Breaking News

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၁၃) မြန်မာနိုင်ငံက ပြောင်းရွှေ့ထွက်ခွာခြင်း



စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)
အခန်း (၁၃) မြန်မာနိုင်ငံက ပြောင်းရွှေ့ထွက်ခွာခြင်း
စက်တင်ဘာ ၂၅၊ ၂၀၂၁

နိုဝင်ဘာလ အတွင်း တပ်ပြောင်းရွှေ့ထွက်ခွာရမယ့် နေ့ရက် နီးလာပြီမို့လို့ ထိုင်ဝမ်းက လျိုယွမ်လင် နဲ့ တရုတ်ဖြူ အရာရှိကြီးတွေဟာ စီမံထားတဲ့ ကောင်းကင်ဘုံ စစ်ဆင်ရေးမှာ ဆင်ထားတဲ့ ပရိယာယ် အကွက်တွေ အတွက် နောက်ထပ် ဒုတိယအတွေး စဉ်းစားမိကြတယ်။ ကောင်းကင်ဘုံစစ်ဆင်ရေးဟာ ကရင်တွေ အပေါ် အလွန်အမင်း မှီခိုနေရတာဟာ လုပ်သင့် မလုပ်သင့် ဇဝေဇဝါဖြစ်မိတယ်လို့ လျိုယွမ်လင် က စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျို ကို ပြောပြပါတယ်။ အမှန်ကတော့ ကရင်တွေကိုယ်တိုင် မြန်မာစစ်တပ်က ဖိအားပေးတိုက်ခိုက်တာကို ခံနေရတယ်။ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတာ့ အတော်များများက သူပုန်ဆက်မလုပ်ချင်ကြတော့ဘူး။ ကရင်တိုက်ခိုက်ရေးသမားတွေ စစ်မြေပြင်မှာ ဆက်ရှိသေးတာဟာ တရုတ်ဖြူလက်နက်တွေ အပေါ် အားကိုးအားထားပြုပြီးတော့ မြန်မာစစ်တပ်က တရစပ် တိုးမြှင့်တိုက်ခိုက်တာကို ခုခံနေနိုင်တာ ဖြစ်ပါတယ်။ အခုဆိုရင် ကတိပေးထားတဲ့ ပမာဏ အတိုင်း လက်နက်တွေ အပြည့်အဝ မထောက်ပံ့ပေးနိုင်ဘူးဖြစ်နေတယ်။ ကရင်တွေဆီမှာ လက်နက်နဲ့ လဲဖို့ အသင့်ဖြစ်နေတဲ့ ဆန်တွေအတော်လေး ကျန်နေသေးတာကလည်း မဟာမိတ်နှစ်ဖွဲ့ အကြား ပိုမိုဆိုးဝါးတဲ့ သဘောထားကွဲလွဲမှု ဖြစ်လာပါတယ်။ မ​ကောင်းတဲ့ နိမိတ်အနေနဲ့ ဆန်စပါး ထုတ်လုပ်နိုင်တဲ့ ဒေသက တရုတ်ဖြူ ယူနန်တပ်တော်ရဲ့ အဓိက အခြေစိုက်စခန်းကြီး ခြောက်ခုကို ဘန်ကောက် ညှိနှိုင်းဆွေးနွေးပွဲမှာ ပူးတွဲစစ်ကော်မတီ က စွန့်ခွာခိုင်းလိုက်ပါပြီ။

မြန်မာနိုင်ငံက သူတို့တပ်တွေ ဖယ်ရှားပေးဖို့ ထိုင်ပေကို နိုင်ငံတကာက တစတစ ပိုမို ဖိအားပေးလာတာကို ကျိုးကျိကျို နဲ့ တခြား အကြီးတန်းအရာရှိ အတော်များများက စိုးရိမ်ပူပန်နေကြတယ်။ မြန်မာနိုင်ငံက တပ်ကို ထောက်ပံ့ပေးနေရတာက အစိုးရရဲ့ ဘဏ္ဍာငွေ အသုံးစရိတ် ယိုပေါက်တခုပဲ ဖြစ်တယ်။ အမေရိကန်နဲ့ ထိုင်း တို့က ထောက်ပံ့ရေးအတွက် ထိုင်းနိုင်ငံက တဆင့် ထောက်ပံ့ဖို့ ငြင်းဆန်လိုက်ပြီးတဲ့အပြင် ဟိုင်ထျန်း သင်္ဘောနဲ့ ပို့ပေးဖို့လုပ်တာလည်း မအောင်မြင်တော့ တရုတ်ဖြူ ယူနန်တပ်တော်ကို ထောက်ပံ့ပေးဖို့ ဆိုတာက ခက်လည်း ခက်ခဲ၊ ငွေကုန်ကြေးကျလည်းများတဲ့ လေကြောင်းခရီးရှည် ထောက်ပံ့ရေး နည်းလမ်း တခုသာ ကျန်ပါတော့တယ်။ ငွေပြတ်နေတဲ့ တရုတ်သမ္မတနိုင်ငံ အစိုးရအဖွဲ့ထဲမှာလည်း ပြည်မကြီးမှာ တိုက်ခိုက်နေကြတဲ့ တရုတ်ဖြူ ယူနန်တပ်တော်နဲ့ ပျောက်ကြားတွေကို ထောက်ပံ့ပေးရမယ့် ကုန်ကျစရိတ်တွေကို မေးခွန်းထုတ်နေကြပါတော့မယ်။

ဝန်ကြီးချုပ် ချန်ချိန် သဘာပတိ အဖြစ်ကျင်းပတဲ့ အောက်တိုဘာ ၂၆ ရက် ဌာနစုံ အစည်းအဝေးမှာ ထိုင်ပေရဲ့ နိုင်ငံတကာ ရပ်တည်ချက်နဲ့ မြန်မာနိုင်ငံက လက်တွေ့ စစ်ရေး အခြေအနေတွေကို သုံးသပ်ကြည့်ကြတဲ့အခါ လီမီရဲ့တပ်တွေ ဆုတ်ခွာဖို့ကလွဲလို့ တခြားရွေးစရာ လမ်းမရှိတော့ဘူးလို့ ကောက်ချက်ချပါတယ်။ ကောင်းကင်ဘုံ စစ်ဆင်ရေးကို စွန့်လွှတ်လိုက်ပြီး ပြန်မလိုက်တဲ့သူတွေကို အဆက်အသွယ် ဖြတ်ကြောင်း ကြေညာလိုက်မယ်ဆိုရင် ထိုင်ဝမ်းမှာ ထားဖို့ စစ်သားအတော်များများ ရနိုင်သလောက် ထပ်ခေါ်လာနိုင်ဦးမယ်လို့ အဲဒီနေ့မှာပဲ ချန်ချိန် က ချန်ကေရှိတ် ကို အကြံပေးထောက်ခံတင်ပြတယ်။ ကြားကာလ စဉ်းစားချင့်ချိန်မှု အနေနဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို စီမံထားတဲ့အတိုင်း ဟန်ဆောင်ပန်ဆောင် လိုက်လုပ်ပြီး မြန်မာတွေ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲကာလ ဖြစ်တဲ့ နိုဝင်ဘာလ အစောပိုင်းမှာ လူ ၄၀၀ လောက် စခေါ်ထုတ်ဖို့ကို ချန်ချိန် က အဆိုပြုတယ်။ အဲဒီနောက် ရက်ပေါင်း ၆၀ အတွင်း နောက်ထပ် လူပေါင်း ၁,၆၀၀ ကို ခေါ်ထုတ်သွားမယ်လို့ တရုတ်သမ္မတနိုင်ငံက ကတိပေးမယ်။ အဲဒီလို အချိန်တိုးတာကို မြန်မာအစိုးရက လက်ခံကောင်း လက်ခံလိမ့်မယ်။ လီမီနဲ့ သူ့လူတွေနဲ့ မနှောက်ယှက်နိုင်ခင် ထိုင်ပေ အတွက်လည်း ပိုမိုကျယ်ပြန့်ပြီး လူဦးရေ များပြားတဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို စီမံပြီး အကောင်အထည်ဖော်နိုင်ဖို့ အချိန်ရလိမ့်မယ်လို့ ဆိုပါတယ်။

သူ့ဝန်ကြီးချုပ်ရဲ့ အကြံပေးချက်ကို အတည်တဲ့အနေနဲ့ ပရိယာယ်ဆင်ထားတဲ့ မူရင်း ​ကောင်းကင်ဘုံ စစ်ဆင်ရေးဟာ နဂိုအတိုင်းပဲ ရှိနေသေးတယ်လို့ လီမီ ယုံလောက်အောင် လုပ်ဖို့လည်း ချန်ကေရှိတ်က သဘောတူလိုက်ပါတယ်။ လျှို့ဝှက်ထားဖို့လည်း အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ်။ အကန့်အသတ်နဲ့ပဲ တပ်တွေ ပြောင်းရွှေ့ထွက်ခွာမယ်ဆိုလို့ လီမီနဲ့ သူ့အရာရှိတွေက အင်တင်တင်နဲ့ လက်ခံထားတာ ဖြစ်တယ်။ တကယ်လို့များ ဒီတခေါက် တပ်ပြောင်းရွှေ့ထွက်ခွာရေးဟာ တပ်အားလုံး ဆုတ်ခွာရေး အတွက် ပထမခြေလှမ်းဖြစ်တယ်လို့ သူတို့က သံသယဖြစ်ခဲ့ရင် ကောင်းကင်ဘုံ စစ်ဆင်ရေးကို တလွဲဖြစ်အောင် သေချာပေါက် လုပ်ကြလိမ့်မယ်။ လျိုယွမ်လင် က တပ်ပြောင်းရွှေ့ထွက်ခွာရေးအတွက် ခံစားချက် ကြီးကြီးမားမား မရှိတဲ့အပြင် ပုဂ္ဂိုလ်ရေးအရလည်း ချန်ကေရှိတ် အပေါ် သစ္စာရှိပြီး အမိန့်နာခံသူ တယောက်ဖြစ်လို့ ထိုင်ပေကတော့ လျိုယွမ်လင် ကို ယုံကြည်စိတ်ချတယ်။ ဒါပေမယ့်လည်း လုံခြုံရေး အတိုင်းအတာအရ သူက အမှောင်ထဲမှာပဲ သိုသိုသိပ်သိပ်နေတယ်။ ကောင်းကင်ဘုံ စစ်ဆင်ရေးကို ယောင်ပြအဖြစ် ဆက်လုပ်ဖို့ သူအမိန့်ပေးလိုက်တယ်။

တပ်ပြောင်းရွှေ့ထွက်ခွာခြင်း ပထမအဆင့်

ကောင်းကင်ဘုံ စစ်ဆင်ရေးရဲ့ စီမံချက်တွေကို ပယ်ဖျက်လိုက်ကြောင်း မသိတဲ့ လီမီနဲ့ သူ့လက်အောက်က ဗိုလ်ချုပ်တွေဟာ ၁၉၅၃ နိုဝင်ဘာ−ဒီဇင်ဘာအတွင်း တပ်တွေ ပြောင်းရွှေ့ထွက်ခွာပေးခြင်း သူများကို အကြီးအကျယ် လှည့်စားဖို့ သက်သက်ပဲလို့ အခိုင်အမာ ယုံကြည်ထားကြတယ်။ ဘန်ကောက်မှာရှိတဲ့ လျိုယွမ်လင် က မြန်မာတွေ အဓိကစခန်းကြီးတွေကို မသိမ်းနိုင်အောင် ကာကွယ်တဲ့ အနေနဲ့ တရုတ်ဖြူ ယူနန်တပ်တော်အတွက် သိပ်ပြီး အသုံးမဝင်လှတဲ့ လူ ၂,၀၀၀ လောက်ကိုပဲ ကန့်သတ် ပြောင်းရွှေ့ထွက်ခွာဖို့နဲ့ တတ်နိုင်သမျှ မီးကျိုးမောင်းပျက် လက်နက်တွေကိုသာ အပ်ဖို့ စီစဉ်ထားတယ်။ ထိုင်ပေမှာ ရှိတဲ့ လီမီ၊ ဘန်ကောက်မှာ ရှိတဲ့ ယီးဖူတေ နဲ့ လီဝင်ပင်၊ မိုင်းဆတ်မှာရှိကြတဲ့ “တောတွင်းကဗိုလ်ချုပ်တွေ” ကလည်း အဲဒီရည်မှန်းချက်ကို မကျေမနပ်နဲ့ လက်ခံလိုက်ကြတယ်။

တပ်ပြောင်းရွှေ့ထွက်ခွာရေး နီးကပ်လာတဲ့အခါ ပူးတွဲစစ်ကော်မတီက ယီးဖူတေရဲ့ ကန့်ကွက်ချက်ကို ဘေးချိတ်ထားပြီး တာချီလိတ်က လာမယ့် မြန်မာစစ်တပ် ဆက်ဆံရေးအရာရှိ တယောက်ကို ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်မှာ ရှိတဲ့ ကော်မတီဝင်တွေနဲ့အတူ လာပေါင်းဖို့ ခွင့်ပြုလိုက်တယ်။ အပ်နှံတဲ့ လက်နက်တွေကို ဖျက်ဆီးဖို့ ဖောက်ခွဲရေး ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အမေရိကန် ကြည်းတပ်က လေ့လာသူ ဆယ်ယောက်လည်း ကော်မတီနဲ့အတူ နယ်စပ်ကို ရောက်လာတယ်။ ပူးတွဲစစ်ကော်မတီက အောက်တိုဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ရာမှာ “နိုင်ငံခြားတပ်ဖွဲ့” ၂,၀၀၀ ပြောင်းရွှေ့ထွက်ခွာမှာ ဖြစ်ပြီးတော့ ကျန်နေတဲ့သူတွေကို ထိုင်ပေက သူတို့နဲ့ မသက်ဆိုင်တော့ကြောင်း ကြေညာမှာ ဖြစ်တယ်လို့ ပါပါတယ်။ ဘန်ကောက်မြို့မှာ ပူးတွဲစစ်ကော်မတီက ညှိနှိုင်းဆွေးနွေးခဲ့တဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေး စီမံချက်ကို ထိုင်ပေက တရားဝင် သဘောတူလိုက်ကြောင်း နိုဝင်ဘာ ၂ ရက်မှာ ယီးဖူတေ က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ အစောပိုင်း အရောက်၊ တာချီလိတ်−မယ်ဆိုင် နယ်စပ် မြန်မာဘက်ခြမ်းမှာ ပြောင်းရွှေ့ထွက်ခွာမယ်လို့ ယူဆရတဲ့လူ နှစ်ထောင်ကျော်လောက် စုဝေးနေကြချိန်မှာ သံတမန်နဲ့ နိုင်ငံတကာ သတင်းစာဆရာ ၅၀ လောက်လည်း ရောက်ရှိလာကြပါတယ်။ နိုဝင်ဘာ ၇ ရက်၊ လီကော်ဟွေး အဖြစ် ဟန်ဆောင်ထားတဲ့ တရုတ်ဖြူ အရာရှိ တယောက် ဦးဆောင်တဲ့ လက်နက်မဲ့ လူ ၁၅၂ ယောက် ပါတဲ့ ပထမဦးဆုံး အုပ်စုက ထိုင်းနိုင်ငံဘက်ကို ဝင်လာတယ်။ 1 သူတို့ကို မယ်ဆိုင်ကနေ ချင်းဟိုင်း သွားတဲ့လမ်း မိုင် ၃၀ လောက် အကွာမှာရှိတဲ့ မယ်ချန် ကြိုဆိုစခန်းဆီ ခေါ်သွားကြတယ်။ သူတို့ကို ကျန်းမာရေး စစ်ဆေးကြည့်တဲ့အခါ အတော်များများက ငှက်ဖျား ဖြစ်နေကြတယ်။ ကာကွယ်ဆေးထိုး၊ ယူနီဖောင်း အသစ်တွေ ထုတ်ပေးပြီးနောက် သူတို့ကို ထိုင်ဝမ်းဆီ လေယာဉ်နဲ့ပို့ဖို့အတွက် ထရပ်ကား၊ ဘတ်စ်ကားတွေနဲ့ လမ်းပန်းမြို့ လေယာဉ်ကွင်းကို ပို့ပေးပါတယ်။

ပြောင်းရွှေ့ထွက်ခွာသူတွေကို ထိုင်ဝမ်းပို့ဖို့အတွက် စီတီအေ လေကြောင်းလိုင်းကို အသုံးပြုဖို့ အတွက် ပူးတွဲစစ်ကော်မတီက လက်ခံတယ်။ စီ−၄၆ လိုမျိုး လေယာဉ် အလေးကြီးတွေ ဆင်းနိုင်အောင်လို့ လမ်းပန်းက မြေသားလေယာဉ်ကွင်းမှာ ခင်းဖို့ အပေါက်ဝိုင်းပါတဲ့ သံပြားအဝိုင်းတွေကို ထိုင်းက ထုတ်ပေးတယ်။ သူတို့ရဲ့ စီ−၄၆ လေယာဉ်တွေဟာ တခေါက်ကို ခရီးသည်တရာတင်ဆောင်ပြီး ထိုင်ဝမ်းကို မနားတမ်း နေ့စဉ်ပျံသန်းနိုင်ကြောင်း ဟောင်ကောင်က လေကြောင်းလိုင်းရဲ့ အထွေထွေမန်နေဂျာ အဲလ် ကောက်စ်နဲ့ ဘန်ကောက်က လေကြောင်းလိုင်း ကိုယ်စားလှယ် ဝီလီ အိတ်ချ် ဘာ့ဒ် တို့က အာမခံပါတယ်။ ဒီလုပ်ငန်းပြီးစီးဖို့အတွက် ရာသီဥတု ကောင်းမယ်ဆိုရင် အများဆုံး ၂၅ ရက်သာ လိုအပ်မှာဖြစ်ပါတယ်။ ပထမဆုံး ထွက်ခွာသွားသူတွေဟာ အခက်အခဲ မရှိဘဲ ထိုင်ပေကို နိုဝင်ဘာ ၉ ရက်မှာ ရောက်သွားပြီး အစိုးရက စီစဉ်ထားတဲ့ လူစုလူဝေးတွေနဲ့ နွေးထွေးစွာ သူတို့ကို ကြိုဆိုကြပါတယ်။

နောက်တရက်မှာ ထွက်ခွာလာတဲ့သူတွေထဲမှာ တရုတ်ဖြူစစ်သားတွေ အယောင်ဆောင်ထားတဲ့ မြန်မာနိုင်ငံက အရပ်သားတွေ အတော်များများ ပါလာတယ်။ ငါးဆယ့်နှစ်ယောက် ထိုင်းနိုင်ငံဘက်ကို ဖြတ်ကျော် ဝင်ရောက်လာအပြီးမှာ တရုတ်စကားလည်း မပြောတတ်၊ လက်နဲ့ ခြေထောက်တွေမှာ မြန်မာနိုင်ငံက ရှမ်းလူမျိုးတွေ ထိုးလေ့ထိုးထရှိတဲ့ ထိုးကွင်းမင်ကြောင်တွေပါတဲ့ လူလေးဆယ်လောက်ကို မြန်မာ အာဏာပိုင်တွေကို လှည့်ပြန်ခိုင်းပါတယ်။ သူတို့ကို ပြီးခဲ့တဲ့အပတ်ကမှ ခေါ်လာတာဖြစ်တယ်လို့ ရှမ်းတချို့က ပြောကြောင်း နယူးယောက်တိုင်းမ် က ရေးပါတယ်။ တရုတ်သမ္မတနိုင်ငံ အရာရှိတွေက သူတို့နဲ့ သွားစကားပြောပြီးတဲ့နောက် ဒီလူတွေဟာ ယူနန်နယ်သား တရုတ်ဖြူ ယူနန်တပ်တော် စစ်သားဟောင်းတွေ ဖြစ်တယ်လို့ အကြောက်အကန် ပြောပါတယ်။ အဲဒီနောက် ထွက်ခွာလာသူတွေနား သတင်းစာဆရာတွေ မကပ်နိုင်အောင် ထိုင်ပေ ကိုယ်စားလှယ်တွေက တားမြစ်ပါတော့တယ်။

နိုဝင်ဘာ ၁၃ ရက် တာချီလိတ်−မယ်ဆိုင် နယ်စပ်မှာ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို ဆက်လုပ်တာ ဘာဆူဆူပူပူမှ ထပ်မဖြစ်ပါဘူး။ အဲဒီနောက် မကြာခင်မှာ လွီကော်ချွမ်းနဲ့ လီကော်ဟွေး တို့လည်း ရောက်လာကြတယ်။ သူတို့က အမေရိကန် သံအမတ် ဝီလီယမ် ဒိုနိုဗန် နဲ့ ခဏလောက် တွေ့ကြတယ်။ ဒိုနိုဗန် ဟာ စတန်းတန် အစား စက်တင်ဘာလ အစောပိုင်းက ရောက်လာသူ ဖြစ်တယ်။ သူတို့ဟာ နိုဝင်ဘာ ၂၂ ရက်ထွက်တဲ့ လေယာဉ်နဲ့ ထိုင်ဝမ်းကို ချန်ပေါ်ယိင်းနဲ့အတူ ပြန်သွားကြတယ်။ အမေရိကန် အစိုးရက မေတ္တာရပ်ခံလို့ မြန်မာအစိုးရ အပစ်အခတ် ရပ်စဲရေးကို ဒီဇင်ဘာ ၁ ရက်အထိ သက်တမ်းတိုးလိုက်တယ်။ တရုတ်ဖြူ အရာရှိတွေ ခွင့်ပြုသလောက် လူအရေအတွက် နည်းနည်းချင်းစီနဲ့ တပ်ပြောင်းရွှေ့ ထွက်ခွာရေးကိုလည်း ဖြည်းဖြည်းချင်း ဆက်လုပ်ကြတယ်။ နိုဝင်ဘာ ၂၃ ရက် အရောက်မှာတော့ လူ ၉၇၆ ယောက် ထိုင်းနိုင်ငံဘက်ကို ထွက်လာခဲ့ပေမယ့် ရိုင်ဖယ်နဲ့ ကာဘိုင် အလက် ၄၀ (အဲဒီထဲက ၁၁ လက်ပဲ ပစ်လို့ရတယ်) နဲ့ ကျည်ဆန် ၁၆၇ တောင့်ပဲ ပါလာတယ်။ အပ်နှံတဲ့ လက်နက်တွေ အလွန်နည်းပါးတာနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ လွှဲပြောင်းအပ်နှံနိုင်အောင် လက်နက်တွေကို မိုင်းဆတ်မှာ စုထားခိုင်းကြောင်း တရုတ်ဖြူ ယူနန်တပ်တော် အရာရှိတွေက ရှင်းပြတယ်။

လက်နက်တွေ မြန်မာနိုင်ငံက ထုတ်မသွားဘူးဆိုရင် မကြာခင်မှာ အစိုးရကို ပုန်ကုန်နေတဲ့ သူပုန်တွေ လက်ထဲ ရောက်ကုန်တော့မယ်လို့ မြန်မာအစိုးရက စောဒကတက်ပါတယ်။ “နှောင့်နှေးအောင် တမင်သက်သက် လုပ်နေတာ ထင်ရှားပေါ်လွင်ကြောင်း၊ တပ်ပြောင်းရွှေ့ထွက်ခွာရေး သဘောတူညီချက်ကို မလိုက်နာကြောင်း”၊ ပြောင်းရွှေ့ထွက်ခွာလာသူတွေဟာ လက်နက်တွေ ပါလာဖို့ လိုအပ်ကြောင်း ဝါရှင်တန်မှာ ရှိတဲ့ နိုင်ငံခြားရေးဌာန အရာရှိတွေက သံအမတ်ကြီး ဝယ်လင်တန် ကု ကို နိုဝင်ဘာ ၂၄ ရက်မှာ ပြောရပါတော့တယ်။

နိုဝင်ဘာလ အကုန်မှာ စုစုပေါင်း လူ ၁,၄၂၁ ယောက် ထွက်ခွာလာတယ်။ အဲဒီထဲမှာ ဗိုလ်မှူးချုပ် အဆင့်နဲ့ အထက် ၁၃ ယောက်၊ တခြားအဆင့် အရာရှိ ၂၉၄ ယောက်၊ အမျိုးသမီးစစ်သည် ၄၄ ယောက်နဲ့ မှီခိုသူ ၂၀၀ ပါရှိပြီး မယ်ချန်က တဆင့် ဖြတ်ကျော်သွားကြပါတယ်။ လီမီရဲ့ တပ်တော် (၈) က တယောက်မှ ထွက်မလာကြသလို၊ တပ်တော် (၂၆) က အမြဲတမ်းစစ်သား လက်တဆုပ်စာလောက်သာ ထွက်ခွာလာကြတဲ့ အထဲမှာ ပါလာတယ်။ အဲဒီနောက်မှာ ဝါရှင်တန်က ဖိအားပေးလို့ တရုတ်ဖြူဘက်က တပ်ပြောင်းရွှေ့ ထွက်ခွာရေးကို နည်းနည်း အရှိန်မြှင့်ပြလာပါတယ်။ မြန်မာဘက်ကလည်း အပစ်အခတ် ရပ်စဲရေးကို ဒီဇင်ဘာ ၂၁ ရက်အထိ တိုးထားပေးတယ်။ တပ်ပြောင်းရွှေ့ထွက်ခွာရေးဟာ နောက်နှစ်ရက်ဆိုရင် ပြီးပြီလို့ လီဝင်ပင် က ဒီဇင်ဘာ ၆ ရက်နေ့မှာ ပူးတွဲစစ်ကော်မတီကို ရုတ်တရက် ထပြောပါတော့တယ်။ ရုတ်တရက် ရပ်သွားတယ်ဆိုပေမယ့် ဒီပထမအဆင့်မှာ လူ ၂,၂၆၀ ယောက် တာချီလိတ်ကနေ မယ်ဆိုင်ဘက် ထွက်ခွာလာကို တွေ့ရတယ်။ အဲဒီအထဲမှာ စစ်သားလို့ ပြောတဲ့ လူ ၁,၉၂၅ ယောက် နဲ့ မှီခိုသူ ၃၃၅ ယောက် ပါတယ်။ တိုက်ခိုက်ရေးမှာ အသုံးဝင်တဲ့ အရေအတွက် မဆိုသလောက်သာ ပါဝင်တယ်။ ဖျက်ဆီးပစ်ဖို့ ဆိုပြီး လာရောက် အပ်နှံတာက လက်နက် အလက် ၂၀၀ နဲ့ လက်နက်ငယ် ကျည် ၃၃၁ တောင့်၊ စိန်ပြောင်းကျည် ခြောက်လုံးထဲ ရှိတယ်။ များသောအားဖြင့်ကတော့ မီးကျိုးမောင်းပျက် သုံးစွဲမရတဲ့ဟာတွေသာ ဖြစ်တယ်။ 2

တပ်ပြောင်းရွှေ့ထွက်ခွာခြင်း ဒုတိယအဆင့်

ကောင်းကင်ဘုံ စစ်ဆင်ရေးကို ဖျက်သိမ်းပြီး ရနိုင်သမျှ တပ်တွေကို ရွှေ့ထုတ်လာဖို့ ဒီဇင်ဘာ ၅ ရက်မှာ ချန်ကေရှိတ်က လျိုယွမ်လင် ကို လျှို့ဝှက် အမိန့်ပေးထားတာကို သိသွားလို့ ကနဦး တပ်ပြောင်းရွှေ့ထွက်ခွာ ပြီးဆုံးသွားပြီလို့ လီဝင်ပင် က ကြေညာလိုက်တာဖြစ်တယ်။ ပြောင်းရွှေ့ထွက်ခွာရေးအတွက် တပ်တွေ လွှတ်ပေးနေတာကို ရပ်လိုက်ဖို့ လီမီက မိုင်းဆတ်က ဗိုလ်ချုပ်တွေဆီ ကြေးနန်းရိုက်တာကို ကြားဖြတ် ဖမ်းယူမိလိုက်ပြီး နောက်ပိုင်း ချန်ကေရှိတ် က တပ်ပြောင်းရွှေ့ထွက်ခွာရေး အချိန်ဇယားကို ပထမဆုံး ရှေ့တိုးလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ က အမေရိကန်တွေကို ပြောပါတယ်။ ချန်ချိန်ရဲ့ အောက်တိုဘာ ၂၆ ရက်က အမှာစာမှာ ကောင်းကင်ဘုံ စစ်ဆင်ရေးကို စွန့်လွှတ်ဖို့ အကြံပေးထားကို လီမီက အနံ့ရသွားတယ်။ လျိုယွမ်လင် ရဲ့ အမှုထမ်းသက်တမ်း တလျှောက်လုံးမှာ ချန်ကေရှိတ် ကိုပဲ အဓိက သစ္စာရှိ အမိန့်နာခံခဲ့တာ ဖြစ်တယ်။ သမ္မတ ချန်ကေရှိတ်ရဲ့အမိန့်ကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ပါ့မယ်လို့ သူအာမခံခဲ့ပြီး တရုတ်ဖြူ ယူနန်တပ်တော်က တပ်ဖွဲ့တွေ ပြောင်းရွှေ့ထွက်ခွာလာနိုင် ကြိုးစားပန်းစား နားချခဲ့တယ်။ သူ့ရဲ့ ခက်ထန်ကြမ်းကြုတ်မှု 3 ကြောင့် သူ့လက်အောက်ငယ်သားတွေ ဒေါသထွက်ခဲ့ရပြီး တပ်တွင်းမှာ အက်ကြားထင်ခဲ့ရတယ်။ ဒါ့ကြောင့် နောက်ပိုင်း လီမီရဲ့တပ်တော် အဟောင်းကို သူကိုယ်တိုင် ကွပ်ကဲရတဲ့အခါ ဒုက္ခလှလှကြုံရပါတယ်။

တပ်ဆုတ်ခွာမှု နှောင့်နှေးအောင် လီမီက ဘန်ကောက်မှာ ရှိတဲ့ သူ့ရဲ့ ဘဏ္ဍာရေးမန်နေဂျာက တဆင့် စီစဉ်ဆောင်ရွက်ပါတယ်။ ထွက်ခွာဖို့ ငြင်းဆန်တဲ့ တရုတ်ဖြူ ယူနန်တပ်တော်က ဗိုလ်ချုပ်တွေကို ငွေသား ထုတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ဒီအစီအစည်ကို ထိုင်ပေက သိသွားတဲ့ လီမီနဲ့ မယားညီအကိုတော်တဲ့ အဲဒီမန်နေဂျာကို ထိုင်ပေ ပြန်လာဖို့ အမိန့်ထုတ်လိုက်တယ်။ သူဟာ အရပ်သားတယောက်ဖြစ်တယ်၊ လီမီ ကိုယ်တိုင်က အလုပ်ခန့်ထားတာ ဖြစ်ပြီး တရုတ်သမ္မတနိုင်ငံက အလုပ်ခန့်ထားတာ မဟုတ်ဘူး၊ သူနဲ့ သူ့မိသားစုဟာ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်နေတာ ဖြစ်တယ်ဆိုပြီး ပြန်လာဖို့ ငြင်းပါတယ်။ တရုတ်ဖြူ သတင်းရင်းမြစ် အဆိုအရတော့ သူ ဘန်ကောက်ကနေ ပြန်မသွားချင်တဲ့ အကြောင်းရင်းကတော့ သူနဲ့ လီမီ ပေါင်းပြီး ဘိန်းပမာဏ အတော်များများကို စီတီအေ လေကြောင်းလိုင်းက အမေရိကန် ပိုင်းလော့ တယောက်ကို ရောင်းပေးဖို့ ကြိုးစားနေတာဖြစ်တယ်။

အဲဒီအတောတွင်း ချန်ကေရှိတ် အမိန့်နဲ့ ထိုင်ပေက ရှေ့ဆက်တိုးပြီး ပြန်လည်စတင်နိုင်ဖို့ ကြိုးစားတယ်။ ၁၉၅၄ ဇန်နဝါရီမှာ နောက်တသုတ် ပြောင်းရွှေ့ထွက်ခွာဖို့ လျိုယွမ်လင်က အဆိုပြုတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ထိုင်းနယ်စပ်ကို ရောက်ဖို့ ခရီးလမ်းကြမ်းတမ်းပြီး မိုင် ၈၀၀ လောက် ဝေးတဲ့နေရာက တပ်တွေပါ ရွှေ့ထုတ်နိုင်ဖို့ သီတင်းပတ် အတော်များများ အချိန်ယူရလိမ့်မယ်။ နယ်မြေ တချို့တဝက်နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ အတွက်ပဲ အကန့်အသတ်နဲ့ အပစ်အခတ် ရပ်စဲမယ့်အစား သုံးလကြာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာပေးရန် မြန်မာအစိုးရကို နားချပေးဖို့ ဂျော့ယဲ့က အမေရိကန်တွေကို မေတ္တာရပ်ခံတယ်။ ပြောင်းရွှေ့ထွက်ခွာသူတွေရဲ့ ဒေသတွင်းက အကြွေးတွေကို ဝါရှင်တန်က ကူဆပ်ပေးဖို့နဲ့ အပ်နှံတဲ့ လက်နက်တွေကို ထိုင်ဝမ်းဆီ ပို့ဖို့ကို ခွင့်ပြုဖို့လည်း တောင်းဆိုပါတယ်။ တရုတ်ဖြူဘက်က အဆိုပြုချက်ကို အမေရိကန် သံတမန်က စကားသယ်ပေးရုံသာ ဖြစ်ပြီးတော့ ရန်ကုန်နဲ့ ထိုင်ပေတို့ အနေနဲ့ အမေရိကန် ဖိအားမပါဘဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တယ်လို့ ဆက်ဘယ် က မြန်မာအစိုးရကို ပြောပါတယ်။ ဘန်ကောက်က ဒိုနိုဗန်နဲ့ ဝါရှင်တန်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ်ဆန် တို့ကလည်း ဆက်ဘယ် ပြောတာကို ထောက်ခံကြတယ်။

တပ်တွေ နောက်တသုတ် ပြောင်းရွှေ့ထွက်ခွာဖို့ ထိုင်ပေက အဆိုပြုတာကို ဒီဇင်ဘာ ၁၉ ရက်မှာ အမေရိကန်က မြန်မာအစိုးရဆီ တဆင့်ပို့ပေးတယ်။ အစပိုင်းမှာ တရက်ခြား လူ ၁၅၀ နှုန်းကနေ နောက်ပိုင်း တိုးမြှင့်ပြီး နေ့တိုင်း တရက် ၁၅၀ နှုန်းနဲ့ လူအင်အား ၃,၀၀၀ လောက် ရွှေ့ထုတ်နိုင်အောင် အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးပေးဖို့ တောင်းဆိုထားတယ်။ ဒီဇင်ဘာ ၂၈ ရက် မတိုင်ခင် မြောက်ဘက်စွန်းက အခြေစိုက်စခန်းတွေဖြစ်ကြတဲ့ မိုင်းမော နဲ့ ပန်ယန်း တို့ကိုလည်း စွန့်လွှတ် ပြောင်းရွှေ့ထွက်ခွာဖို့ပါကြောင်း၊ အပ်နှံတဲ့ လက်နက်တွေကို ထိုင်ဝမ်းရောက်အောင် ပို့မှာဖြစ်ကြောင်းကိုလည်း ကမ်းလှမ်းထားပါတယ်။ ရန်ကုန်က ထိုင်ပေရဲ့ အဆိုပြုချက်ကို လက်ခံလိုက်ပြီး အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလ အထိ တိုးပေးလိုက်တယ်။ ဒါပေမယ့် သံလွင်မြစ် အရှေ့ခြမ်းကိုပဲ ကန့်သတ် အပစ်အခတ်ရပ်စဲပေးတာ ဖြစ်တယ်။ အပ်နှံတဲ့ လက်နက်တွေကို ပူးတွဲစစ်ကော်မတီရဲ့ အစီအစဉ်နဲ့ ထိုင်ဝမ်းကို ပို့ပေးဖို့လည်း ရန်ကုန်က သဘောတူလိုက်ပေမယ့် တပ်ပြောင်းရွှေ့ထွက်ခွာရေးအတွက် ကုန်ကြစရိတ်ကို မျှဝေကျခံဖို့ ကော်မတီက အဆိုပြုတာကိုတော့ ငြင်းပယ်လိုက်တယ်။

တရုတ်ဖြူတပ်တွေနဲ့ မြန်မာနိုင်ငံက ပြည်တွင်း သူပုန်အဖွဲ့တွေနဲ့ ရောထွေးယှက်တင် မရှိတဲ့ သံလွင်မြစ် အရှေ့ခြမ်းဒေသတွေ အတွက်ပဲ အကန့်အသတ်နဲ့ အပစ်အခတ်ရပ်စဲပေးတာဟာ ကြိုးကြောင်းဆီလျော်မှု ရှိပါတယ်။ ဒီလို အပစ်အခတ်ရပ်စဲတာဟာ မြန်မာစစ်တပ်က ပြည်တွင်းသူပုန်အဖွဲ့တွေအပေါ် စစ်ဆင်တိုက်ခိုက်တာကို မထိခိုက်ပါဘူး။ လီမီရဲ့တပ်တွေ ကရင်သူပုန်၊ မွန်သူပုန်တွေနဲ့ တွဲလျက် လှုပ်ရှားနေတဲ့ သံလွင်မြစ် အနောက်ခြမ်းဒေသတွေ အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲမယ်ဆိုရင် ပြည်တွင်းသူပုန်တွေကို တိုက်ခိုက်နေတာကိုပါ လက်တွေ့ ရပ်နားလိုက်ရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ−ဒီဇင်ဘာအတွင်းက တပ်ပြောင်းရွှေ့ထွက်ခွာရေး မအောင်မြင်တာကို အတွေ့အကြုံယူပြီးနောက် တကယ်လို့သာ နောက်ထပ် တပ်ပြောင်းရွှေ့ထွက်ခွာရေး မအောင်မြင်လို့ အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ရင် မိုင်းဆတ်ကို ချီတက်တိုက်ခိုက်နိုင်ဖို့ မြန်မာစစ်တပ်က လှုပ်ရှားတပ်ဖွဲ့တွေဟာ အသင့်ပြင်ထားကြပါတယ်။

တပ်ပြောင်းရွှေ့ထွက်ခွာရေး ဒုတိယအဆင့် မတိုင်ခင်မှာ တရုတ်ဖြူ ယူနန်တပ်တော်က ၁၉၅၃ မတ်−ဧပရယ် လတွေက ဝမ်ဆာလား တိုက်ပွဲအတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၄ ယောက် (မြန်မာစစ်သား ၁၀ ယောက်နဲ့ လမ်းပြ ရှမ်း လေးယောက်) ကို လွှတ်ပေးလိုက်တယ် လို့ ယီးဖူတေ က ပူးတွဲစစ်ကော်မတီဆီ အစီရင်ခံပါတယ်။ မြန်မာဘက်က ထိန်းသိမ်းထားတဲ့ တရုတ်ဖြူ ၄၇၃ ယောက်စာရင်းကို ယီးဖူတေက စာရင်းပြုစုလာပြီး လွှတ်ပေးဖို့ တောင်းပါတယ်။ မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ ပင်လယ်ရပ်ဖြား တရုတ်လူမျိုးတွေ တရုတ်ဖြူတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ အရေးယူခံရတာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာဖြစ်တယ် ဆိုတဲ့ ပူးတွဲစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ ငြင်းဆန်ပြီးတော့ ယီးဖူတေရဲ့စာရင်းမှာ မန္တလေး၊ မြစ်ကြီးနား နဲ့ မိတ္ထီလာမှာ ထိန်းသိမ်းတားတဲ့ စစ်သားတွေ၊ အရပ်သား ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံက တရုတ်လူမျိုးတွေ ပါဝင်လာပါတယ်။ အဲဒီအကျဉ်းသားတွေ အားလုံးထဲက တိုက်ပွဲမှာ ဖမ်းမိတာ ငါးယောက်ပဲ ရှိပါတယ်။ အထိန်းသိမ်းခံ “နိုင်ငံခြားတပ်ဖွဲ့” က အမှုထမ်းတွေ၊ တိုက်ပွဲဝင် စစ်သည်တွေနဲ့ တခြားအဖွဲ့ဝင်တွေကို တရုတ်ဖြူ ယူနန်တပ်တော်က နောက်ဆုံးအုပ်စု ထွက်ခွာသွားတာနဲ့ တပြိုင်နက် တာချီလိတ်မှာ လွှဲပြောင်းမယ်လို့ ရန်ကုန်က ကမ်းလှမ်းပါတယ်။ ဒါပေမယ့် တရုတ်ဖြူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ အရေးယူခံရတဲ့ မြန်မာနိုင်ငံ အတွင်းနေထိုင်တဲ့ တရုတ်လူမျိုးတွေ ကိစ္စကို ဆွေးနွေးဖို့တော့ ရန်ကုန်က ငြင်းပယ်လိုက်ပါတယ်။

တပ်ပြောင်းရွှေ့ထွက်ခွာရေး လုပ်ငန်း တိုးတက်လာတဲ့ အလျောက် ယူနန်တပ်တော် ပြောင်းရွှေ့ထွက်ခွာရေးစရိတ်ကို အကုန်အကျခံပေးဖို့ ထိုင်ပေက ဝါရှင်တန် ဆီတောင်းပါတယ်။ တောင်းခံတဲ့ငွေ ပမာဏထဲမှာ မိုင်းဆတ်က ဗိုလ်ချုပ်တွေက တပ်ပြောင်းရွှေ့ထွက်ခွာရေး ဒုတိယအဆင့် အတွက် ကြိုတင်သတ်မှတ်ချက်အဖြစ် တောင်းတဲ့ငွေ အမေရိကန် ဒေါ်လာ ၂၁၄,၀၀၀ လည်း ပါပါတယ်။ လုပ်ငန်းကုန်ကျစရိတ်၊ တပ်ဖွဲ့တွေအတွက် နောက်ကျလစာ၊ တပ်ပြောင်းရွှေ့ထွက်ခွာရေး ပထမအဆင့်တုန်းက ကုန်ကျငွေတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ထွက်ခွာလာတဲ့ စစ်သားတွေရဲ့ သူတို့ကိုယ်ပိုင် လက်နက်၊ ခဲယမ်းနဲ့ တိရစ္ဆာန်တွေ အစား လျော်ကြေးအနေနဲ့ တယောက်ကို အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာစီ ထုတ်ပေးတာလည်း ပါတယ်။ ဒါတွေက တရားဝင် ကုန်ကျ စရိတ်တွေ ဖြစ်တယ်။ တရားမဝင် ကုန်ကျစရိတ်ကတော့ တရုတ်ဖြူ ယူနန်တပ်တော် အရာရှိကြီးတွေရဲ့ အိတ်ကပ်ထဲ ထည့်ပေးရတဲ့ ငွေပဲ ဖြစ်ပါတယ်။ မိုင်းဆတ်က ဗိုလ်ချုပ်တွေ အတွက် ကြိုတင်ပေးငွေ အနေနဲ့ အမေရိကန် ဒေါ်လ ၇၀,၀၀၀ ကို ဝါရှင်တန်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ခွင့်ပြုလိုက်တယ်။ နောက်ထွက်ခွာလာမယ့်သူတွေ အတွက် မေတ္တာလက်ဆောင် တယောက်ကို ၁၅ ဒေါ်လာ ပေးဖို့ ခွင့်ပြုပေးလိုက်တဲ့ အပြင် အရင်အသုတ်က ထွက်ခွာသွားပြီးသူတွေ အတွက်လည်း မေတ္တာလက်ဆောင် တယောက်ကို ၁၅ ဒေါ်လာ ပြန်ထုတ်ပေးဖို့ ပူးတွဲစစ်ကော်မတီက ခွင့်ပြုပေးလိုက်တယ်။

ဒုတိယအဆင့်ရဲ့ ပထမဆုံး ထွက်ခွာလာတဲ့ လူ ၁၅၀ ထဲမှာ အမျိုးသမီး ၂၄ ယောက်၊ ကလေး ကိုးယောက် ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်မှာ တာချီလိတ်ကနေ အခက်အခဲ မရှိ ထွက်လာနိုင်ကြပြီး သူတို့ကို မယ်ချန် လက်ခံရေး စခန်းကို ကားတွေနဲ့ ပို့လိုက်ကြတယ်။ နောက်တနေ့ မနက်မှာ ချင်းဟိုင်း လေယာဉ်ကွင်း 4 ဆီ ကားနဲ့လိုက်ပို့ပြီး စင်းလုံးငှား စီအေတီ လေယာဉ်တွေနဲ့ ထိုင်ပေဆီ ပို့လိုက်ကြတယ်။ ဒုတိယအဆင့်မှာ အစကောင်းလို့ မြန်မာအစိုးရက အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်ကို ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ် ၃၁ ရက်အထိ တိုးပေးလိုက်တယ်။ 5

ဒီလို တပ်ပြောင်းရွှေ့ထွက်ခွာနေတုန်းမှာပဲ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ မြန်မာ တပ်မဟာက အမြောက်အကူ၊ မြန်မာလေတပ် ဆီးဖိုင်းယား လေယာဉ်အကူတွေနဲ့ မိုင်းတုံကနေပြီးတော့ အရှေ့ဘက်ကို ဆက်ပြီးချီတက်လာတယ်။ တပ်ပြောင်းရွှေ့ထွက်ခွာနေတာကြောင့် အင်အားနည်းနေတဲ့ တရုတ်ဖြူ ယူနန်တပ်တော်က တပ်ဖွဲ့တွေဟာ ခဏလောက်ပဲ ခုခံပြီး နောက်ဆုတ်သွားကြတယ်။ မတ် ၁၅ ရက်နေ့မှာ ပူးတွဲစစ်ကော်မတီက “နိုင်ငံခြားတပ်ဖွဲ့တွေ” ဟာ ကျန်ရှိတဲ့ မိုင်းဆတ်၊ မိုင်းယန်း၊ မိုင်းယောင်းနဲ့ ပန်ယန်း က စခန်းကြီးတွေကို ညသန်းခေါင် အချိန်မှာ စွန့်ခွာလိမ့်မယ်လို့ ကြေညာတယ်။ နောက်ငါးရက်အကြာမှာ မြန်မာ တပ်ရင်းတခုက မိုင်းဆတ်ကို ဝင်သိမ်းပြီး ဗိုလ်မှူးချုပ်ကျော်ဇော ဦးစီးတဲ့ တပ်မဟာ တခုလုံးကတော့ ပုံကျင်ပါကို သိမ်းပိုက်ပြီး တရုတ်ဖြူတပ် အင်အား ၄၀၀ လောက်ကို ထိုင်းနိုင်ငံဘက် မောင်းထုတ်လိုက်တယ်။ အဲဒီနောက် မြန်မာတပ်တွေက ခဏနားပြီး သူတို့တပ်စွဲတဲ့နေရာတွေကို ခိုင်မာတောင့်တင်းအောင် ပြင်ဆင်ပြီး ထောက်ပံ့ရေး လမ်းကြောင်း လုံခြုံအောင် လုပ်တယ်။ ဂျွန်လအကုန် မုတ်သုံမိုးသည်းလာတဲ့အခါမှာတော့ မြန်မာ ဆောက်လုပ်ရေး လုပ်သားတွေဟာ မိုင်းတုံကနေ မိုင်းဆတ်အထိ လမ်းတလမ်း ဖောက်ပြီးသွားပြီ ဖြစ်ပါတယ်။ တရုတ်ဖြူတွေ ဖောက်ထားတဲ့ လေယာဉ်ကွင်းကို အသုံးပြုပြီးတော့ အပေါ့စား စစ်သုံးယာဉ်တွေနဲ့ လမ်းဖောက်လုပ်ရေး စက်ယန္တရားတွေ အလျင်အမြန် မိုင်းဆတ်ကို ရောက်လာတော့တယ်။ မိုးရာသီအလွန် စစ်ဆင်ရေးအတွက် မြန်မာဘက်က ကြိုတင် ပြင်ဆင်ထားတယ်။

မြန်မာတွေ မိုင်းဆတ်ကို မသိမ်းပိုက်ခင်မှာ တပ်ပြောင်းရွှေ့ထွက်ခွာရေး ဒုတိယအဆင့်ရဲ့ နောက်ဆုံးအုပ်စုဟာ ၁၉၅၄ မတ် ၁၈ ရက်မှာ နယ်စပ်ကို ဖြတ်ကျော်သွားခဲ့ကြတယ်။ မြန်မာတွေက အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်တယ်လို့ တရုတ်ဖြူတွေဘက်က မဟုတ်မဟတ် စွပ်စွဲတာကလွဲလို့ ဒုတိယအဆင့်ဟာ ပြဿနာ အနည်းငယ်နဲ့ပဲ ပြီးဆုံးသွားပါတယ်။ တရားဝင် ရေတွက်မှုအရတော့ စုစုပေါင်းထွက်ခွာသူ ၃,၄၇၈ ယောက် ရှိပါတယ်။ အဲဒီအထဲမှာ စစ်သား ၂,၉၆၅ ယောက်နဲ့ မှီခိုသူ ၅၁၃ ယောက် ပါပြီး ၁၉၅၀ တုန်းက တပ်တော် (၂၆) က တပ်ကြွင်းတပ်ကျန်တွေကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယဲ့ကျိနန် က သူတို့အထဲမှာ ရာထူးအကြီးဆုံး ဖြစ်ပါတယ်။ မတ် ၂၀ ရက်မှာ လုပ်ငန်းပြီးဆုံးကြောင်း ပူးတွဲစစ်ကော်မတီက ကြေညာလိုက်ပေမယ့် နောက်ကျကျန်နေသူတွေကို လက်ခံနိုင်အောင် နယ်စပ်မှာ အဖွဲ့တဖွဲ့တော့ ချန်ထားခဲ့တယ်။ မနှစ် အောက်တိုဘာ ၂၉ ရက် ပူးတွဲစစ်ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တရုတ်သမ္မတနိုင်ငံရဲ့ ထွက်ဆိုချက်တွေအရ နောက်မှာကျန်နေခဲ့တဲ့ တပ်တွေအားလုံးကို ထောက်ပံ့မှုရပ်ဆိုင်းပြီး အဆက်ဖြတ်လိုက်ပြီဖြစ်ကြောင်း ကြေညာဖို့ ဝါရှင်တန်က ထိုင်ပေကို တောင်းဆိုပါတယ်။ ဒါပေမယ့် ထိုင်ပေ က လုံးဝ မတုံ့ပြန်ပါဘူး။

ထွက်ခွာသူနဲ့ လာရောက်အပ်နှံတဲ့ လက်နက်အရေအတွက် အချိုးဟာ ပထမအဆင့်တုန်းကထက် ပိုမို တိုးတက်လာပေမယ့် အမေရိကန်နဲ့ မြန်မာတွေ မျှော်လင့်ထားသလောက် မများပါဘူး။ ထွက်ခွာလာသူတွေဟာ အမေရိကန်၊ ဂျပန်၊ တရုတ်နဲ့ ဥရောပလုပ် လက်နက်တွေ အပ်ပါတယ်။ အဲဒီမှာ တဦးချင်းကိုင်ဆောင်တဲ့ လက်နက် ၇၃၃ လက်၊ အစုလိုက် ပစ်ခတ်ရတဲ့ လက်နက် ၈၈ လက်၊ စိန်ပြောင်း ၁၅ လက်နဲ့ ခဲယမ်းအမြောက်အမြား ပါဝင်ပါတယ်။ ပူးတွဲစစ်ကော်မတီက လက်ခံရရှိတဲ့ လက်နက်စာရင်း အသေးစိတ်ကို မြန်မာတွေဆီ ပေးပါတယ်။ သုံးမရတော့တဲ့ လက်နက်တွေနဲ့ ခဲယမ်း အမြောက်အမြားကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အသုံးပြုလို့ရသေးတဲ့ လက်နက်ခဲယမ်းတွေကိုတော့ ထိုင်ဝမ်းကို ဆက်လက်ပို့ဆောင်ပေးဖို့ ထရပ်ကားပေါ်တင်ပြီး ကျိုင်းတုံလေယာဉ်ကို ပို့ပါတယ်။

၁၉၅၄ ဧပရယ် ၅ ရက်မှာ စစ်သုံ့ပန်း ၁၇၉ ယောက် (သုံးယောက်ဟာ ဆေးဝါးကုလပေးနေရဆဲ ဖြစ်ပြီး ခရီးထွက်ဖို့ မသင့်လျော်သေးပါဘူး) နဲ့ ဒုက္ခသည် ၁၇၅ ယောက်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် လေကြောင်းလိုင်း (ယူဘီအေ) လေယာဉ် ခြောက်စင်းနဲ့ ထိုင်းနိုင်ငံ အရောက် ပို့ပေးဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒီလို ပို့ရင် ယူဘီအေ လေကြောင်းလိုင်းကလေးက ရှိတဲ့ လေယာဉ် အကုန်နီးပါးဖြစ်ပြီးတော့ မြန်မာနိုင်ငံအတွင်းက ခရီးသည်ပို့ဆောင်ရေး ပျံသန်းမှု အားလုံးကို ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုလေယာဉ်နဲ့ပို့တဲ့ ကုန်ကျစရိတ်ကို မြန်မာဘက်က ကျခံပေးရမယ်လို့ ယီးဖူတေ က တောင်းဆိုပါတယ်။ မြန်မာဘက်က မပေးနိုင်ဘူးလို့ ငြင်းပါတယ်။ ဒါကြောင့် ပူးတွဲစစ်ကော်မတီက ဝင်ညှိနှိုင်းပြီးတော့ အမေရိကန်က အကုန်အကျခံပါ့မယ်လို့ ပြောရပါတော့တယ်။ ဧပရယ် ၁၈ ရက်မှာ ယူဘီအေ လေကြောင်းလိုင်းက စီ−၄၇ လေယာဉ်တွေဟာ မန္တလေးက စစ်အကျဉ်းသားတွေကို လမ်းပန်းဆီ ပို့ပေးပါတယ်။ အဲဒီကနေ စီအေတီ လေယာဉ်တွေနဲ့ ထိုင်ဝမ်းကို ဆက်ပို့ပေးတယ်။ ဧပရယ် ၂၁ ရက်နဲ့ ၂၂ ရက်မှာတော့ မိတ္ထီလာမှာရှိတဲ့ တရုတ်အရပ်သား ဒုက္ခသည်တွေကို ထပ်ပို့ပေးတယ်။ မြန်မာနိုင်ငံ တရုတ်လူမျိုးတွေကိုတော့ မြန်မာနိုင်ငံဥပဒေအရ အရေးယူနိုင်ဖို့ မြန်မာအစိုးရက ဆက်လက် ထိန်းသိမ်းထားတယ်။

တပ်ပြောင်းရွှေ့ထွက်ခွာခြင်း တတိယအဆင့်

၁၉၅၄ ဇန်နဝါရီ လနှောင်းပိုင်း ဒုတိယအဆင့်ကို ဆောင်ရွက်နေဆဲ ကာလမှာပဲ ပူးတွဲစစ်ကော်မတီက မြန်မာနိုင်ငံ သံလွင်မြစ် အနောက်ဘက် ကယား၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ရှိတဲ့ တရုတ်ဖြူတပ်တွေကို ရွှေ့ထုတ်ဖို့ဘက်ကို လှည့်လာပါတော့တယ်။ မြန်မာစစ်တပ်က ကရင်သူပုန်တွေကို စစ်ဆင်တိုက်ခိုက်နေတာကြောင့် အဲဒီဒေသမှာ ဒုတိယဗိုလ်ချုပ်ကြီး လီဇေဖန်း ဦးစီးတဲ့ တရုတ်ဖြူ အင်အား ၁,၅၀၀ လောက် ပိတ်မိနေတယ်။ လီဇေဖန်းရဲ့ စစ်သား ၈၀၀ လောက်က ပြောင်းရွှေ့ထွက်ခွာလိုပေမယ့် မြန်မာစစ်တပ်က သူတို့အနီးအနားမှာရှိတဲ့ မွန်နဲ့ ကရင်တပ်ဖွဲ့တွေကို တိုက်ခိုက်နေလို့ ပူးတွဲစစ်ကော်မတီက သူတို့ကို ကူညီဖို့ကို ရွှေ့ဆိုင်းထားလိုက်တယ်။ တရုတ်ဖြူတွေနဲ့ သူ့မဟာမိတ်တွေ အချင်းချင်းအကြား မြန်မာစစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာဟာ သူ့ကြောင့်ကိုယ့်ကြောင့် ဖြစ်တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြတယ်။

၁၉၅၄ ဖေဖော်ဝါရီ လနှောင်းပိုင်းမှာ ပူးတွဲစစ်ကော်မတီက လီဇေဖန်း လက်အောက်က ထွက်ခွာလိုတဲ့ စစ်သားတွေကို ထိုင်းနိုင်ငံက တဆင့် ပြောင်းရွှေ့ထွက်ခွာနိုင်အောင် စီစဉ်ပေးနိုင်ခဲ့တယ်။ မြန်မာစစ်တပ်က သူတို့ရဲ့ စစ်ဆင်ရေးကို အရှိန်သာလျှော့ပေးခဲ့ပြီး အဲဒီကျယ်ပြန့်တဲ့ ဒေသအတွင်းက ကရင်နဲ့ မွန် တိုက်ခိုက်ရေးသမားတွေ အကျိုးရှိသွားစေနိုင်မယ့် အပစ်အခတ်ရပ်စဲရေး လုပ်ပေးဖို့ကိုတော့ ငြင်းဆန်ခဲ့တယ်။ ဒါ့ကြောင့် ပြောင်းရွှေ့ထွက်ခွာလိုတဲ့ တရုတ်ဖြူတွေ အနေနဲ့ ကရင်တွေ မွန်တွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ခိုက်ဖို့လမ်းကို ရွေးထားတဲ့ တရုတ်ဖြူတွေနဲ့ လမ်းခွဲပြီး စုစည်းဖို့ နေရာ မရှိဘူးဖြစ်နေတယ်။  

ဒါ့ကြောင့် ထွက်ခွာချင်တဲ့ တရုတ်ဖြူတပ်တွေအနေနဲ့ မြဝတီရဲ့တောင်ဘက် နယ်စပ်က ဖလူးမြို့လေးဆီ လာကြဖို့ ကော်မတီက အကြံပြုတယ်။ အဲဒီနေရာက စစ်ဆင်ရေးဝင်နေတဲ့ မြန်မာတပ်တွေနဲ့ အလှမ်းဝေးတဲ့ နေရာလည်း ဖြစ်ပါတယ်။ ထိုင်ပေက သဘောတူပေမယ့် မြန်မာနဲ့ ထိုင်းကတော့ ဘာမှ အာမခံဘူး။ တာချီလိတ်−မယ်ဆိုင်ဘက်မှာ ပြောင်းရွှေ့ထွက်ခွာသူတွေ လျော့ပါးသွားတဲ့ မတ် ၁၁ ရက်မှာ ပူးတွဲစစ်ကော်မတီက ဖလူးနဲ့ အနီးတဝိုက်မှာ အပစ်အခတ် ရပ်စဲပေးဖို့ တောင်းဆိုတယ်။ တနင်္သာရီတိုင်း အတွင်းရှိ ဒုတိယဗိုလ်မှူးကြီး ထွန်းစိန် ဦးစီးတဲ့ မြန်မာ တပ်မဟာက တရုတ်ဖြူတပ်တွေ ဖလူး ကနေ ထိုင်းနိုင်ငံကို တိုက်ရိုက်ထွက်ခွာသွားမှာကို ခွင့်ပြုပေးဖို့ သဘောတူခဲ့တယ်။ ထိုင်းဘက်ကတော့ တာချီလိတ်−မယ်ဆိုင်ဘက်က လုပ်ငန်းစဉ်တွေ ပြီးဆုံးအောင် စောင့်ဆိုင်းပြီး ဖလူး အစား မြဝတီ−မဲဆောက် နယ်စပ်ကပဲ ထွက်လာကြစေချင်တယ်။ ဘယ်လိုပဲ ပြောင်းရွှေ့ထွက်ခွာဖို့ လုပ်လုပ် မြဝတီနဲ့ အနီးပတ်ဝန်းကျင်ကို မြန်မာတပ်တွေ စိုးမိုးထိန်းချုပ်နိုင်မှု အပေါ်ပဲ မူတည်နေပါတယ်။

အဲဒီအတောတွင်းမှာ ထွန်းစိန်ရဲ့ ခြေမြန်တပ်မဟာက မြဝတီဘက်ကို ချီတက်လာတယ်။ မတ် ၂၈ ရက်မှာ လှိုင်းဘွဲ့က ကေအဲန်ဒီအို ဌာနချုပ်ကို အပြင်းအထန် တိုက်ခိုက် သိမ်းပိုက်တယ်။ အဲဒီမှာ တပ်ပေါင်းစုံ ရောလျက်ရှိနေပြီး တရုတ်ဖြူ အမြဲတမ်းစစ်သားတွေက အများစု ဖြစ်တယ်။ ဧပရယ်လ အစောပိုင်းမှာ မြေပြင်က မြန်မာတပ်တွေဟာ နောက်ဆုံးတော့ မြဝတီ အနီးကိုရောက်လာကြတယ်။ အခြေအနေ အရ ကရင်နဲ့ တရုတ်ဖြူတပ်တွေဟာ ခုခံတိုက်ခိုက်ခြင်း မလုပ်တော့ဘဲ ဧပရယ် ၁၇ ရက်မှာ နယ်စပ်မြို့ကို စွန့်ခွာလိုက်ကြတော့တယ်။

မြဝတီကို ရတာနဲ့ မြန်မာဘက်က ဖလူးနဲ့ အနီးတဝိုက်အတွက် အပစ်အခတ် ရပ်စဲရေးကို ဧပရယ် ၃၀ ရက်အထိ တိုးပေးလိုက်တယ်။ မြဝတီမြောက်ဘက်နေ နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို သွားနိုင်မယ့် လမ်းကြောင်းတခု ဖွင့်ပေးဖို့လည်း သဘောတူလိုက်တယ်။ ထွက်ခွာသွားတဲ့ သူတွေဟာ သူတို့လက်နက်တွေကို ထိုင်ဝမ်းဆီပို့ဖို့အတွက် ထိုင်းနိုင်ငံဘက်ခြမ်းမှာ အပ်နှံရမှာဖြစ်ပါတယ်။ အဲဒီနားက ရဟိုင်း (ဒီနေ့ခေတ် တက် လို့ ခေါ်တယ်) ကနေ စင်းလုံးငှားထားတဲ့ ထိုင်းလေကြောင်းလိုင်းက လေယာဉ်နဲ့ လမ်းပန်းဆီ ပို့ပေးတယ်။ အဲဒီကနေမှ ထုံးစံအတိုင်း စီအေတီ လေယာဉ်တွေနဲ့ ထိုင်ဝမ်းဆီ ဆက်ပို့ပေးတယ်။ မေ ၅ ရက်အပြီး ဆောင်ရွက်မယ် ဆိုတဲ့ ပူးတွဲစစ်ကော်မတီရဲ့ စီမံချက်ကို ဧပရယ် ၂၇ ရက်မှာ မြန်မာအစိုးရက လက်ခံလိုက်ပြီး မေ ၁၅ ရက်နောက်ပိုင်း နောက်ထပ် အပစ်အခတ်ရပ်စဲရေး တိုးမြှင့်ဖို့ လိုတော့မှာ မဟုတ်ပါဘူး။

မြဝတီ−မဲဆောက်ကနေ တပ်ပြောင်းရွှေ့ထွက်ခွာတာကို မေ ၁ ရက်မှာ စတင်ခဲ့ပြီး ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မေ ၇ ရက်အထိ စစ်သား ၇၆၄ ယောက်နဲ့ မှီခိုသူ ကိုးယောက် ထိုင်းနိုင်ငံဘက်ကို ထွက်ခွာလာနိုင်တယ်။ စီအေတီ လေယာဉ်တွေနဲ့ စစ်သား ၈၁၇ ယောက်နဲ့ မှီခိုသူ အယောက် ၂၀ ကို ထိုင်ဝမ်းဆီ ပို့ပေးခဲ့တယ်။ ပိုလာတဲ့သူတွေကတော့ နောက်ကျကျန်နေလို့ ကောက်သင်းကောက်လာရတဲ့ သူတွေနဲ့ ပူးတွဲစစ်ကော်မတီမှာ ကူညီနေကြတဲ့ တရုတ်ဖြူ အမှုထမ်းတွေ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းကနေ ထွက်ခွာလာသူတွေထဲမှာ အရာရှိချည်းပဲ ၃၅၀ ပါလို့ တရုတ်ဖြူယူနန်တပ်တော်ရဲ့ ရာထူးကြီးကြီး ဖွဲ့စည်းပုံကို ပေါ်လွင်စေပါတယ်။ အပ်နှံတဲ့ လက်နက်တွေကတော့ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ တရုတ်လုပ်တွေ ရောရာပါပဲ။ ထွက်ခွာလာသူ အရေအတွက်နဲ့ လက်နက် အရေအတွက် အချိုးဟာ မျှတခြင်း မရှိပါဘူး။ ကွာဟချက်ဟာ ဒုတိယအဆင့်ထက် အများကြီး ဆိုးဝါးပါတယ်။ လက်နက်ခဲယမ်း စုစုပေါင်း ၇ ဒသမ ၇ တန်ကို ထုပ်ပိုးပြီး နောက်ဆုံးမှာ သင်္ဘောနဲ့ ထိုင်ဝမ်းကို ပို့လိုက်ပါတော့တယ်။

တပ်ပြောင်းရွှေ့ထွက်ခွာမှု ပြီးဆုံးခြင်း

တပ်ဆုတ်ခွာမှု တတိယအဆင့် အပြီးမှာတော့ မြန်မာနိုင်ငံထဲမှာ တရုတ်ဖြူတပ်အင်အား ၅,၀၀၀ လောက် ကျန်နေခဲ့ပါသေးတယ်။ အများစုက အမြဲတမ်းတပ်ဖွဲ့တွေ မဟုတ်ကြပါဘူး။ နောက်ထပ် ပြောင်းရွှေ့ထွက်ခွာနိုင်အောင်လို့ ပူးတွဲစစ်ကော်မတီက စတုတ္ထအဆင့်အတွက် အဖွဲ့တဖွဲ့ကို ချင်းမိုင်ခရိုင် ချင်းဒေါင်မှာ အသင့်အနေအထားနဲ့ ပြင်ဆင်ထားပေးတယ်။ ဒါပေမယ့်လည်း နောက်ထပ်ထွက်လာမယ့် အလားအလာ သိပ်မရှိတော့ပါဘူး။ ရလာတဲ့ ရလဒ်ကို ဦးနု က အတော်လေး ကျေနပ်ပုံရပါတယ်။ ကျန်နေသေးတဲ့ တရုတ်ဖြူတွေကို ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ မြန်မာစစ်တပ်ကလည်း ယုံကြည်ထားပါတယ်။ ထိုင်ပေက လီမီကလည်း သူ့တပ်တွေ ဆုတ်ခွာတာ မေ ၂၉ ရက်မှာ ပြီးဆုံးသွားပြီ ဖြစ်လို့ သူ့ရဲ့ ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တပ်တော်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။ တပ်ပြောင်းရွှေ့ထွက်ခွာရေး အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာဖို့ ထိုင်ပေက ပူးတွဲစစ်ကော်မတီကို တောင်းဆိုတယ်။ ဂျွန် ၃ ရက်နေ့ ဘန်ကောက်ကနေ ထိုင်ပေကို ထွက်ခွာတဲ့အခါ လီဇေဖန်း က သတင်းထုတ်ပြန်ချက် တခု ထုတ်လိုက်တယ်။ အဲဒီမှာတော့ ထွက်ခွာလိုတဲ့ တရုတ်ဖြူ ယူနန်တပ်တော် တပ်ဖွဲ့တွေ အားလုံး ထွက်ခွာပြီးစီးဖြစ်ကြောင်း၊ ကျန်ခဲ့တဲ့လူတွေနဲ့လည်း အဆက်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပါဝင်ပါတယ်။

နောက်ထပ် တပ်ပြောင်းရွှေ့ထွက်ခွာရေးအတွက် ကြိုးပမ်းဖို့ အမေရိကန်အစိုးရက သိပ်စိတ်မပါတော့ပါဘူး။ ကြိုတင်ခန့်မှန်းထားတာထက် ငွေကုန်ကြေးကျများတဲ့အတွက်ကြောင့် တခြား စီမံကိန်းတွေလည်း ငွေကြေး မလုံလောက်လို့ ရပ်နားထားရတယ်။ တရားဝင် တပ်ပြောင်းရွှေ့ ထွက်ခွာရေး အစီအစဉ်ဟာ အောင်မြင်တယ် လို့ ၁၉၅၄ ဂျွန် ၁၆ ရက် ဝါရှင်တန်မှာ အမျိုးသားလုံခြုံရေးကောင်စီ က သုံးသပ်တယ်။ ဒါ့အပြင် အစီအစဉ် မပြီးဆုံးခင် ထွက်ခွာလိုသေးတဲ့ လက်ကျန်စစ်သားတွေကို နှိုးဆော်တဲ့ လက်ကမ်းစာစောင်လေးတွေ ကြဲချဖို့ ပြောတယ်။ နောက်ဆက်တွဲ ကြိုးပမ်းမှုတွေအတွက် ကုန်ကျစရိတ်ကို တပ်ပြောင်းရွှေ့ထွက်ခွာရေး အတွက် လျာထားတဲ့ ငွေထဲကပဲ သုံးဖို့ပြောတယ်။ ပြောင်းရွှေ့ထွက်ခွာလာသူတွေ နောက်ပိုင်း ထိုင်ဝမ်းမှာ အခြေချနေထိုင်နိုင်ရေးနဲ့ ထိုင်းနိုင်ငံက စိုက်ထားတဲ့ ကုန်ကျစရိတ်တွေကို ပြန်လည်ပေးဆပ်ရေး အတွက်ကိုတော့ အမေရိကန် စီးပွားရေးဆိုင်ရာ ကူညီရေး ရန်ပုံငွေက ထုတ်ပေးမှာ ဖြစ်ပါတယ်။

စကားလုံး ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အချိန်ကြာကြာ ငြင်းခုံဆွေးနွေးပြီးတဲ့နောက် ပူးတွဲစစ်ကော်မတီနဲ့ မြန်မာအစိုးရက ဂျူလိုင် ၂၈ ရက်မှာ သတင်းထုတ်ပြန်ချက်တွေ တပြိုင်တည်း ထုတ်ပြန်ခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၇၀၇ (၇) အရ မြန်မာနိုင်ငံ အတွင်းက နိုင်ငံခြားတပ်ဖွဲ့ အင်အား ၇,၀၀၀ နီးပါးကို ပြောင်းရွှေ့ထွက်ခွာစေခဲ့ကြောင်း ပါရှိပါတယ်။ တရုတ်ဖြူတပ်အင်အား ထောင်ဂဏန်းလောက် ကျန်နေသေးတာကြောင့် တပ်ပြောင်းရွှေ့ထွက်ခွာရေးကို ဆောင်ရွက်ပေးမယ့် အဖွဲ့တွေဟာ ကော်မတီကို တရားဝင်ဖျက်သိမ်းမယ့် စက်တင်ဘာ ၁ ရက်အထိ ရှိနေမှာ ဖြစ်တယ်လို့ ပူးတွဲစစ်ကော်မတီက ကြေညာပါတယ်။ 6 ဂျူလိုင်နဲ့ ဩဂတ်လအတွင်းမှာတော့ စုစုပေါင်း လက်ကျန် ၉၃ ယောက်က လက်နက် ၆၂ လက်နဲ့ လက်နက်ချလာပါတယ်။ စစ်သား ၄၃ ယောက်နဲ့ မှီခိုသူ ရှစ်ယောက်က ထိုင်ဝမ်းကို သွားချင်တယ်ဆိုလို့ ပို့ပေးလိုက်ပါတယ်။ ကျန်တဲ့သူတွေကတော့ သုံးနိုင်ငံ နယ်စပ်ဒေသက လူနည်းစု လူမျိုးတွေ ဖြစ်တာကြောင့် ဒီဒေသမှာပဲ ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက “နိုင်ငံခြားတပ်ဖွဲ့” နဲ့ မှီခိုသူ စုစုပေါင်း ၇,၀၀၀ လောက်ကို ပြောင်းရွှေ့ထွက်ခွာစေနိုင်ခဲ့လို့ ကျေနပ်နှစ်သက်စွာ မှတ်တမ်းတင်ကြောင်းကို ၁၉၅၄ အောက်တိုဘာ ၂၉ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၈၁၅ (၉) အဖြစ် ချမှတ်တဲ့အခါ တရုတ်သမ္မတနိုင်ငံက မဲမပေးဘဲ ကြားနေခဲ့တယ်။ ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံမှာ ဆက်ရှိနေသေးတဲ့ သူတွေဟာ လက်နက်ချ အထိန်းသိမ်းခံသင့်ကြောင်း၊ နိုင်ငံအားလုံးက သူတို့ကို ထောက်ပံ့ကူညီခြင်းကို တားမြစ်ရန် တိုက်တွန်းကြောင်းတွေလည်း ပါဝင်တယ်။ နောက်ပိုင်း တိုးတက်မှုအခြေအနေတွေကို မြန်မာအစိုးရက သင့်လျော်တဲ့အချိန်အခါမှာ အစီရင်ခံပါရန် ဖိတ်ကြားကြောင်းလည်း ပါဝင်ပါတယ်။

  1. လီကော်ဟွေး အစစ်ဟာ ၁၉၅၃ နိုဝင်ဘာ ၁၁ ရက်နေ့ရောက်မှ လွီကော်ချွမ်း အပါအဝင် တခြားဗိုလ်ချုပ် တဒါဇင်လောက်နဲ့ အတူ ထွက်ခွာလာတယ်။
  2. ထွက်ခွာလာသူတွေရဲ့ ၂၄ ရာခိုင်နှုန်းနီးပါးဟာ အရာရှိတွေဖြစ်တယ်။ အမျိုးသမီး ၆၈ ယောက်ပါလာတယ် (အရာရှိ၊ သူနာပြုနဲ့ တပ်သားတွေ)။ စစ်သားတွေထဲမှာတော့ ၉၅၀ ဟာ သူတို့ပြောကြားချက်အရ အမှုထမ်းသက် လေးနှစ်ထက် နည်းသူတွေသာ ဖြစ်တယ်။ အများအားဖြင့် လူငယ်တွေသာ ဖြစ်ပြီး အသက် ၂၀ အောက် ၂၅၆ ယောက်ပါတယ်။
  3. လျိုယွမ်လင် ဘယ်လို ရက်စက် ကြမ်းကြုတ်သလဲ ဆိုတာကို ယီးရှန်း (လီဖုယီး) ကို ကြည့်နိုင်တယ်၊ ဗိုလ်ချုပ်ကြီး လျိုယွမ်လင် ယူနန်−မြန်မာ နယ်စပ် ဒေသက ကွန်မြူနစ် ဆန့်ကျင်ရေး အခြေစိုက်စခန်းတွေ လက်လွှတ်လိုက်ရတယ်။
  4. မုတ်သုံမိုးရွာတာကြောင့် ချင်းဟိုင်း လေယာဉ်ကွင်းကို သုံးမရလို့ ထွက်ခွာသူတွေကို ထရပ်ကားပေါ်တင်ပြီး လမ်းပန်းမြို့ လေယာဉ်ကွင်းကို ပို့ပေးရတာ လေးခေါက် ရှိပါတယ်။
  5. မတ် ၁၆ ရက်ကနေ မတ် ၃၁ ရက် အထိအတွက်တော့ အပစ်အခတ် ရပ်စဲရေး အကျုံးဝင်တဲ့ဒေသမှာ မိုင်းကွမ်ရဲ့ ၁၀ မိုင်ပတ်လည်နဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေး ဆောင်ရွက်နေတဲ့ တာချီလိတ်ကို သွားမယ့်လမ်းကြောင်း တကြောင်းပဲ ပါပါတော့တယ်။
  6. လက်ကမ်းစာစောင်တွေ ကြဲချမယ့် အစီအစဉ်ကို ဂျူလိုင် ၁၄ ရက် မတိုင်ခင်အထိ ထိုင်ပေက သဘောမတူပါဘူး။ ကြဲချရမယ့်စာရွက်တွေကို ရန်ကုန်ကို ပို့ပေးဖို့ ဘန်ကောက်က မြန်မာသံရုံးဆီ ဩဂတ် ၂၃ ရက်မှာ ပေးခဲ့ပါတယ်။ စာရွက်ကြဲချဖို့ လေယာဉ် မအားလပ်တာကြောင့် မြန်မာစစ်ရုံး စက်တင်ဘာ ၁ ရက်မှာ ကြဲချပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် စာရွက်က ရက်စွဲက နောက်ကျနေပြီ ဖြစ်တာကြောင့် နားလည်မှုတွေ လွဲနိုင်ကုန်ပြီ ကောင်းကျိုးထက် ဆိုးကျိုး ပိုများနိုင်တယ်လို့ ဆိုပြီး စာရွက်ကြဲချဖို့ အစီအစဉ်ကို ပူးတွဲစစ်ကော်မတီက ဖျက်သိမ်းလိုက်တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar