Breaking News

မိုးမခကဗျာ - ခိုင်မာကျော်ဇော " တို့အရပ်နဲ့ တို့ဇာတ် "

Image - Crd
မိုးမခကဗျာ
စက်တင်ဘာ ၁၄၊ ၂၀၂၁

" တို့အရပ်နဲ့ တို့ဇာတ် "
ခိုင်မာကျော်ဇော

ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ကိုယ်ချင်းစာတရားက 
ငါတို့ခံတွင်းအတွက် အချိုတွေ ပြင်းလွန်းတယ်
တရားဟောပြီး တယောထိုးနေသူတွေရပ်
မုန်တိုင်းက ထန်နေပြီ
လူကြီးလူကောင်းဆိုသူတွေရဲ့ ပါဝါတွေတက်ကုန်ပြီ
ကိုယ့်မျက်မှန်ကိုယ်စစ် 
ကိုယ့်ကျန်းမာရေးကိုယ်စစ်
ကိုဗစ်က အဆုပ်ကို ဖျက်ဆီးတယ်
စစ်ခွေးက နိုင်ငံတော်ကို ဖျက်ဆီးတယ်။

နိုင်ငံကျော် ဆရာတော်ဘုရားကြီးများ 
သက်တော်ရာကျော်ရှည်ပါစေ
ကုလားထိုင်မှာကပ်နေတဲ့ 
နာနာဘာဝဟာ 
ကမ္မဝါ ဖတ်လို့မရတော့ပါ
တို့အရပ်နဲ့ တို့ဇာတ်ကဖို့
ရွှေဘလို PDF တွေလိုတယ်
မင်းမော်ကွန်းလို အနီရင့်ရင့် နှင်းဆီတွေလိုတယ်
ကချင် ဓားတွေလိုတယ် 
ကရင် ပုလိုင်းတွေလိုတယ်
ချင်း တူမီးတွေလိုတယ်
ကရင်နီတွေလို နီနီစွေးစွေး သွေးသောက်ရဲဘော်တွေလိုတယ်
လှည်းနေ လှေအောင်း မြင်းဇောင်းအကျန်
ဓမ္မသမားမှန်ရင်
ကိုင်းခုတ်ဓား၊ လုပ်သေနတ်နဲ့ လေးခွတွေဆောင်ထား
အိမ်ရှင်မများ
အရေးကြီးရင် သံပုံးတီးမယ်။ 

ဘယ်လောက် နက်နက် 
ဘယ်လောက်မှောင်မှောင် 
ဒီတောင်ကို ငါတို့ကျော်မယ်
ဒီပွဲပြီးရင်
မုဆိုးမ အချင်းချင်း အားပေးကူညီမယ်
မိဘမဲ့ ကလေးတွေကို မွေးစားမယ်
သားပျောက်မိခင်များနေ့ သမီးပျောက်ဖခင်များနေ့
ခမ်းခမ်းနာနား ကျင်းပကြမယ်။ 

စက်တင်ဘာ ၁၂၊ ၂၀၂၁


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar