Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် "မောင်သင်းခိုင်လက်မခံတဲ့ လူပုဂ္ဂိုလ်ကိုးကွယ်ရေး "


Photo - Crd
မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၂၀၊ ၂၀၂၁

"မောင်သင်းခိုင်လက်မခံတဲ့ လူပုဂ္ဂိုလ်ကိုးကွယ်ရေး "
ဝင်းမင်းခိုင်

ငါတော်လို့မဟုတ်ဖူးကွ ငါယုံကြည်တဲ့အဘိဓမ္မာက တော်တာကောင်းတာ။
မော်စီတုန်းအကြောင်းရေးချင်လို့ အဂ္ဂာစနိုးက မေးခွန်းတွေမေးတော့၊ မော်ကသူ့အကြောင်းသူပြောရမှာရှက်လို့ ပြောမပြဘူးကွ။
သူ့အကြောင်းထက် တရုတ်ပြည်တော်လှန်ရေးကြီးက ပိုအရေးကြီးတဲ့အကြောင်းပဲပြောတယ်။
အဂ္ဂါစနိုးကဇွဲမလျော့ပဲ ခဏခဏသွားပြီး စကားပြောတယ်၊ နှစ်ပေါက်အောင်စိတ်ရှည်လက်ရှည်ပြောရင်း နည်းနည်း၊ နည်းနည်းဆွဲထုတ်ယူမှ တစတစသိလာရတာ။
ဘယ်သမိုင်း၊ ဘယ်တော်လှန်ရေးမှ တဦးကောင်းတယောက်ကောင်းလုပ်လို့ရတာမဟုတ်ဖူး၊ အုတ်တချပ်၊ သဲတပွင့်တွေချည့်ပဲ။
ဒါကြောင့် လူကိုရှိမခိုး တရားကိုရှိခိုးတယ် လို့ ကဗျာဆရာမကြည်အေးက ရေးခဲ့တာလေကွာ။
လူပုဂ္ဂိုလ် ကိုးကွယ်တဲ့အလေ့အထလွှမ်းမိုးသွားရင် တဦးထဲကချယ်လှယ်ကြိုးကိုင်လာလိမ့်မယ်။
တဦးထဲကချယ်လှယ်ကြိုးကိုင်နေမှတော့ အာဏာရှင်ဖြစ်သွားတော့တာပေါ့။
စစ်တပ်မှာ စစ်ဗိုလ်ချုပ်တဦးထဲကကြိုးဆွဲရင် စစ်အာဏာရှင်ဖြစ်မယ်။
အရပ်သားအဖွဲ့အစည်းတွေ၊ ပါတီတွေမှာလူတဦးတယောက်ထဲကလွှမ်းမိုးဆုံးဖြတ်နေရင် အရပ်သားအာဏာရှင်ပေါ့ကွာ။
အာဏာရှင်ဆိုတာက အမိန့်ပေးခိုင်းစေတာတခုပဲရှိတယ်၊ အပြန်အလှန်လေးစားတာတွေ၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ငြင်းခုန်ခွင့်တွေပေးမထားဘူး။
ရေပါတာပဲလိုချင်တယ်၊ ရေဘူးပေါက်တာမလိုချင်ဘူးဆိုတဲ့စကားဟာ တရားတာ၊ မတရားတာမှန်တာ၊ မှားတာ မစဉ်းစားနဲ့
အမိန့်ကိုပဲနာခံ၊ ခိုင်းတာကိုပဲလုပ်လို့ပြောတာမဟုတ်ဖူးလား။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကထဲက ငါဘုရားထက် "သံဃာ" က ပိုအရေးကြီးတယ်လို့ ဗုဒ္ဓက ဟောသွားတာ ဘယ်လောက်လေးစားဖို့ကြည်ညိုဖို့ကောင်းသလဲ။
လူ့အဖွဲ့အစည်းမှာ တဦးကောင်းတယောက်ကောင်းနဲ့တည်ဆောက်ထားတာ ဘာမှမရှိဘူးကွ။
မောင်သင်းခိုင်လည်း ပခုံး၂ ဖက်ကြားက ခေါင်းပေါက်တာပဲ၊ လူတယောက်အနေနဲ့ဆိုရင် ဘယ်သူ့ထက်မှ၊ ဘာမှပိုမထူးဘူး။
ငါသာဖောက်ပြန်တဲ့အတွေးအခေါ်နဲ့မတရားတာတွေလုပ်နေရင် ငါ့ကိုဘယ်သူကချစ်မလဲ။
ဒါကြောင့်အဘိဓမ္မာကအရေးကြီးတယ်လို့ပြောတာပေါ့။
ဘုရားရှင်နဲ့ဒေဝဒတ်ကိုလဲကြည့်၊ သင်္ကန်းရုံ ထားတာချင်းတူပေမယ့် အဘိဓမ္မာမတူတော့ စံတွေ၊ တန်ဖိုးတွေ ကွဲပြားကုန်တာတွေ့ရလိမ့်မယ်။
ဗိုလ်နေဝင်းလက်ထက်က အဖြစ်အပျက်တခုကိုပြောပြရအုံးမယ်။
အန္ဒိယခေါင်းဆောင်ကြီးတဦးက ဗမာပြည်ကသူ့မိတ်ဆွေ ကျုံမငေးဦးတင်မောင်အတွက် မျက်မှန်တလက် လက်ဆောင်ပေးခိုင်းလိုက်တယ်။
အဲဒီမျက်မှန်က ဗိုလ်နေဝင်းလက်ထဲမှာဆိုတော့ ဗိုလ်နေဝင်းက သူ့တပည့်တွေကို ကျုံမငေးကိုတင်မောင် ဘယ်ရောက်နေလဲမသိဘူးလို့ ပြောလိုက်သတဲ့။
နောက် ၃ နှစ်လောက်ကြာတော့ ဗိုလ်နေဝင်းက မျက်မှန်ပေးဖို့သတိရသွားပြန်တယ်။
"ဟ" မင်းတို့ ကျုံမငေးကိုတင်မောင် ဘယ်မှာရှိလဲ၊ ငါမေးဘူးတယ်မို့လား ရှာပြီးခေါ်ခဲ့စမ်းလို့ထပ်ပြောလိုက်တော့ မကြာခင်မှာပဲ ကျုံမငေးဦးတင်မောင်ရောက်လာတယ်။
ရော့ကိုတင်မောင်ရေ .. မစ္စတာနေရှုးကသူတပ်နေတဲ့မျက်မှန် ခင်ဗျားကိုပေးလိုက်ပါဆိုပြီး အိန္ဒီယာဂန္ဒီကိုမှာခဲ့လို့ လူကြုံပါးလိုက်တာ၊လွန်ခဲ့တဲ့၃နှစ်လောက်ကထဲကဗျ၊ ခင်ဗျားကဘယ်တွေရောက်နေတာလဲလို့မေးသတဲ့။
သခင်တင်မောင်က လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပဲ ခင်ဗျားကျုပ်ကိုဖမ်းခိုင်းခဲ့တာမဟုတ်ဖူးလား၊ ကျုပ်မှာဘာအပြစ်ရှိလို့ခင်ဗျားကအဖမ်းခိုင်းရတာလဲ လို့သခင်တင်မောင်က ပြန်မေးတယ်ကွ။
ဗိုလ်နေဝင်းကချက်ချင်း သူ့လူတွေလှမ်းခေါ်ပြီးမင်းတို့ သခင်တင်မောင်ကိုဘာဖြစ်လို့ဖမ်းတာလဲ မေးတယ်။
ဗိုလ်ချုပ်က ဖမ်းထားစေချင်လို့မေးတယ်ထင်ပြီး စိတ်ချရအောင်ဖမ်းထားတာပါလို့ ဖြေသတဲ့။
အဲဒီလိုဖြေတာကိုနားထောင်ပြီး ဗိုလ်နေဝင်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ ကြေနပ်ပြုံးပြုံးနေတယ်တဲ့ကွ။
တသွေးတသံတမိန့်ကိုချက်ချင်းအကောင်အထည်ဖော်ရင်းအကြောက်တရားနဲ့အမှားတွေလျောက်လုပ်ကုန်တာကွ။
ခံရတဲ့သူအဖို့ဘယ်လောက်နစ်နာသလဲ စဉ်းစားကြည့်ပေါ့ကွာ။
တချို့ကကြတော့ ကိုယ့်ကိုကိုးကွယ်လာအောင် အကိုးကွယ်ခံရတဲ့နေရာရောက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ယူပြီး အာဏာရှင်ဘဝကိုထူထောင်ကြတာ။
ဗိုလ်နေဝင်းလက်ထက်မှာသူ့ကိုအမွှန်းတင်တဲ့၊ သမိုင်းလိမ်တွေ ဖန်တီးနေတော့၊ ပန်းချီဆရာကြီး M တင်အေးက "ကိုယ့်အမည်ကိုယ်ဖော် မသူတော်" ဆိုတဲ့အဓိပ္ပာယ်နဲ့ တောက်တဲ့တို့၊ ဇီးကွက်တို့ပါတဲ့ပုံနဲ့ပြက္ခဒိန် ထုတ်လိုက်တယ်။
M တင်အေးကိုဖမ်းပြီး ထောင်ထဲထည့်လိုက်တယ်ကွ။
အခု ခေတ်ပေါ်ကဗျာအနေနဲ့ပုံသဏ္ဍာန်အသစ်ဖွံ့ဖြိုးဖို့၊ တိုးတက်လာဖို့ဆိုတာလဲ ငါတယောက်ထဲလုပ်ချင်လို့ရတာမဟုတ်ဖူး၊ မင်းတို့အပါအဝင်ဗမာတပြည်လုံးကလူငယ်တွေနဲ့ မောင်သာနိုးတို့လိုပုဂ္ဂိုလ်တွေအားလုံးဝိုင်းကြဝန်းကြတဲ့အပြင် ရုပ်ရှင်တေးကဗျာက မတင်တင်ဦးတို့ပါ အင်တိုက်အားတိုက်အလုပ်လုပ်ခဲ့ရတာမဟုတ်လား။
ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ဆိုတဲ့ အစဉ်လာကိုချိုးဖျက်ကြ။

"ငါ" ဆိုတဲ့လူပုဂ္ဂိုလ်ထက် ငါ့ယုံကြည်တဲ့အယူအဆကို ဇောင်းပေးအာရုံစိုက်ကြဖို့ ပိုအရေးကြီးကြောင်းငါပြောချင်တယ်။

ချစ်တဲ့
ဝင်းမင်းခိုင်
၁၈.၉.၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar