးရ ဒါမှမဟုတ် အနည်းဆုံး ကွန်မြူနစ်ဝါဒကို ယုံကြည်လက်ခံတဲ့ အစိုးရ တက်လာနိုင်တယ် ဆိုပြီး အနောက်တိုင်း သံတမန်တွေက စိုးရိမ်ပူပန်နေကြတယ်။ ဒီလိုသာ ဖြစ်လာရင် ဒေါက်တာ ထင်းကျိုရှောက် မျှော်လင့်ထားတဲ့ လက်ယာဂိုဏ် အစိုးရ တက်လာမှာ မဟုတ်တော့ပါဘူး။

မြေကမ္ဘာ စစ်ဆင်ရေး

အဖွဲ့အစည်းအတွင်း ပြိုကွဲမှုတွေကြောင့် ကရင်သူပုန်တွေ အားနည်းနေပြီး သူတို့ ထိန်းချုပ်နယ်မြေတွေကို မြန်မာစစ်တပ်က တဖြည်းဖြည်း သိမ်းယူနေပါပြီ။ တကယ်လို့သာ မြန်မာအစိုးရက လက်တုံ့ပြန် အရေးယူမှု မလုပ်ဘဲ သူတို့ရဲ့ လုံခြုံရေး အာမခံနိုင်မယ် ဆိုရင် အတော်များများက လက်နက်ချဖို့ စဉ်းစား ချင့်ချိန်နေကြပါတယ်။ မြန်မာအစိုးရကို တိုက်ခိုက်ဖို့ “ညီညွတ်ရေး တပ်ဦး” တခု ဖွဲ့ဖို့ အတွက် ကရင်သူပုန် အုပ်စု တခုက ကွန်မြူနစ်တွေကို ညှိနှိုင်းနေပါတယ်။ ဒီလိုကစဉ့်စလျား ဖြစ်နေတာတွေဟာ ကရင်နဲ့ မွန် တပ်တွေကို သူ့ရဲ့ အနောက်ဘက် နယ်စပ်က ကွန်မြူနစ်ဆန့်ကျင်ရေး အတားအဆီးတွေလို့ မှတ်ယူထားတဲ့ ထိုင်းနိုင်ငံအတွက် မျက်ခုံးလှုပ်စရာ ပါပဲ။ တကယ်လို့ လီမီရဲ့တပ်က ကရင်၊ မွန်တွေနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ရင် ကရင်တပ်တွေ ကစဉ့်ကလျားဖြစ်နေတာကို ပြန်ထေနိုင်ပြီး သူ့နိုင်ငံနယ်စပ်လည်း ပိုလုံခြုံလာမယ်လို့ ထိုင်းနိုင်ငံက တွက်ဆပါတယ်။

ကရင်နဲ့ မွန်သူပုန်တွေ ကျွန်းသစ်နဲ့ ဝူဖရမ်တွေကို မှောင်ခိုထုတ်ပြီး ထိုင်းနိုင်ငံကဘက်က ရလာတဲ့ လက်နက် ပမာဏလောက်ကိုတော့ မြန်မာအစိုးရက ထူးထူးကဲကဲ မစိုးရိမ်ပါဘူး။ ဂျူလိုင်လမှာ စောရွှေ ထိုင်ပေကို သွားပြီး ဩဂုတ်လမှာ လီဇေဖန်းနဲ့ ချင်းမိုင်မှာ ဆွေးနွေးပြီးနောက် တရုတ်သမ္မတနိုင်ငံက လက်နက်တွေ အစုလိုက် အပြုံလိုက် သူပုန်တွေဆီ ရောက်လာမှာကတော့ မျက်ကလူးဆန်ပြာ ဖြစ်စရာ ပါပဲ။ ထောက်လှမ်းရေး ခန့်မှန်းချက်တွေအရ ကေအဲန်ဒီအိုတွေဟာ အရှုံးပေးရကာနီးနေပြီ ဖြစ်ပေမယ့် တရုတ်ဖြူရဲ့ အကူအညီတွေသာ ရမယ်ဆိုရင် စစ်မြေပြင်မှာ ဆက်လက် တိုက်ခိုက်နေနိုင်ဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၅၂ ဩဂုတ်လမှာ မြေကမ္ဘာ စစ်ဆင်ရေးကို စတင်တယ်။ ကနဦး ခြေလှမ်းအနေနဲ့ လီကော်ဟွေးက ယောင်ချောင်နဲ့ အမြဲတမ်း တပ်သား အင်အား ၇၀၀ ရှိ သူ့တပ်မ (၁၉၃) ကို ထိုင်းနိုင်ငံ အနောက်ဘက် နယ်စပ်တလျှောက် တောင်ဘက်ကို စေလွှတ်လိုက်တယ် (မြေပုံ−၅ ကို ကြည့်ပါ)။ မဟာမိတ် ကရင်နဲ့ မွန် တို့ကို ကူညီဖို့ဖြစ်တယ်။ လမ်းမှာ လှိုင်းဘွဲ့က ကရင်ဌာနချုပ်ကို ရောက်တော့ တရုတ်ဖြူ အင်အား ၃၀၀ က ကရင်တွေနဲ့ ပေါင်းပြီး မြန်မာ စစ်စခန်းနဲ့ ရဲစခန်းတွေကို တိုက်တယ်။ လှိုင်းဘွဲ့ဟာ သံလွင်မြစ်နဲ့ ထိုင်းနယ်စပ်ကြား၊ မော်လမြိုင် မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတယ်။ ယောင်ချောင်နဲ့ ကျန်တဲ့ အဖွဲ့တွေကတော့ တောင်ဘက်ကို ဆက်ထွက်သွားပြီး မော်လမြိုင်မြို့ တောင်ဘက် ၄၅ မိုင်လောက်က ကမ်းရိုးတန်းနဲ့ နီးကပ်နေတဲ့ ကရုပ္ပိနဲ့ ပင မြို့လေးတွေဘက် အထိ ရောက်သွားတယ်။ အဲဒီမှာ မွန်သူပုန်တွေနဲ့ ပေါင်းပြီး မြန်မာလုံခြုံရေးတပ် ပစ်မှတ်တွေကို တိုက်ကြတယ်။

မြေပုံ (၅) တနင်္သာရီ ကမ်းရိုးတန်း

ကရင်နဲ့ မွန်တွေကို ဝိုင်းပတ်ထားတဲ့ မြန်မာစစ်တပ် တပ်တွေကို အာရုံလွှဲနိုင်ဖို့ ရှမ်းပြည်နယ်မှာ ရှိတဲ့ တရုတ်ဖြူတပ်တွေကလည်း မြန်မာ့အစိုးရတပ်တွေကို တချိန်တည်းမှာ တိုက်ခိုက်တယ်။ ၁၉၅၂ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ မိုင်းဆတ် ကို ထိန်းချုပ်ဖို့ အဓိက တာဝန်ရှိတဲ့ ဖုချင်းယွင်ရဲ့ အမြဲတမ်း မဟုတ်တဲ့တပ်တွေက မြောက်ဘက်မှာ ရှိတဲ့ မိုင်းရှူးနယ် နဲ့ တောင်သိန္နီနယ်6 ဘက်အထိ စိမ့်ဝင် ထိုးဖောက်ခဲ့တယ်။ စော်ဘွားတွေကို ဖြုတ်ချပြီး သူတို့စိတ်ကြိုက် ဒေသန္တရ အုပ်ချုပ်ရေးတွေ ဖွဲ့စည်းတယ်။ ဒါ့ကြောင့် ငြိမ်ဝပ်ပိပြားသွားအောင် ဆောင်ရွက်ပေးဖို့ ရှမ်းစော်ဘွားတွေက မြန်မာအစိုးရကို တောင်းဆိုပါတော့တယ်။ တရုတ်ဖြူတွေကို တိုက်ထုတ်ဖို့ မြန်မာအစိုးရက လွှတ်လိုက်တဲ့ တပ်ရင်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာမှာ တန့်နေတယ်။ တရုတ်ဖြူ အမြဲတမ်း မဟုတ်တဲ့ တပ်တွေဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်က ဗန်းမော်ခရိုင်ဘက်ကို ရည်မှန်းပြီး မြောက်ဘက်ကို ဆက်လက် ထိုးဖောက်ခဲ့တယ်။ ၁၉၅၃ ဖေဖော်ဝါရီလမှာ မြန်မာပြည်လမ်းမကြီး တလျှောက် မြို့လေးတွေကို တိုက်ခိုက်ခဲ့တယ်။ ရှုံးခဲ့တဲ့ပွဲများပေမယ့် တရုတ်ဖြူတွေဟာ ကြူကုတ်မြို့ကို တပတ်လောက် သိမ်းပိုက်ထား နိုင်ခဲ့တယ်။ စစ်စည်းကမ်းမရှိတဲ့ တရုတ်ဖြူ အမြဲတမ်း မဟုတ်တဲ့ တပ်ဖွဲ့တွေဟာ လုယက်မှုတွေ ကျူးလွန်ကြတယ်။ ကျေးရွာလူကြီးတွေကို ပြန်ပေးဆွဲပြီး ငွေနဲ့ ပြန်ရွေးခိုင်းတယ်။ တရုတ်ဖြူ ယူနန်တပ်တော်က ထုတ်ပေးတဲ့ ခရီးသွားခွင့် လက်မှတ်တွေ ထုတ်ပေးပြီး ရွာသားတွေကို အတင်းအကျပ် ကိုင်ဆောင်ခိုင်းတယ်။ ရွာသားတွေကို အတင်းအကြပ် ဆင့်ခေါ်ပြီး အလုပ်လုပ်ခိုင်းတယ်။ လိုက်မလုပ်တဲ့ ရွာတွေကို မီးရှို့တယ်။ အမေရိကန်တွေက ပြန်ဆပ်ပါမယ်ဆိုပြီး ကတိပေးတဲ့ စာရွက်တွေပေးပြီး ဆန်တွေကို “ဝယ်တာ” ကိုလည်း မကြာခဏ တွေ့ရတယ်။

၁၉၅၂ ခုနှစ် အကုန်မှာတော့ မြန်မာစစ်တပ်က တရုတ်ဖြူ−ကရင်−မွန် သုံးဖွဲ့ပေါင်းက ပေးတဲ့ဒုက္ခကို ရင်ဆိုင်နိုင်စွမ်း ရှိပုံမရပါဘူး။ ပွင့်လင်းရာသီမှာ တခြားသူပုန်အဖွဲ့တွေကိုလည်း သိပ်ပြီး မရင်ဆိုင်နိုင်တော့ပါဘူး။ ဒီအလားအလာနဲ့ ပတ်သက်ပြီး ဦးနု အစိုးရဟာ “အရူးမီးဝိုင်း” နေပုံရတယ်လို့ ရန်ကုန်ရှိ အမေရိကန် သံရုံးက အစီရင်ခံပါတယ်။ တရုတ်ဖြူနဲ့ သူ့မဟာမိတ်တွေကို အဓိကထား တိုက်ခိုက်ဖို့အတွက်ကွန်မြူနစ်နဲ့ တခြားသူပုန်တွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေကို ၁၉၅၃ ဇန်နဝါရီ ၆ ရက်မှာ စစ်ရုံးကနေ ရပ်ဆိုင်းလိုက်ပါတော့တယ်။

မအောင်မြင်တဲ့ ဟိုင်ထျန်း သင်္ဘောကြီး

မြေကမ္ဘာစစ်ဆင်ရေးရဲ့ ပင်လယ်ရေကြောင်း ထောက်ပံ့ရေး ပို့ဆောင်မှုကြီးကို ၁၉၅၂ နွေရာသီကတည်းက အစောဆုံး စတင်စီမံခဲ့ပါတယ်။ ဂျူလိုင်လအတွင်း ကရင်ခေါင်းဆောင်တွေနဲ့ ဒေါက်တာ ထင်းကျိုရှောက် တို့ တွေ့ဆုံပြီးနောက် တရုတ်ဖြူ ယူနန်တပ်တော် စစ်ဦးစီးအရာရှိချုပ် ချန်ပေါ်ယင်း က ထိုင်ပေကို လေယာဉ်နဲ့ သွားတယ်။ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ ပေါင်းပြီး မြန်မာနိုင်ငံ တနင်္သာရီ ကမ်းရိုးတန်းကို ပင်လယ်ကနေပို့ပေးမယ့် စစ်ကူ၊ လက်နက်နဲ့ ပစ္စည်းတွေ အရောက်ပို့နိုင်အောင် စီမံချက် ရေးဆွဲကြတယ်။ စစ်ကူအင်အားတွေက တရုတ်အမျိုးသားတပ်မတော် အမြဲတမ်းတပ်ဖွဲ့က စစ်ပြန်တွေ အဓိက ဖြစ်ပြီး ဟိုရောက်မှာ တရုတ်ဖြူ ယူနန်တပ်မတော်က တပ်ဖွဲ့တွေအဖြစ် ပြန်လည်စုဖွဲ့ လေ့ကျင့်ပြီး လက်နက် တပ်ဆင်ပေးဖို့ဖြစ်တယ်။ မြေပုံ (၅) မှာ ပြထားတဲ့ အတိုင်း ကမ်းရိုးတန်းကနေ ရှမ်းပြည်နယ်အထိ လမ်းကြောင်းတလျှောက်ကို လုံခြုံရေးယူဖို့ဖြစ်တယ်။

ထိုင်ဝမ်းမှာရှိတဲ့ လီမီရဲ့ရုံးက အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ရန်ပုံငွေကို အသုံးပြုပြီး တန်ချိန် ၂,၇၀၀ တင်နိုင်တဲ့ ဟိုင်ထျန်း7 ဆိုတဲ့ သင်္ဘောကို စင်းလုံးငှားလိုက်တယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနက လုပ်ကိုင်နေတဲ့ သင်္ဘောပဲ ဖြစ်ပါတယ်။ ရည်မှန်းထားတာထက် တလနောက်ကျပြီး ၁၉၅၃ ဖေဖော်ဝါရီ ၂ ရက်မှ သင်္ဘောဟာ ကောင်းရှုံကနေ ထွက်လာတယ်။ သင်္ဘောပေါ်မှာ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင် စုဆောင်းထားပေးတဲ့ စစ်ပြန် ၈၈၂ ယောက်ပါတယ်။ ချန်ကေရှိတ်က သူ့တပ်တော်တွေကို ခေတ်မီအောင် ပြန်ဖွဲ့စည်းနေတာမို့လို့ မလိုတော့တဲ့ စစ်သားတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် တပ်မှာ ပိုနေတဲ့အင်အားတွေနဲ့ တပ်ကထွက်လိုက်ရတဲ့သူတွေထဲမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် မြန်မာနိုင်ငံမှာ သွားရောက် တိုက်ခိုက်ချင်တဲ့သူတွေ ထိုင်ဝမ်းမှာ အများကြီးရှိတယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ် လိုက်လာတဲ့သူတွေထဲမှာ တရုတ်အမျိုးသားတပ်မတော်မှာ လက်ရှိ အမှုထမ်းနေတဲ့ အရာရှိ၊ အရာခံ ၂၉၇ ယောက်ပါတယ်။ ချန်ကေရှိတ် သမ္မတရုံး ထောက်လှမ်းရေးဌာနခွဲက ဆက်သွယ်ရေး ကျွမ်းကျင်သူ လေးယောက်နဲ့ ရေဒီယို ဆက်သွယ်ရေးစက် နှစ်စုံလည်း သင်္ဘောပေါ် ပါလာတယ်။



မြေပုံ (၆) မအောင်မြင်တဲ့ ဟိုင်ထျန်း သင်္ဘောကြီး

ဟိုင်ထျန်းသင်္ဘောပေါ်မှာ စစ်သုံးပစ္စည်း ၁၆၆ တန်နဲ့ အမေရိကန်ထုတ် လက်နက် ၁၄၃ တန် ပါလာတယ်။ လက်နက်အများစုဟာ ဝါရှင်တန်ကနေ ထိုင်ဝမ်းကို စစ်ရေးအကူအညီအစီအစဉ်အရ ပေးထားတဲ့ လက်နက်တွေထဲကနေ တရားမဝင် ထုတ်ယူလာတာ ဖြစ်တယ်။ တခြား ၂၃ တန်ကတော့ ဈေးကွက်ထဲက ဝယ်ယူထားတဲ့ ဥရောပလုပ် လက်နက်တွေနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဂိုဒေါင်ထဲက ပစ္စည်းအမျိုးမျိုး ဖြစ်ပါတယ်။ ခြေလျင်တပ်သုံး လက်နက်ကြီးတွေ အနေနဲ့ ၇၅−မီလီမီတာ (မမ) နောက်ပွင့်ရိုင်ဖယ်၊ ၈၂−မမ နဲ့ ၆၀−မမ စိန်ပြောင်းတွေအပြင် စက်သေနတ် အမျိုးမျိုးလည်း ပါတယ်။ ခဲယမ်း အမြောက်အမြားလည်းပါလာတဲ့အပြင် ဆက်သွယ်ရေး ကိရိယာတွေ၊ ဆေးဝါး၊ အဝတ်အထည်၊ အိပ်ယာနဲ့ စားသောက်စရာတွေလည်း ပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီ ကမ်းရိုးတန်း အထိ လမ်းတလျှောက် ဘာအခက်အခဲမှ မရှိဘဲ ဟိုင်ထျန်း သင်္ဘောဟာ မြန်မာနိုင်ငံ ကုန်းမကြီးရဲ့ တောင်ဘက်စွန်း ဝိတိုရိယအငူ (ကော့သောင်း) ကို ၁၉၅၃ ဖေဖော်ဝါရီ ၁၃ ရက်က ရောက်ပါတယ်။ ဟိုင်ထျန်းသင်္ဘော ကပ္ပတိန်ရဲ့ လေ့လာချက်အရ တခြား သင်္ဘော အသွားအလာများ မရှိတဲ့အပြင် တရုတ်သမ္မတနိုင်ငံ ထောက်လှမ်းရေး သတင်းတွေအရ မြန်မာရဲတပ်ဖွဲ့က တပ်ဆွယ်လေး တခုသာ ဝိတိုရိယ အငူကို စောင့်ကြပ်နေတယ်ဆိုတာလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ ကပ္ပတိန်ဟာ သင်္ဘောကို ဝိတိုရိယအငူရဲ့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာလောက်က ဟက်စတင်းကျွန်းနားမှာ ကျောက်ချထားလိုက်တယ်။ ကမ်းပေါ်ကလူတွေနဲ့ အဆက်အသွယ်မရသေးလို့ ဟိုင်ထျန်း သင်္ဘောသားတွေဟာ သစ်သားပြားနဲ့ တခြားပစ္စည်းတွေ သုံးပြီး ကျွန်းပေါ်ဆင်းနိုင်မယ့် ဆိပ်ခံတံတားလေး တခု ဆောက်ကြရတယ်။ သင်္ဘောက စောင့်နေတဲ့အချိန်မှာ ရေဒီယို ဆက်သွယ်ရေး အဖွဲ့သားတွေက လှိုင်းဘွဲ့က ကေအဲန်ဒီအို ဌာနချုပ်မှာ ရှိတဲ့ ချန်ပေါ်ယင်း၊ မိုင်းဆတ်က တရုတ်ဖြူ ယူနန်တပ်တော် ဌာနချုပ်နဲ့အပြင် ထိုင်ပေက လီမီရဲ့ရုံး၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့ပါ အဆက်အသွယ်ရတယ်။ ဒါပေမယ့် ပစ္စည်းတွေ လက်ခံမယ့် ယောင်ချောင်တို့နဲ့ အဆက်အသွယ် လုံးဝမရဘူး။ ဟိုင်ထျန်း သင်္ဘောဟာ ဟက်စတင်းကျွန်းနားမှာ တနေ့တညလုံး စောင့်နေတယ်။ ကိုယ့်ဘက်က တပ်ဖွဲ့တွေနဲ့ အဆက်အသွယ် မရဘဲ သင်္ဘောကို အန္တရာယ်ရှိတဲ့ စိမ်းတဲ့ ကမ်းခြေနားမှာ အကြာကြီး ရပ်ထားဖို့ မလွယ်ကူတဲ့အတွက်ကြောင့် ထိုင်ပေကနေ သင်္ဘောကို ကောင်းရှုံဆိပ်ကမ်းဆီ ပြန်လာဖို့ အမိန့်ပေးလိုက်တယ်။ ကံဆိုးရတဲ့အထဲ ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားတွေကြောင့် လီမီဆီကို မပို့လိုက်ရတဲ့ ခဲယမ်းသေတ္တာတွေထဲက သုံးလုံးဟာ ရေထဲကျသွားပါသေးတယ်။

ဘယ်လိုများ လွဲခဲ့ကြတာလဲ

ဟိုင်ထျန်း သင်္ဘော မအောင်မြင်တာဟာ မြေကမ္ဘာစစ်ဆင်ရေးနဲ့ မြေပြင်က လီမီရဲ့တပ်တွေနဲ့ မဟာမိတ်တွေရဲ့ ကြိုးပမ်းမှုကို တုံ့ဆိုင်းသွားစေပါတယ်။ စီမံချက်ပြောင်းတာ၊ ဆက်သွယ်ရေး ညံ့ဖျင်းတာတွေကြောင့် မအောင်မြင်တာလို့ ပြောလို့ရပေမယ့် အမေရိကန်က ဖိအားပေးလို့ ထိုင်းဘက်က လီမီရဲ့တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တာကြောင့်လည်း ပါပါတယ်။ ပြီးခဲ့နှစ်နှစ်တုန်းကလည်း တရုတ်သမ္မတနိုင်ငံကနေ ချိုင်ယိ သင်္ဘောနဲ့ ဘန်ကောက်ကို တိုက်ရိုက်ခုတ်မောင်းလာခဲ့ပြီး ဖောင် ဆီယာနွန်ရဲ့ ရဲတပ်ဖွဲ့ အကူအညီနဲ့ ပစ္စည်းတွေကို မြောက်ဘက်က မြန်မာနယ်စပ်ဘက်ကို ပို့ပေးနိုင်ခဲ့ဖူးပါတယ်။ ၁၉၅၂ နှောင်းပိုင်းမှာတော့ ထိုင်းအစိုးရက ပိုသတိထားလာပါတယ်။ အခုတော့ တရုတ်ဖြူစစ်သားတွေ ရာဂဏန်းနဲ့ စစ်လက်နက် ပစ္စည်းတွေ တန်ပေါင်းများစွာ ထိုင်းဆိပ်ကမ်းကို ရောက်လာပြီး ကုန်းလမ်းကနေ ဆက်လက် သယ်ယူပို့ဆောင်ပေးတာကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခက်အခဲဆုံး နောက်တနည်းကတော့ ဟိုင်ထျန်း သင်္ဘောကို မြန်မာနိုင်ငံက လူသူမနီးတဲ့ နေရာကို တိုက်ရိုက်စေလွှတ်ပြီး သင်္ဘောပေါ်က ပစ္စည်းတွေကို ချပေးပြီး အလျင်အမြန် ပြန်လည် ထွက်ခွာနိုင်ဖို့ တရုတ်ဖြူတပ်နဲ့ မဟာမိတ်တွေက အချိန်ကိုက် လုံခြုံရေး ရှင်းလင်းထားပေးဖို့ လိုအပ်ပါတယ်။ ဟိုင်ထျန်း သင်္ဘော ဟတ်စတင်းကျွန်း အနီးကိုရောက်တဲ့အချိန် ပစ္စည်းလက်ခံမယ့် ယောင်ချောင်တို့အဖွဲ့က မြောက်ဘက် ၃၅၀ မိုင်လောက်က ကုန်းမကြီးနဲ့ နီးတဲ့ ကုလားဂုတ်ကျွန်းပေါ်မှာ စောင့်နေကြတယ်။ ဒီအဖြစ်အပျက်တွေ အပြီး လအတော်ကြာမှာ ချန်ပေါ်ယင်းရဲ့ ဦးစီးအရာရှိ တယောက်က ဒီအကြောင်းကို ဘန်ကောက်က အမေရိကန် သံတမန် တယောက်ကို ဒီလို ပြောပြတယ်။ မူရင်း စီမံချက်က တရုတ်ဖြူတပ်နဲ့ မဟာမိတ်တွေက ကမ်းခြေက မိုင် ၃၀ လောက်ဝေးတဲ့ Bentinck ရေလက်ကြားက ကုလားဂုတ်ကျွန်းကို သိမ်းထားမယ်။ အဲဒီမှာ မြန်မာတပ်တွေနဲ့ လွတ်လွတ်ကင်းကင်းရှိတယ်။ လှေငယ်လေးတွေသုံးပြီး တပ်နဲ့ လက်နက်တွေကို မိုင် ၃၀ လိုက်ကျယ်တဲ့ ရေလက်ကြားကို ကူးပြီး ကုန်းမကြီးပေါ် တက်မယ်။ ကျိုက္ခမီရဲ့ တောင်ဘက် ကရုပ္ပိနဲ့ ပင နားက ကမ်းခြေရွာလေးတွေဆီ ပစ္စည်းပို့ပေးနိုင်တာကြောင့် ကုလားဂုတ်ကျွန်းမှာ ပစ္စည်းချဖို့ စီမံချက်ကို စွန့်လွှတ်လိုက်တယ်။ အဲဒီနေရာတွေဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေ မဟာမိတ်စစ်သားတွေကို ဖောက်လုပ်ခိုင်းတဲ့ “သေမင်းတမန် ရထားလမ်း” နဲ့ သိပ်မဝေးဘူး။ ရထားလမ်းကို ဖျက်ဆီးလိုက်ပြီ ဆိုပေမယ့် ပစ္စည်းတွေရွှေ့လို့ရတဲ့ လမ်းအဖြစ်တော့ သုံးလို့ရတယ်။ တကယ်လို့ ဟိုင်ထျန်း သင်္ဘောသားတွေက ဦးတည်ရာ နေရာ အပြောင်းအလဲကို သိဦးတော့ ဒီစီမံချက် အောင်မြင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ဖြူ၊ ကရင်နဲ့ မွန် ပူးပေါင်းတပ်ဖွဲ့ဟာ ကရုပ္ပိနဲ့ ပင နားက ကမ်းရိုးတန်းရွာတွေကို သိမ်းလို့ မပြီးသေးတာကြောင့် ဖြစ်ပါတယ်။ ရေဒီယို ဆက်သွယ်ရေး အခက်အခဲကြောင့် ပစ္စည်းချမယ့်နေရာ အပြောင်းအလဲရှိကြောင်း ယောင်ချောင်က သင်္ဘောဆီ အကြောင်းမကြားနိုင်ခဲ့ပါဘူး။ ယောင်ချောင် အဖွဲ့က ရေဒီယို အော်ပရေတာဟာ ဆက်သွယ်ရေး မအောင်မြင်လို့ဆိုပြီး ချက်ခြင်း အရေးယူခံခဲ့ရပါတယ်။ စင်္ကာပူက ထွက်လာတဲ့ ဗြိတိသျှ အကောက်ခွန် သင်္ဘော တစင်းက ဟိုင်ထျန်း သင်္ဘောကို ပစ်ခတ်လို့ ထိုင်ဝမ်းဆီ ပြန်လှည့်လာရတယ်လို့ တရုတ်ဖြူတပ်ဖွဲ့တွေ အကြားမှာ ပြောဆိုနေကြတာလည်း ရှိပါတယ်။  အတော်လေးကောင်းမွန်တဲ့ စီမံချက်ကို အမှားမှား အယွင်းယွင်း လုပ်ဆောင်မိတာကို ဖုံးကွယ်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။8

အခုလို ပြန်လည်ထောက်ပံ့ရေး အစီအစဉ် မအောင်မြင်ရတာဟာ ပစ္စည်းလက်ခံမယ့်နေရာ အပြောင်းအလဲ ဖြစ်တာကြောင့် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် တခြား ပြဿနာတွေလည်း ရှိနေပါသေးတယ်။ နည်းဗျူဟာအရ အခြေအနေကို ပြောင်းလဲခြင်းနဲ့ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်းလို့ မရနိုင်တာကြောင့် စီမံချက်တွေကို ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ သင်္ဘော ပေါ်က လူနဲ့ ပစ္စည်းတွေကို ချဖို့နဲ့ မြန်မာဘက်က မနှောက်ယှက်နိုင်ခင်မှာ ဟိုင်ထျန်း သင်္ဘော ပင်လယ်ကို အမြန်ပြန်ထွက်နိုင်ဖို့အတွက်ကြောင့် အချိန်ကိုက် လှုပ်ရှားနိုင်မှုကလည်း အရေးကြီးပါတယ်။ စီမံထားတဲ့အတိုင်း ဇန်နဝါရီမှာ ကောင်းရှုံဆိပ်ကမ်းက ထွက်ရမှာကို တလနောက်ကျပြီးမှ ထွက်လာနိုင်တာကလည်း တကြောင်း ပါပါလိမ့်မယ်။ ဖေဖော်ဝါရီလအတွင်း မော်လမြိုင် တောင်ဘက်က ကျိုက္ခမီဘက်မှာ မြန်မာစစ်တပ်က တရုတ်ဖြူ စစ်သားတွေနဲ့ မွန်တိုက်ခိုက်ရေးသမားတွေကို တိုက်ခိုက်ခဲ့တာကြောင့်လည်း ပစ္စည်းလက်ခံမယ့် အဖွဲ့တွေကို ကမောက်ကမ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဟိုင်ထျန်း သင်္ဘောဟာ ဘာဖြစ်လို့ စီမံချက်မှာ လုံးဝမပါတဲ့ ဟက်စတင်းကျွန်းကို သွားခဲ့တာလဲ ဆိုတာကိုတော့ ဘယ်သူမှ ရှင်းမပြနိုင်ခဲ့ပါဘူး။ တကယ်လို့ သူတို့က စစ်သားတွေနဲ့ လက်နက်ပစ္စည်းတွေကို မိုင် ၂၀ လောက်ဝေးတဲ့ ကုန်းမကြီးပေါ် အနှောက်အယှက်မရှိ ချပေးနိုင်ခဲ့တယ် ဆိုရင်တောင် မလွယ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တနင်္သာရီဒေသက အဓိကလမ်းမကြီးဟာ ဝိတိုရိယအငူ မြောက်ဘက် မိုင် ၁၇၀ လောက်က မြိတ်မှာ ဆုံးပါတယ်။ နဂိုရည်မှန်းချက်ရဲ့ တောင်ဘက်နဲ့ အဝေးကြီးလည်း ဖြစ်ပါတယ်။ စစ်ကူတပ်တွေဟာ ပစ္စည်းပစ္စယ တန်ပေါင်းများစွာနဲ့ အန္တရာယ်ရှိတဲ့ ကမ်းရိုးတန်းမှာ သောင်တင်နေမှာသာ ဖြစ်ပါတယ်။ ရှိတဲ့လူနဲ့လည်း ပစ္စည်းတွေကို သယ်ဖို့ မဖြစ်နိုင်ပါဘူး။ သင်္ဘော ကပ္ပတိန်နဲ့ သင်္ဘောသားတွေဟာ ပင်လယ်ပြင် အတွေ့အကြုံများရှိသူတွေ ဖြစ်တာကြောင့် သူတို့ကို ပေးထားတဲ့ ရည်မှန်းချက်ကို ရောက်အောင် ခုတ်မောင်းသွားနိုင်သူတွေ ဖြစ်ပါတယ်။ သူများတိုင်းပြည်က နာမည်တွေကို ဇဝေဇဝါဖြစ်တာနဲ့ တရုတ်လို ရေးထားတဲ့ မြန်မာနိုင်ငံ ဒေသနာမည်တွေကို မှန်မှန်ကန်ကန် မခွဲခြားနိုင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဟိုင်ထျန်း သင်္ဘော အရေးတော်ပုံ မအောင်မြင်တာကတော့ လီမီရဲ့တပ်တွေအတွက် ကပ်ဆိုက်တာပဲဖြစ်ပါတော့တယ်။

  1. Kuomintang Aggression Against Burma မှတ်တမ်းစာအုပ်ရဲ့ စာမျက်နှာ (၁၄) မှာတော့ တရုတ်ဖြူ အင်အား ၂,၀၀၀ လောက်ဟာ မိုင်းယန်းကနေ ယူနန်ဘက် ဝင်သွားကြပေမယ့် အလွယ်အကူပဲ မောင်းထုတ်ခံလိုက်ရကြောင်း ဖော်ပြထားတယ်။ ဒါပေမယ့် အဲဒီအချိန်ကာလက အမေရိကန်၊ ဗြိတိသျှနဲ့ တရုတ် စာရွက်စာတမ်းတွေမှာတော့ ဒီတိုက်ခိုက်မှုကို ဖော်ပြထားတာ မရှိဘူး။
  2. ဂျူလိုင်လနှောင်းပိုင်းမှာ တရုတ်ဖြူ ယူနန်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်မှု မရှိဘူးလို့ ကျိုင်းတုံစော်ဘွားက အတည်ပြုပြောဆိုပေမယ့် ကျိုင်းတုံနယ်ထဲကို ကွန်မြူနစ်တွေ ဝင်တိုက်ခိုက်တာကိုတော့ ထိန်ချန်ထားတယ်။
  3. တောင်ပိုင်းမဟာဗျူဟာ စီမံချက်ကနေ ဘာတွေရလာနိုင်မလဲဆိုတာ သူ့ကို ပေးမသိလို့ လျိုယွမ်လင် က တပ်တွေကို ကရင်နဲ့ မွန်ဒေသဘက် ပို့မယ့်ကိစ္စကို ကန့်ကွက်တယ်။
  4. စောရွှေ ကို “ကွန်မြူနစ် ဆန့်ကျင်ရေး ရှေးရိုးစွဲ” တယောက်ဖြစ်တယ်လို့ လူသိများတယ်။ ၁၉၄၉ ခုနှစ် ကေအဲန်ဒီအိုနဲ့ မပေါင်းခင်တုန်းက ကရင်နီပြည် ကြယ်ဖိုးကြီးနယ်ရဲ့ စောဖျာ ဖြစ်တယ်။
  5. ဒေါက်တာချင်ယီဟွေ့ရဲ့ အဆိုအရ အမေရိကန် အစိုးရနဲ့ တရုတ်သမ္မတနိုင်ငံက ငွေကြေးထောက်ပံ့ပေးထားနဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး လက်ယာအုပ်စုတွေရဲ့ အကူအညီနဲ့ စောရွှေ ဟာ ထိုင်ပေကို အခေါက်ခေါက် အခါခါ သွားခဲ့တယ်လို့ ဆိုပါတယ်။
  6. တောင်သိန္နီနယ် ဆိုတာ ဒီနေ့ခတ် မိုင်းရယ်မြို့နယ် နဲ့ တန့်ယန်းမြို့နယ် တို့ဖြစ်တယ်လို့ အကြမ်းဖျဉ်း ပြောလို့ရတယ်။ (ဘာသာပြန်သူ)
  7. တရုတ်ဘာသာစကားမှာ “ဟိုင်” ဆိုတာ ပင်လယ် လို့ အဓိပ္ပာယ်ရပြီး “ထျန်း” ဆိုတာက ယူနန်ပြည်နယ်ရဲ့ ရှေးတုန်းက နာမည် တခု ဖြစ်ပါတယ်။
  8. တရုတ်ဖြူ စစ်ပြန် တယောက်က ဒေါက်တာ ချင်ယီဟွေ့ကို ပြောပြတဲ့ ဟိုင်းထျန်း သင်္ဘောနဲ့ ပတ်သက်တဲ့ နောက်ထပ် ဇာတ်လမ်းတပုဒ်ကတော့− သင်္ဘောရဲ့ တကယ့် ရည်မှန်းချက်ဟာ ကုလားဂုတ်ကျွန်း တောင်ဘက် ၂၅ မိုင် အကွာ၊ မြစ်ဝ တခုရဲ့ အထက်ဘက် ရှစ်မိုင်လောက်မှာ ရှိတဲ့ ရေးမြို့ ဖြစ်တယ်လို့ ဆိုပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar