မောင်စွမ်းရည် - သီချင်းကြိုက်တဲ့ တင်မိုးနဲ့ မာမာအေး
မောင်စွမ်းရည် - သီချင်းကြိုက်တဲ့ တင်မိုးနဲ့ မာမာအေး
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၁
တယောက်က ကဗျာဘုရင်တပါး ဖြစ်သလို တယောက်က အဆိုဘုရင်မတပါး ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တယောက်နဲ့တယောက် အလွန်သံယောဇဉ်ကြီးကြပြီး မောင်နှမအရင်းလို ချစ်ခင်ကြပါတယ်။ သီချင်းဆိုတာလည်း ဝါသနာထုံကြပါတယ်။
ကျွန်တော် အမေရိကကိုရောက်ခါစက အင်ဒီးယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့က ကဗျာဆရာ မောင်စိုးချိန်ရဲ့အိမ်မှာ နေပါတယ်။ တင်မိုးနဲ့အတူနေတာပါ။ မာမာအေးက သူ့တူမ ခင်စန်းတင့်နဲ့ နယူးယောက်မှာနေပါတယ်။ တနေ့တော့ တင်မိုးက မာမာအေးကို ဖုန်းဆက်ပါတယ်။
“မာမာအေးရေ… ဖို့တ်ဝိန်းကို ပြောင်းခဲ့ပါလား၊ ငါတို့ အနုပညာမောင်နှမသုံးယောက် အတူနေကြရအောင်”
သူက အလွယ်တကူ လွှတ်ခနဲပြောလိုက်တာပါ။
မာမာအေးက ‘အနုပညာမောင်နှမသုံးယောက်’ ဆိုတဲ့ စကားလုံးကို အထူးသဘောကျသွားဟန် ရှိပါတယ်။ တကယ်ပဲ ချက်ချင်းပြောင်းလာခဲ့ပါတယ်။
မာမာအေးပြောင်းလာပြီး အိမ်ကြီးတလုံးဝယ်လည်းပြီးရော တင်မိုးက သူ့သမီးရှိရာကို ပြောင်းသွားပါတယ်။
တင်မိုးက ဒီလို အကြံအဖန်တွေ လုပ်တတ်ပါတယ်။
ကဗျာသမား၊ စာသမား၊ ဂီတသမား စတဲ့ အနုပညာရှင်တွေနဲ့ အတူနေချင်ပါတယ်။ အထူးသဖြင့် ဂီတသမားတွေနဲ့ အတူနေချင်တာပါ။ ကျွန်တော် မန္တလေးက ရန်ကုန်ကို လာတယ်။ ရန်ကုန်က ဥရောပ (သူ့သမီးနဲ့အတူနေတဲ့ ဘယ်လ်ဂျီယံကို၊ ဘယ်လ်ဂျီယံကနေ ကျွန်တော့်ကို သူနဲ့ ကိုစောထွန်း (စောလူ) တို့ အတူနေတဲ့ အမေရိကကိုရောက်အောင် သူပဲ အကြံအဖန်လုပ်ပြီး ခေါ်တာပါ။ သူ့အဖေကလည်း ရွာမှာ အနုပညာရှင်များ (အထူးသဖြင့် ဂီတတီးဝိုင်း) နဲ့ အမြဲမပြတ်နေတတ်သူပါ။ စပ်မိလို့ ပြောရရင် ကန်မြဲကိုအေးကျော်ဆိုတာ အဆို၊ အတီးလည်း မတတ်၊ စာလည်း ကောင်းကောင်းမတတ်။ သူတို့တီးဝိုင်းမှာ အင်္ကျီချွတ်ကြီးနဲ့ ဆေးပေါ့လိပ်ဖွာရင်း မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း ငေးမောလေ့ရှိတဲ့ အထူးသောတရှင်တဦးပါ။ သူတို့ တီးဝိုင်းက တောင်သာ မြို့မတီးဝိုင်းနဲ့ မြင်းခြံ မြို့မတီးဝိုင်းတို့ကို ဆက်သွယ်ပြီး မန္တလေးမြို့မကို ‘ပညာတော်သင်’တွေ လွှတ်လေ့ရှိသတဲ့။
တင်မိုးက အဲဒီကာလမှာ ငယ်သေးတော့ ဘာမှမကိုင်ရ၊ မတီးရသေးဘဲ နားနဲ့၊ နှုတ်နဲ့ပဲ လိုက်မှတ်ရသတဲ့။ အသက်ကလေး နည်းနည်းရလာတော့မှ ဘင်ဂျိုကို စကိုင်ရတယ်လို့ ဆိုပါတယ်။ တခြားတူရိယာပစ္စည်း ဆိုတာရင် ဘာမှမကိုင်ခဲ့ရပါဘူးတဲ့။ ရန်ကုန်မှာ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ နေရတော့မှ တယောနဲ့ စန္ဒရားသင်လိုက်သေးတယ်ဆိုကိုး။ အဲဒီအချိန်မှာ စန္ဒရားသိန်းမောင် (မြို့မသိန်းမောင်) က နိုင်ငံခြားကပြန်လာတော့ ရန်ကုန်မှာ သောင်တင်နေတုန်း သူ့အိမ် အလည်လာခိုက် ဆွဲယူပြီး ဆရာတင်လိုက်သေးသတဲ့။ သူ့သမီးလတ်နဲ့ မှီပြီး စန္ဒရားတောင် သင်လိုက်သေးသတဲ့။ သူက တယောနဲ့ စန္ဒရားကို အကြိုက်ဆုံးတဲ့။ ကျွန်တော် ရန်ကုန်ရောက်သွားတော့ သူ့အိမ်မှာ တယောသုံးလက်တောင် ရှိနေပါတယ်။ သူ တယောထိုးချင်တယ်ဆိုလို့ သူ့တပည့်တွေနဲ့ သူအပေါင်းအသင်းတွေက ဝိုင်းပြီး အားပေးလိုက်ကြတာပါ။
တင်မိုးနဲ့ မာမာအေးနဲ့ ‘သောက်ကျင့်’ တူတာ တခုရှိပါသေးတယ်။ ဆေးလိပ်သောက်တဲ့အကျင့်ပါ။ သူတို့နှစ်ယောက်ဆုံမိရင် ဆေးလိပ်ဖြတ်ထားတာတောင် ပြန်သောက်ကြသတဲ့။ တင်မိုးကတော့ ဖြတ်တယ် မကြားဖူးပါ။ မာမာအေးက အတုအယောင် ဖွာတတ်တာမျိုးပါ။ နှစ်ယောက်ဆုံမိရင်တော့ ပြန်သောက်တယ်၊ ပြိုင်သောက်တယ်လို့ ကြားဖူးပါတယ်။ တင်မိုးက သီချင်းဆိုတာကိုလည်း ဆေးလိပ်စွဲသလို စွဲသူလို့ ဆိုရမယ်ထင်ပါတယ်။
သီချင်းကို ဝိုင်းဖွဲ့ပြီး တီးဝိုင်းနဲ့ ဆိုချင်တာပါ။ သီချင်းဆိုတယ်လို့ ကြားရင် ကြားတဲ့အရပ်ကို ဘယ်လောက်ဝေးဝေး လာမှာပါပဲ။ တခါက ချီကာဂိုနားက အိမ်တအိမ်မှာ (ဒေါက်တာဝင်စတန်ခင်တို့ အိမ်)၊ ပန်းချီဝင်းဖေ (ပန်တျာဝင်းဖေ) က တူရိယာပစ္စည်းတွေနဲ့ ရောက်သွားပါတယ်။ ကျွန်တော်လည်း ပါတယ်။ ကျွန်တော်က လော့စ်အိန်ဂျလိစ်မှာရှိတဲ့ တင်မိုးဆီကိုဖုန်းဆက်ပြီး ‘ငါတို့ သီချင်းဆိုနေကြတယ်’ လို့ ပြောပြီး ဂီတသံတွေကို ဖုန်းနဲ့ ပို့လိုက်ပါတယ်။ ‘ဘီတီဘရားသား ကိုအံ့ကြီးတို့ ရွာကိုလည်းရောက်မယ်’လို့ ပြောလိုက်ပါတယ်။ သူ မကြာခင် လေယာဉ်ပျံနဲ့ ပေါက်ချလာပါတယ်။ သီချင်းတွေလည်း ဆို၊ ကဗျာတွေလည်း ဆို၊ ကိုအံ့ကြီးဆီကိုလည်း သွားပြီး ဂီတမပါဘဲ ဆိုလိုက်ကြပါသေးတယ်။ တင်မိုးက ပန်တျာကျောင်းအုပ်ကြီးထက် ပန်တျာမှာ ဝါသနာကြီးပါတယ်။ ရေဒီယိုနဲ့ တီဗွီတို့မှာ နားထောင်ရတာထက် လူတွေနဲ့ ဆိုရ၊ တီးရတာကို ပိုသဘောကျပါတယ်။ သီချင်းဆိုပြမယ်လို့ ကြေညာလိုက်ရင် ရှိတဲ့ဆီကို ချက်ချင်းသွားတာပါ။
တင်မိုးက ဂီတမရှိဘဲ ကြာကြာမနေနိုင်ပါ။ ရှိတဲ့နေရာ ရှာသွားတာပါ။ အဆိုတော်ဆီ သွားတယ်ဆိုရင် သေချာပြီပေါ့။ တူရီယာပစ္စည်း မလိုပါဘူး။ ဆိုဖို့ရာက အဓိကပါ။ သေချာတာက မာမာအေးလို အဆိုတော်ဆီကို သွားလိုက်တာပါပဲ။ တင်မိုးဟာ ကားတို့၊ လေယာဉ်တို့ စီးရမှာ ကြောက်တတ်သူပါ။ ဒါပေမဲ့… ဒါပေမဲ့ တေးဂီတနဲ့ပတ်သက်လာရင် အသက်ပဲ စွန့်ရ စွန့်ရ ဆိုသူမျိုးပါ။
တခါတော့ လော့စ်အိန်ဂျလိစ်ကနေ ဖို့တ်ဝိန်းရှိ မာမာအေးရဲ့အိမ်ကို သွားပါတယ်။ တယောက်တည်း လေယာဉ်ပျံနဲ့ သွားတာပါ။ သီချင်းဆိုဖို့သက်သက် သွားတာဆိုရင် ချဲ့ကားပြီး ပြောတယ် ထင်ပါမယ်။ တကယ်က ဘာကိစ္စမှကို မရှိတာ။ သီချင်းဆိုတာ ဘယ်လောက်ကြာတယ် ထင်သလဲ။ မှန်းဆကြည့်စမ်းပါ။ တနေကုန် ဆိုတာ၊ နေ့စဉ် ဆိုကြတာ၊ ဘယ်နှရက် ကြာတယ် ထင်သလဲ။ တလလောက် ကြာသတဲ့။ တင်မိုး ပြောပြတာ။
ကျွန်တော်ကလည်း မာမာအေးဆီကို တခေါက် ရောက်သွားတယ်။ တယောက်တည်း အလည်သက်သက် သွားတာပါ။ သီချင်းမဆိုတတ်တော့ ရှေးဟောင်းနှောင်းဖြစ် ပြောကြပါတယ်။ ဗကသ ကိုဇော်ဝင်း၊ ရန်ကုန်ကကသ ကိုဘကောင်းတို့အကြောင်း၊ တင်မိုးအကြောင်း စသည် ပြောကြတာပါ။ တင်မိုးနဲ့ သီချင်းတွေ ဆိုကြတဲ့အကြောင်း၊ ကိုမြတ်လေး ရေးတဲ့ ငြိမ်းချမ်းရေးသီချင်းတွေရော၊ တကသသီချင်းတွေရော၊ မြို့မသီချင်းတွေရော တင်မိုး မရတဲ့သီချင်း မရှိဘူးတဲ့။ တင်မိုးက သီချင်းတွေ သူ့ထက် ပိုတောင်ရသတဲ့။ အဆိုတော် မာမာအေးထက် သီချင်းတွေရတဲ့အပြင် ပါးစပ်တီးလုံးနဲ့လည်း အပီအသ လိုက်တီးပေးတတ်သေးသတဲ့။ စည်းဝါးမှန်မှန် အကျအန ဆိုတတ်သတဲ့။ နေ့စဉ် တနေကုန် သီချင်းဆိုကြတာ။ ထမင်းစားချိန်နဲ့ ညအိပ်ချိန်ပဲ နားသတဲ့။ အံ့ရော။
တင်မိုးက သီချင်း သိပ်ကြိုက်တယ်ဆိုပေမဲ့ ရေဒီယိုက လာတာတွေ၊ တီဗွီကလာတာတွေ သိပ်မကြိုက်ဘူး။ လူတွေ ဝိုင်းဆိုတာကိုပဲ သဘောကျတာ။ မာမာအေးနဲ့ ခေါင်းချင်းဆိုင်ပြီး ဆိုတာမျိုး၊ ဟေးလားဝါးလား အသင်းအဖွဲ့နဲ့ ဝိုင်းဖွဲ့ဆိုတာမျိုးတွေ ပိုကြိုက်တတ်ပါတယ်။ သူ ကွယ်လွန်ခါနီးတုန်းက ရက် ၂၀ လောက်ပဲခြားတယ် ထင်တယ်။ သူ့ဆီကို နှစ်ခေါက် ရောက်ပါတယ်။ နောက်ဆုံးတခေါက်မှာ တင်မိုးက ကားမောင်းသူဘေးမှာ ရှေ့ခန်းက ထိုင်တယ်။ ကျွန်တော်က နောက်ခန်းက ထိုင်တယ်။ ကားက မြို့ပတ်ပြီး လည်ပတ်ရာက ပြန်လာတာပါ။ ပန်းခြံတွေထဲလည်း ပတ်ခဲ့ပါတယ်။ အဲဒီတခါက ကျွန်တော့်အိတ်ကပ်ထဲမှာ ဟာမိုနီကာ အသေးလေးတခု ပါလာတာ လက်နဲ့စမ်းမိလို့ ထုတ်ပြီး မန္တလေး သင်္ကြန်သီချင်းတပုဒ်ကို မှုတ်လိုက်မိပါတယ်။ တင်မိုးက ‘ဟ… ဘယ်က အသံလဲ’ ဆိုပြီး အသံရှာတော့ ကျွန်တော် ဟာမိုနီကာလေး မှုတ်တာ တွေ့သွားပါတယ်။ ကျွန်တော်နဲ့ သူနဲ့ အတူနေလာခဲ့တာ ကြာလှပေမဲ့ ကျွန်တော် သီချင်းဆိုတာရော၊ တီးတာ မှုတ်တာရော သူ တခါမှ မကြားဖူးပါဘူး။ အိမ်ပြန်ရောက်တော့ တချိန်လုံး မှုတ်ခိုင်းနေပါတယ်။ ကျွန်တော်က ‘သုံးရာသီ’ ဆိုတဲ့ သီချင်းရယ်၊ သင်္ကြန် သီချင်းတွေရယ်၊ တခြား မြို့မသီချင်းတွေရယ် မှုတ်ပြတော့ တပြုံးပြုံးနဲ့ နားထောင်တယ်။ နောက်တနေ့ ကိုသက်က တောင်ကိုရီးယားကို သွားမယ်၊ မသွားခင် ဒီနေ့ပဲ ဟာမိုနီကာတခု ရှာဝယ်မယ် ဆိုပြီး မြို့လုံးပတ်လည် လှည့်လည်ရင်း ဟာမိုနီကာ ရှာ (မြင်းခြံအခေါ် သံစုံဘာဂျာ)လေးတခု ရဖို့ လိုက်ရှာကြပါတယ်။ ဘယ်မှာမှ ရှာမရဘူး။ ဟောလီးဝုဒ်ဘက်မှာ လိုက်ရှာတော့လည်း မရဘူး။ အချိန်လင့်လာတော့မှ ကိုသက်က ကိုရီးယားက ဝယ်ခဲ့မယ်လို့ ကတိပေးပြီး အိမ်ပြန်ခဲ့ကြပါတယ်။ ကိုသက် ကိုရီးယားအသွား၊ ကျွန်တော်က နယူးယောက် ပြန်လာတော့ သူ ပျင်းပြီး ကျန်ခဲ့ရှာပါတယ်။ မကြာခင် သူ လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ လဲကျကွယ်လွန်တယ်ကြားရတော့ ကျွန်တော်လည်း ချက်ချင်း သူ့ဆီပြန်ပြေးရပါတယ်။ မရှက်နိုင်၊ မပြုနိုင်ဘဲ သူ့အလောင်း ဖက်ပြီး ရှိုက်ကြီးတငင် ငိုချခဲ့ရပါတယ်။ ပန်တျာဝင်းဖေလည်း ပါခဲ့ပါတယ်။
ကိုသက်လည်း ကိုရီးယားက ချက်ချင်း ပြန်လာပါတယ်။ ကျွန်တော်လည်း ကိုသက်ဆီသွားအိပ်ပါတယ်။ ကိုသက်က တင်မိုးဖို့ ဝယ်လာတဲ့ ဟာမိုနီကာကို ‘ရော့… ဆရာစွမ်းပဲ အမှတ်တရ ယူလိုက်တော့’ ဆိုပြီး ပေးလိုက်ပါတယ်။ ကျွန်တော့်အိပ်ရာဘေးက စားပွဲအံဆွဲထဲမှာ ထည့်ထားပါတယ်။ မကြာခဏ ထုတ်ပြီး မှုတ်ဖြစ်တော့ တင်မိုးကို လွမ်းရတာကြောင့် မမှုတ်တော့ပါဘူး။ သူ့ကို တကြိမ်ပဲ မှုတ်ပြလိုက်ရပါတယ်။
တခါလောက် မာမာအေးဆီ သွားပြီး ဟာမိုနီကာနဲ့ သီချင်းဆိုလိုက်ပါဦးမယ်။
တင်မိုး အလွမ်းပြေပေါ့။
မောင်စွမ်းရည်
၁၄ စက်တင်ဘာ၊ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar