Breaking News

စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)၊ အခန်း (၁၈) တရုတ်ဖြူများ ဒုတိယအကြိမ် ပြောင်းရွှေ့ထွက်ခွာခြင်း


စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ)

အခန်း (၁၈) တရုတ်ဖြူများ ဒုတိယအကြိမ် ပြောင်းရွှေ့ထွက်ခွာခြင်း
အောက်တိုဘာ ၆၊ ၂၀၂၁

၁၉၆၁ ခုနှစ် အစောပိုင်းမှာ လျိုယွမ်လင်ရဲ့ တပ်ဖွဲ့တွေ ထောင်နဲ့ချီပြီး လာအိုနဲ့ ထိုင်းနိုင်ငံ ဘက်ကို ဆုတ်ခွာသွားတဲ့အခါ တရုတ်ဖြူတပ်တွေရဲ့ ဒုက္ခပေးမှုကို ဝါရှင်တန်က သည်းမခံနိုင်တော့ပါဘူး။ အရှေ့တောင်အာရှမှာ ရှိတဲ့ တရုတ်ဖြူတပ်အားလုံးကို ဖယ်ရှားပစ်လိုက်ချင်ပါပြီ။ အနည်းဆုံးတော့ လက်နက်ဖြုတ်သိမ်းပြီး အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်တွေနဲ့ ခပ်ဝေးဝေးမှာ အခြေချနေခိုင်းစေချင်ပါတယ်။ ဒီတပ်တွေကို ဆက်အသုံးပြုမယ်ဆိုရင် ရှေ့လျှောက် ဒုက္ခလှလှကြီးတွေ့လိမ့်မယ်ဆိုတဲ့ ခြောက်လုံးကို ချန်ကေရှိတ်က ငြင်းရဲမှာ မဟုတ်ဘူးလို့ အမေရိကန်က တွေးတောဆင်ခြင်မိတယ်။ မကြာသေးခင်ကမှ တရုတ်နီတပ်တွေ မြန်မာနိုင်ငံမှာ ဝင်ရောက်စွက်ဖက်တာကို လက်ညှိုးထိုးပြပြီးတော့ လာအိုမှာလည်း အလားတူ အဖြစ်အပျက်မျိုး ဖြစ်မလာနိုင်အောင် ပေကျင်းကို တွန်းပို့ပေးတာမျိုး ဝါရှင်တန်က မဖြစ်စေချင်တော့ပါဘူး။ ဒါပေမယ့် လျိုယွမ်လင်ရဲ့ တပ်ကြွင်းတပ်ကျန် အတွက် အစီအမံပတ်သက်ပြီး တခြားနိုင်ငံအစိုးရတွေကတော့ တယောက်တပေါက် ဖြစ်နေကြပါတယ်။

ဘန်ကောက်မှာ ဖီးမာရှယ် ဆရစ် ထာနရတ် အစိုးရက ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသမှာ ဆက်ရှိနေတဲ့ တရုတ်ဖြူတပ်တွေကြောင့် မြန်မာနိုင်ငံက ဘိန်းလုပ်ငန်းပေါ် မှီခိုနေတဲ့ သူပုန်အဖွဲ့တွေ ပေါ်ပေါက်လာမှာ မြေကြီးလက်ခတ်မလွဲ သေချာပါတယ်။ ဒါဆိုရင် မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားဖို့ ထိုင်းအတွက် လွယ်မှာ မဟုတ်တော့ပါဘူး။ ထိုင်းတွေက တရုတ်ဖြူတွေကို တိုက်ခိုက်ရင်လည်း သူတို့နယ်စပ် တလျှောက်မှာ နောက်ထပ် သူပုန်အဖွဲ့ တဖွဲ့တိုးလာမယ့် ပုံစံပေါက်နေမှာမျိုးကိုလည်း မစွန့်စားရဲပြန်ပါဘူး။ ဒါပေမယ့် ဘန်ကောက် စစ်အစိုးရအဖွဲ့ထဲက တန်ခိုးထွားသူတွေကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်တလျှောက်က ကွန်မြူနစ်တွေ စိမ့်ဝင်ထိုးဖောက်လာတာကို တရုတ်ဖြူတွေက တားဆီးနိုင်လိမ့်မယ်လို့ အခိုင်အမာ ဆိုကြပါတယ်။ တရုတ်ဖြူတွေရဲ့ ဘိန်းလုပ်ငန်းနဲ့ တခြား မှောင်ခိုလုပ်ငန်းတွေကနေ နိုင်ငံရေး၊ ရဲနဲ့ စစ်တပ်က အရာရှိကြီးတွေကလည်း အကျိုးအမြတ်တွေ ရနေကြတော့ နောက်ထပ် အပြင်းအထန် အရေးယူလိုစိတ်ကို လျော့နည်းစေပါတယ်။

ဝိန်းကျန်မှာတော့ လာအိုတွေက တရုတ်ဖြူတွေ ရှိနေတာကို သဘောကျကြပါတယ်။ ဘွန်အွန်းရဲ့ လာအိုဘုရင့်အစိုးရက ဆိုဗီယက်က ထောက်ပံ့ပေးထားတဲ့ ပထိတ်လာအိုအဖွဲ့နဲ့ မြောက်ဗီယက်နမ် တပ်ဖွဲ့တွေကို တပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်နေရပါတယ်။ စစ်မြေပြင်မှာ အဆက်မပြတ် ရှုံးနေတာကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ဖူမိ ဦးစီးတဲ့ လာအိုဘုရင့်တပ်မတော်က လျိုယွမ်လင်ရဲ့ စစ်သားတွေ သူတို့ဘက်က ဝင်ကူတိုက်စေချင်ပါတယ်။ ဒါပေမယ့် တရုတ်ဖြူတပ်တွေကို အသုံးပြုတဲ့အကြောင်း အမေရိကန်တွေ မသိအောင် ဖုံးဖိထားဖို့လိုတယ်ဆိုတာကိုတော့ ဖူမိ သိပါတယ်။ ထိုင်ပေက ချန်ကေရှိတ်ကတော့ ပြည်မကြီးကို ပြန်နိုင်ရေးဆိုတဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်ကို ရင်မှာပိုက်ပြီး သူ့တပ်တွေကို ပေကျင်းရဲ့ နယ်စပ်ဒေသနားမှာ ဆက်ထားရှိလိုပါတယ်။ တရုတ်ဖြူတွေရဲ့ တိုက်တွန်းမှုကြောင့် ဘွန်အွန်းနဲ့ ဖူမိ နိုဆဗန် တို့က ယူနန်အပျော်တမ်းတပ်တော် အကြွင်းအကျန်တွေကို လာအိုအစိုးရတပ်တွေနဲ့အတူ လက်တွဲပြီး တိုက်ခိုက်ဖို့ သဘောတူလိုက်ပါတယ်။ အမေရိကန်က သေချာပေါက် ကန့်ကွက်မှာမို့လို့ ဒီလိုမျိုးအစီအစဉ်ကို လျှို့ဝှက်ထားမှ ဖြစ်မယ်ဆို ထိုင်ပေက သိပါတယ်။ လာအိုနိုင်ငံရဲ့ စစ်ရေး အသုံးစရိတ်တွေ အားလုံးနီးပါးကို ဝါရှင်တန်က အကုန်အကျခံပေးထားတာ ဖြစ်ပါတာကြောင့် အမေရိကန်တွေက လက်နက်ဖြုတ်သိမ်း၊ ထိုင်ဝမ်းဆီ ပြန်ပို့ချင်တဲ့ တပ်တွေကို လာအိုက ကူညီပေးမှာကို အမေရိကန် သိလို့ မဖြစ်ပါဘူး။

လာအိုနိုင်ငံအတွင်းက ထိုင်ပေနဲ့ ဝိန်းကျန် ပူးပေါင်းဆောင်ရွက်မှု

လျိုယွမ်လင်ရဲ့တပ်တွေကို အသုံးပြုပြီး လာအိုတပ်တွေကို ကူညီဖို့နဲ့ ပတ်သက်လို့ ၁၉၆၀ ဒီဇင်ဘာလ ကျန်ကျင်းကော် ဝိန်းကျန်ကို ရောက်လာတုန်းက အကျယ်တဝင့် စတင် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအချိန်က တရုတ်ဖြူ ယူနန်အပျော်တမ်းတပ်တော်ကို တရုတ်နီတပ်တွေ ပထမဆုံး လာတိုက်ပြီးကာစ အချိန် ဖြစ်ပါတယ်။ မိုင်းပါလျိုးကို ဦးတည်ချီတက်လာတဲ့ မြန်မာတပ်တွေကို လျိုယွမ်လင်ရဲ့တပ်တွေက ခုခံတားဆီးထားနိုင်လောက်ပေမယ့် တရုတ်နီတပ်တွေသာ ထပ်ဝင်လာပြီးတိုက်မယ်ဆိုရင် တရုတ်ဖြူတပ်တွေ မြန်မာနိုင်ငံက အကုန်ထွက်ပြေးကြရလိမ့်မယ် ဆိုတာ ကျန်ကျင်းကော်နဲ့ ဖူမိ နိုဆဗန် တို့ နှစ်ယောက်စလုံး လက်ခံကြတယ်။ ဒီလိုသာဖြစ်လာမယ်ဆိုရင် တရုတ်ဖြူတပ်တွေကို လာအိုနိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြောင်းရွှေ့ နေရာချထားဖို့ ကျန်ကျင်းကော်ရဲ့ အဆိုပြုတာကို ဖူမိ က လက်ခံပါတယ်။

၁၉၆၁ ဇန်နဝါရီလယ်မှာ ထိုင်ဝမ်းရဲ့ အမျိုးသားလုံခြုံရေးဗျူရိုက ထောက်လှမ်းရေး အကြီးအကဲ ဟွမ်တေမေ ဘန်ကောက်နဲ့ ဝိန်းကျန် ကို လာပြီး ယူနန်အပျော်တမ်းတပ်တော် ပြောင်းရွှေ့ နေရာချထားရေးအတွက် အသေးစိတ် ဆွေးနွေးပါတယ်။ လာအိုရောက် လျိုယွမ်လင်ရဲ့ တပ်တွေကို ထိုင်းနိုင်ငံက လမ်းကြောင်းကို အသုံးပြုပြီး ကူညီထောက်ပံ့ဖို့ သူက ဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသမှာ ရှိနေတဲ့ တွမ့်ရှီးဝင်ရဲ့ တပ်တော် (၅) ရဲ့ အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ တခြားအချက်တွေ အပြင် ယူနန်အပျော်တမ်းတပ်တော်က လာအိုဘုရင့်တပ်မတော်ရဲ့ လက်တွဲ တိုက်ပွဲဝင်ဖို့ကို ဟွမ်တေမေ နဲ့ ဖူမိ တို့ သဘောတူခဲ့ကြတယ်။ ဝိန်းကျန်မြို့တော် ဝတ်တိုင်း လေဆိပ်မှာ  အသုံးပြုပြီး တရုတ်ဖြူလေတပ် လေယာဉ်တွေအတွက် ထောက်ပံ့ရေးနဲ့ ဆက်သွယ်ရေး ပံ့ပိုးအင်္ဂါရပ်တွေ တည်ဆောက်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဖူမိ နဲ့ တရုတ်ဖြူတွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ အတွက် ဆွေးနွေးကြတာဟာ ကျားမြီးသွားဆွဲတာပဲလို့ ဝါရှင်တန်က မြင်ပါတယ်။ တရုတ်နီတပ်က ကျိုင်းလပ်နဲ့ မိုင်းပါလျိုးကို မသိမ်းပိုက်ခင် တပတ်အလို ဇန်နဝါရီ ၁၈ ရက်မှာ အမေရိကန် သံအမတ်ကြီး ဝင့်ထရော့ ဂျီ ဘရောင်း က ဖူမိ ကို တွေ့ပြီးတော့ တရုတ်သမ္မတနိုင်ငံရဲ့ အမြဲတမ်းတပ်ဖွဲ့ သို့မဟုတ် အမြဲတမ်းမဟုတ်တဲ့တပ်ဖွဲ့တွေ လာအိုနိုင်ငံထဲက “စစ်ရေးအရ ဘယ်လိုပါဝင်မှု” မျိုးကို မဆို “ပြင်းထန်တဲ့ စကားလုံးတွေ” နဲ့ အမေရိကန် အစိုးရက ကန့်ကွက်လိုက်ကြောင်း ပြောပါတယ်။ ဒီလိုလုပ်ရပ်ဟာ ပေကျင်းက ဝင်ရောက်စွက်ဖက်နိုင်အောင် အကြောင်းပြချက်ပေးလိုက်တာပဲ ဖြစ်တယ်လို့ သူက သတိပေးပါတယ်။ ထိုင်ပေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကိစ္စကို ဖူမိ က မဟုတ်ပါဘူးလို့ ငြင်းလိုက်ပြီး လာအိုနိုင်ငံထဲမှာလည်း လက်နက်ကိုင် တရုတ်ဖြူတပ်တွေ မရှိကြောင်း အခိုင်အမာ ပြောပါတယ်။ ဝိန်းကျန်မှာ တွေ့နေရတဲ့ တရုတ်ဖြူ လေယာဉ်အကြောင်းကို မေးတဲ့အခါမှာတော့ အဲဒီလေယာဉ်တွေဟာ လာအိုနိုင်ငံပိုင် ဝေဟာ အားကတ် လေကြောင်းလိုင်းကို ချိုင်းနားအဲယားလိုင်းက ငှားရမ်းပေးထားတဲ့ လေယာဉ်တွေ ဖြစ်ပြီးတော့ ထိုင်ဝမ်းကနေ “လူသားချင်းစာနာတဲ့” အကူအညီတွေ ဖြန့်ဝေပေးဖို့အတွက် အသုံးပြုနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ဖြူလေတပ်က လေယာဉ်ကို ဖုံးကွယ်ထားပေးခဲ့ဖူးတဲ့ ဝေဟာ အားကတ်ရဲ့ လုပ်ရပ်ကြောင့် ဒီပြောဆိုချက်ကို အမေရိကန်တွေက မယုံပါဘူး။

ချိုင်းနားအဲယားလိုင်းရဲ့ ကုန်စည်စလယ်တွေကြောင့် သံအမတ်ကြီး ဘရောင်းက လေယာဉ်အကြောင်းကို စိတ်ပူမိတာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းက ယီးဖူအန်းရဲ့ ထိုင်ဝမ်းအခြေစိုက် အမှတ် (၃၄) အထူးစစ်ဆင်ရေး လေယာဉ်အုပ်က ဆောင်ရွက်နေတာသာ ဖြစ်ပါတယ်။ ၁၉၆၁ ဖေဖော်ဝါရီလ အစောပိုင်းမှာ အဲဒီလေယာဉ်အုပ်က စီ−၄၆ နဲ့ စီ−၄၇ လေယာဉ်တွေကို ဝေဟာအားကတ် လေယာဉ်တွေ အဖြစ် ဆေးပြန်သုတ်ပြီး ဝိန်းကျန်ကနေ ပျံသန်းကြပါတယ်။ အဲဒီလေယာဉ်တွေထဲက နှစ်စီးမှာ ခရီသည်အတွက် ထိုင်ခုံတွေ မပါပဲ ကျန်လေယာဉ်တွေမှာလည်း ထိုင်ခုံတွေကို အလွယ်တကူ ဖြုတ်နိုင်အောင် ပြင်ဆင်ထားပါတယ်။ “အရပ်ဖက်အသွင်ပြောင်း” ထားတဲ့ တရုတ်ဖြူလေတပ်က လေယာဉ် အမှုထမ်းတွေဟာ တရုတ်သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံးမှာ နေထိုင်ကြပြီး ပုံမှန် ခရီးသည်တင် ပို့ဆောင်ရေးအပြင် “အထူးတာဝန်တွေ” အတွက်လည်း ပျံသန်းရပါတယ်။ စီအေတီ လေကြောင်းလိုင်းလိုပါပဲ။ လျိုယွမ်လင်ရဲ့တပ်က အများစုဟာ လာအိုနိုင်ငံအတွင်းမှာ ဝင်ရောက်ခိုလှုံနေရပြီး တချို့ကတော့ ထိုင်း−မြန်မာ နယ်စပ်ဒေသမှာ ပုန်းအောင်းနေရတဲ့အခါ အမျိုးသားလုံခြုံရေးဗျူရို ထောက်လှမ်းရေး အကြီးအကဲ ဟွမ်တေမေ က ဝိန်းကျန်ကို နောက်တခေါက် ထပ်လာပါတယ်။ ဘန်ကောက်မှာ ခရီးတထောက်နားပြီး တရုတ်ဖြူလေတပ်ပိုင် စီ−၅၄ လေယာဉ်ပေါ်မှာ တဦးတည်းသော ခရီးသည်အဖြစ်နဲ့ စီးနင်းကာ ဖေဖော်ဝါရီ ၇ ရက်မှာ ဝတ်တိုင်းလေဆိပ်ကို လျှို့ဝှက် ရောက်သွားပါတယ်။ ဗိုလ်ချုပ်ကြီးအဆင့် ရှိတဲ့ ဟွမ်တေမေ ကို ဖူမိ နဲ့ လျှို့ဝှက်တွေ့နိုင်ဖို့ တရုတ်ဖြူ ကောင်စစ်ဝန်က ချက်ခြင်း ကောင်စစ်ဝန်ရုံးကို ခေါ်သွားပါတယ်။ အဲဒီလေယာဉ် ဟာ ရောက်ပြီး ၄၅ မိနစ် အကြာမှာပဲ ပြန်ထွက်သွားပါတယ်။ ဒါပေမယ့် ဆိုက်ရောက်ချိန်နဲ့ ထွက်ခွာချိန်ကိုပါ လေဆိပ်မျှော်စင်က မှတ်တမ်းတင်ထားခြင်း မရှိပါဘူး။

နောက်တရက်မှာပဲ ဖူမိ က လာအိုနိုင်ငံထဲမှာ ခိုလှုံနေကြတဲ့ တရုတ်ဖြူ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေ စုစုပေါင်း ၆,၀၀၀ လောက်ကို ဆက်လက်နေထိုင်ခွင့်ပေးသွားမယ်လို့ အမေရိကန် သံရုံးယာယီတာဝန်ခံ ဂျေ ဘီ ဟော့ ကို ပြောပါတယ်။ တရုတ်သမ္မတနိုင်ငံက အဲဒီ “ဒုက္ခသည်” တွေ အတွက် အစားအသောက်နဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ကူညီသွားဖို့ ဟွမ်တေမေ က သဘောတူကြောင်း ဖူမိရဲ့ ပြန်ပြောပြချက်အရ သိရပါတယ်။ ချိုင်းနားအဲယားလိုင်းက ဝေဟာအားကတ် လေကြောင်းလိုင်းကို ငှားထားပေးတဲ့ လေယာဉ်တွေကလည်း အဲဒီရည်ရွယ်ချက်အတွက်သာ ဖြစ်တယ်လို့ ဖူမိ က ဟော့ ကို ပြောပါတယ်။ ယူနန်အပျော်တမ်းတပ်တော်က အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့ဝင်တွေကို ပထိတ်လာအိုအဖွဲ့ရဲ့ ဒေသဖြစ်တဲ့ လာအိုနိုင်ငံ အနောက်မြောက်ပိုင်းက ဟိုခေါင်ပြည်နယ်မှာ နေရာချထားပေးဖို့ ရှိတယ်လို့ ဖူမိ က ဆက်ပြောပါတယ်။ ဟိုခေါင်ပြည်နယ်ဟာ မြန်မာနိုင်ငံ အပြင် ယူနန်ပြည်နယ်နဲ့ပါ ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။ သူတို့လုံခြုံရေး သူတို့ဘာသာ တာဝန်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းက တရုတ်ဖြူတွေကိုလည်း ဆရစ် က ဒီလိုပဲ နေရာချထားပေးဖို့ရှိတယ်လို့လည်း ဖူမိ က ဆိုပါတယ်။ တရုတ်ဖြူလေတပ်က လေယာဉ်ဟာ ထိုင်ဝမ်းကနေ ကုန်ပစ္စည်းတွေကို လာအိုနိုင်ငံ တောင်ပိုင်း ပက်ဆေးနဲ့ အလယ်ပိုင်းက ဆဝမ်နခိတ် ဆီ ပို့ပေးတာနဲ့ ပတ်သက်လို့ အမေရိကန်တွေကို လမ်းလွှဲဖို့ ဖူမိ က ကြိုးစားပါတယ်။ အဲဒီမြို့တွေကနေ အမှတ် (၃၄) အထူးစစ်ဆင်ရေး လေယာဉ်အုပ်က အမှုထမ်းတွေက ဝေဟာအားကတ် တံဆိပ်တပ်ထားတဲ့ တရုတ်ဖြူ လေယာဉ်တွေနဲ့ ပစ္စည်းတွေ ဆက်လက်ဖြန့်ဝေပေးပါတယ်။ စီ−၄၆ လေယာဉ် နှစ်စီးက ဟိုခေါင်ပြည်နယ် လုံနမ့်ထားဆီကို နေ့စဉ်ပျံသန်းပြီး တရုတ်ဖြူတပ်တွေဆီ လက်နက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးပါတယ်။ ဝါရှင်တန် အနေနဲ့ အဲဒီတပ်တွေကို အထူးသဖြင့် တရုတ်အမျိုးသား တပ်မတော် အထူးတပ်ဖွဲ့တွေကို လာအို ပြည်တွင်းစစ်မှာ အသုံးမပြုနိုင်အောင်နဲ့ ပေကျင်းက ဝင်ရောက် မစွက်ဖက်နိုင်စေရန် လာအိုနိုင်ငံထဲက ချက်ခြင်း ထွက်သွားစေချင်ကြောင်း ဟော့ က ဖူမိ ကို ပြောပါတယ်။ အဲဒီ “ဒုက္ခသည်” အများစု လာအိုကနေ ထွက်သွားသင့်တာကို ဖူမိ က သဘောတူပေမယ့် သူက ယူနန် အပျော်တမ်းတပ်တော်က တပ်ရင်း လေးငါးရင်းလောက်ကို လာအိုတပ်ဖွဲ့တွေနဲ့အတူ လက်တွဲ တိုက်ခိုက်စေလိုတယ်။ အဲဒီအတောတွင်း ဘန်ကောက်မှာရှိတဲ့ သံအမတ်ကြီး ယူ အဲလက်ဆစ် ဂျွန်ဆင် က ဆရစ် ကို သုံးနိုင်ငံ နယ်စပ်ဒေသက တရုတ်ဖြူတပ်တွေကို ထောက်ပံ့ကူညီရေး လုပ်ငန်းတွေမှာ ဝင်မကူဖို့ တိုက်တွန်းပါတယ်။ ဝါရှင်တန် အတွက်တော့ ဖူမိနဲ့ ဆရစ်တို့က ကျွဲပါးစောင်းတီးတွေပါပဲ။

ချန်ကေရှိတ် လက်လျှော့ကာ တပ်ခေါက်လေပြီ

၁၉၆၁ ခုနှစ် အစောပိုင်းမှာ သုံးနိုင်ငံ နယ်စပ်ဒေသက တရုတ်ဖြူတပ် ပြဿနာနဲ့ ပတ်သက်လို့ ဝါရှင်တန်−ထိုင်ပေ ဆွေးနွေးပွဲတွေလုပ်ပါတယ်။ တကယ်တော့ ဒီအကြောင်းကို ဆွေးနွေးလာတာ သုံးနှစ်လောက် ကြာခဲ့ပါပြီ။ အဲဒီဆွေးနွေးပွဲတွေမှာ မပါဝင်ရပေမယ့် ထိုင်ပေက နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေဟာ တရုတ်ဖြူတပ်တွေ သုံးနိုင်ငံ နယ်စပ်ဒေသမှာရှိနေတာကို အမေရိကန်အစိုးရ ဌာနတွေက သဘောမကျဘူးဆိုတာရယ်၊ တပ်တွေ ပြန်ခုတ်ခွာဖို့ ဒါမှမဟုတ် အဆက်ဖြတ်ဖို့ ချန်ကေရှိတ်က ငြင်းဆန်နေကို စိတ်နှောက်အယှက်ဖြစ်နေတယ် ဆိုတာကို သိကြပါတယ်။ တရုတ်နီတပ်တွေ တရုတ်ဖြူ ယူနန် အပျော်တမ်း တပ်တော်ကို မြန်မာနိုင်ငံက တိုက်မထုတ်ခင် နှစ်ပတ်အလို ၁၉၆၂ ဇန်နဝါရီ ၁၂ ရက်မှာ ဝါရှင်တန်က ဒရမ်ရိုက်ကို ညွှန်ကြားပါတယ်။ ချန်ကေရှိတ်က လာအိုအစိုးရရဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်နေတာကို သိရလို့ အမေရိကန် အစိုးရက “အလွန်အမင်း စိုးရိမ်ပူပန်” နေတဲ့အကြောင်း၊ လာအိုနိုင်ငံကို ကြားနေဝါဒီ အစိုးရတဖွဲ့အောက်မှာ ရှိအောင် အမေရိကန်နဲ့ အရှေ့တောင်အာရှ စာချုပ်အဖွဲ့ (ဆီးတိုး) က ကြိုးစားနေတာကိုလည်း အန္တရာယ်ရှိစေနိုင်ကြောင်း ချန်ကေရှိတ်ကို ပြောပြဖို့ ဖြစ်ပါတယ်။ ထိုင်ပေက စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလာတာကို ငြင်းပယ်ဖို့ ဝါရှင်တန်က လာအိုကို လာအိုမှာရှိတဲ့ သူ့တပ်တွေကို သုံးမှာမဟုတ်ဘူးလို့ ချန်ကေရှိတ်က ပြတ်ပြတ်သားသား အာမခံဘူးဆိုရင် အမေရိကန် အစိုးရက သူ့အစိုးရကို ချက်ခြင်းပဲ ပြင်းထန်တဲ့ ဖိအားတွေ ပေးမှာဖြစ်တယ်လို့ ဒရမ်ရိုက်က ချန်ကေရှိတ်ကို ပွင့်ပွင့်လင်းလင်း ပြောဖို့လိုလာပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာ ဒရမ်ရိုက်က ဝါရှင်တန်ရဲ့ လိုလားချက်ကို အနှစ်ချုပ်ပြီး ချန်ကေရှိတ် ကို ပြောပြပါတယ်။ ဒါပေမယ့် နောက်ဆုံး ခြိမ်းခြောက်မှုကိုတော့ ထည့်မပြောလိုက်ပါဘူး။ သူ့အနေနဲ့ “လာအိုနိုင်ငံမှာ တခုခု မလုပ်ခင်မှာ သူ့မဟာမိတ် အမေရိကန်ကို သေချာပေါက် တိုင်ပင်မှာပါ” လို့ ချန်ကေရှိတ်က ဒရမ်ရိုက်ကို အာမခံချက်ကလွဲလို့ တခြား ဘာကတိမှ မပေးပါဘူး။ တရုတ်ဖြူ ခေါင်းဆောင်ကြီး ချန်ကေရှိတ်က သဘောရိုးနဲ့ လုပ်ဆောင်လိမ့်မယ်လို့ သူယုံကြည်ကြောင်း ဒရမ်ရိုက်က အစီရင်ခံပေမယ့် ဟွမ်တေမေရဲ့ ဝိန်းကျန်နဲ့ ဘန်ကောက် ခရီးစဉ်တွေကို လျှို့ဝှက်ဖုံးကွယ်ထားတာကြောင့် ဝါရှင်တန်ကတော့ သိပ်မယုံပါဘူး။ ချန်ကေရှိတ်က ဝေ့လည်ကြောင်ပတ်လုပ်နေတာရယ်၊ ဒရမ်ရိုက်က ချန်ကေရှိတ်ရဲ့ အာမခံချက်ကို ဇွတ်ယုံနေတာရယ်ကြောင့် နိုင်ငံခြားရေးဝန်ကြီး အာချေဆန်က စိတ်ပျက်လက်ပျက်နဲ့ ညွှန်ကြားချက် အသစ်တွေ ထပ်ပို့ပါတယ်။ သုံးနိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ တပ်တွေကို ထိုင်ပေက ချက်ခြင်း မရုတ်သိမ်းဘူးဆိုရင် အမေရိကန်က ပေးနေတဲ့ စစ်ရေး အကူအညီတွေကို ဆိုင်းငံ့လိုက်တော့မယ်လို့ ခြိမ်းခြောက်ဖို့ ဒရမ်ရိုက်ကို ညွှန်ကြားလိုက်ပါတယ်။ သမ္မတ ချန်ကေရှိတ် အမေရိကန်တွေနဲ့ တွေ့ပြီဆိုရင် နိုင်ငံခြားရေးဝန်ကြီးနဲ့ သူ့စစ်ရေးလက်ထောက်က အမြဲပါလေ့ရှိတော့ သူတို့ရှေ့မှာ ဒရမ်ရိုက်က ချန်ကေရှိတ်ကို ထိတ်တိုက်မတွေ့ချင်ဘူး။ ဒါကြောင့် ဒရမ်ရိုက်နဲ့ ထိုင်ပေက စီအိုင်အေရုံးရဲ့ အကြီးအကဲ ရေးကလိုင်း တို့နှစ်ယောက်သား ပေါင်းပြီး လမ်းကြောင်းရှာပါတယ်။ အမေရိကန်တွေ လိုချင်တဲ့အတိုင်း လာအိုမှာရှိတဲ့ သူတို့တပ်တွေကို ဆုတ်ခွာဖို့ သူ့အဖေနဲ့ နှစ်ယောက်ချင်းတွေ့ပြီး နားချဖို့ ကလိုင်းက ကျန်ကျင်းကော်ကို ပြောပါတယ်။ တပ်တွေ မဆုတ်ခွာဘူးဆိုရင် ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းမှာ ဖြစ်တယ်အကြောင်းကိုပါ ထည့်ပြောလိုက်ပါတယ်။ ဒရမ်ရိုက်ကလည်း အရေးကြီး စကားပြောစရာရှိလို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ချန်ကေရှိတ်နဲ့ တွေ့ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုပါတယ်။ ကလိုင်း လုပ်ခဲ့တဲ့ အတိုင်းပါပဲ။ နိုင်ငံခြားရေးဌာနနဲ့ စီအိုင်အေက ဌာန တခုနဲ့တခု ဆန့်ကျင်ဘက် လုပ်လေ့ မရှိပါဘူး။

အမေရိကန်တွေဆီက လာနိုင်တဲ့ ရာဇသံအကြောင်း ဆွေးနွေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး ရှန်ချန်းဟွမ့် က ဖေဖော်ဝါရီ ၂၄ ရက်မှာ အစည်းအဝေး တခု ဦးဆောင်ကျင်းပတယ်။ တရုတ်သမ္မတနိုင်ငံ စစ်ဘက်နဲ့ အရပ်ဖက် အရာရှိတွေ တက်ကြတယ်။ ကျန်ကျင်းကော်နဲ့ စစ်ဦးစီးချုပ်လည်း တက်တယ်။ ဒရမ်ရိုက် ပေးပို့လာတဲ့− စစ်ရေးအကူအညီတွေ ရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက်လာတဲ့ အမေရိကန်ရဲ့ မှာကြားချက် အကျဉ်းချုပ်ကို ရှန်ချန်းဟွမ့် က ဖတ်ပြပါတယ်။ အစည်းအဝေးတက်ရောက်သူတွေက ဒီမှာကြားချက်ဟာ ပြင်းထန်ကြမ်းတမ်းတဲ့ လေသံတွေပါတယ်လို့ ယူဆကြပါတယ်။ နောက်တနေ့ နံနက် ၂ နာရီထိုးတဲ့အထိ ဒီကိစ္စကို ဆွေးနွေးပြီးကြတဲ့အခါ ထိုင်ပေတပ်တွေ ဆုတ်ခွာရမှ ဖြစ်တော့မယ် ဆိုတဲ့ အကြောင်း ကျန်ကျင်းကော်က သူ့အဖေကို သွားပြောသင့်တယ်လို့ အပြီးအပြတ် ဆုံးဖြတ်ချက်ချလိုက်ကြတော့တယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရတာကြောင့် ချန်ကေရှိတ်က ဒရမ်ရိုက်ကို စနေနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၅ နာရီကြမှ လက်ခံတွေ့ဆုံနိုင်တယ်။ ပြောရိုးပြောစဉ်တွေ ပြောကြဆိုကြပြီးတဲ့နောက် တရုတ်သမ္မတနိုင်ငံရဲ့ ခေါင်းဆောင်ကြီး ချန်ကေရှိတ် ဘက်က စပြီး သုံးနိုင်ငံနယ်စပ်ဒေသက ထိုင်ပေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့တပ်တွေ ဆုတ်ခွာဖို့အတွက် သူဆုံးဖြတ်လိုက်ကြောင်း၊ ဆုတ်ခွာဖို့ ငြင်းဆန်သူတွေကိုလည်း ဆက်လက် ထောက်ပံ့ပေးတော့မှ မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါ့ကြောင်း ဒရမ်ရိုက်ကလည်း အာချေဆန် မှာလိုက်တဲ့ ရာဇသံကို ပြောပြစရာ မလိုတော့ပါဘူး။ တွေ့ဆုံပွဲကလည်း ပျော်စရာလေး ဖြစ်သွားပါတယ်။ တပ်တွေပြောင်းရွှေ့ထွက်ခွာရေးအတွက် လိုအပ်မယ့် ကုန်ကျစရိတ်တွေကို အမေရိကန် အစိုးရက ကျခံပါ့မယ်လို့ ဒရမ်ရိုက်က ချန်ကေရှိတ်ကို အာမခံလိုက်ပါတယ်။ အဖက်ဖက်က ပူးပေါင်းဆောင်ရွက်တဲ့ သံတမန်အရေး ချဉ်းကပ်မှုက အောင်မြင်ခဲ့ပါတယ်။

အရှုပ်ထုပ်တွေကို ရှင်းလင်း

တရုတ်ဖြူတပ်တွေကို ဖယ်ရှားတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်အကြောင်း ထိုင်ပေက ချက်ခြင်းပဲ ဝိန်းကျန် ကို အကြောင်းကြားပါတယ်။ ဖူမိ နိုဆဗန်နဲ့ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဆုတ်စိုင်းဆန1 တို့ကလည်း သူတို့အစိုးရက တရုတ်ဖြူတပ်တွေကို တတ်နိုင်သမျှ အများဆုံး ဖယ်ရှားနိုင်အောင် အားပေးကူညီသွားမှာ ဖြစ်ပြီးတော့ လာအိုဘုရင့်တပ်မတော်ကလည်း တရုတ်ဖြူ အမြဲတမ်းစစ်သားတွေကို တပ်ဖွဲ့ဝင် အဖြစ် လက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန်တွေကို အာမခံကြပါတယ်။ ချန်ကေရှိတ်က သူ့ဆုံးဖြတ်ချက် အကြောင်း ဒရမ်ရိုက်ကို ပြောပြတဲ့နေ့မှာပဲ ထိုင်ပေက သူ့တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ တပ်တွေအားလုံး ဖယ်ရှားပေးဖို့ တောင်းဆိုချက်ကို လာအိုအစိုးရက အတည်ပြုလိုက်ပါတယ်။ လာအိုနိုင်ငံမှာ နေထိုင်ဖို့ ကျင့်သားရနေပြီးသားသူတွေကိုတော့ ခြွင်းချက်အဖြစ် ထားပါတယ်။ ဒေသခံ လူနည်းစု လူမျိုးတွေကို စုဆောင်းဖွဲ့စည်းထားတဲ့ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့ဝင်တွေကို  ဆိုလိုလာ ဖြစ်တယ်။ ဖူမိ က အဲဒီ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတပ်ဖွဲ့ အင်အားကို ဖြည့်တင်းဖို့ ဖြစ်ပါတယ်။ တရုတ်ဖြူစစ်သားတွေကို လာအိုအစိုးရတပ်ဖွဲ့ထဲ ထည့်သွင်းလို့ ကွန်မြူနစ်တွေက သူတို့ကို “လာအိုသစ္စာဖောက်တွေ” လို့ ရှုတ်ချကြတာ ဖြစ်တယ်။

တရုတ်ဖြူတပ်တွေ ရွှေ့ထုတ်ရတာ အင်မတန် ခက်ခဲကြောင်း တွေ့ရပါတယ်။ ဇန်နဝါရီ ၂၆ ရက် တရုတ်နီတပ်က တိုက်လို့ လျိုယွမ်လင် လက်အောက်က တပ်သားနဲ့ မိသားစုဝင် စုစုပေါင်း တစ်သောင်းလောက် ကစဉ့်ကလျား ထွက်ပြေးခဲ့ကြရတယ်။ သူ့ထိန်းချုပ်နယ်မြေ အများစုဟာ ဟိုခေါင်ပြည်နယ်အတွင်း မဲခေါင်မြစ် အရှေ့ဘက်ကမ်း တလျှောက် ဖြစ်ပါတယ်။ တရုတ်အမျိုးသား တပ်မတော် အထူးတပ်ဖွဲ့နဲ့ ယူနန်အပျော်တမ်းတပ်တော် လက်အောက်ခံ တပ်တော် (၁)၊ တပ်တော် (၂) နဲ့ တပ်တော် (၄) က စစ်သားတွေ လျိုယွမ်လင် ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ အထူးတပ်ဖွဲ့ဝင်တွေ ထိုင်ဝမ်းကို ပြန်ဖို့က သိပ်ပြီး အခက်အခဲ မရှိလှပါဘူး။ တပ်တော် (၁)၊ တပ်တော် (၂) နဲ့ တပ်တော် (၄) တို့ အတွက်ကတော့ အတော်လေး ရှုပ်ထွေးပါတယ်။ အမျိုးသားရေးဝါဒီတွေဖြစ်တဲ့ ဟန့်တရုတ် လူမျိုးတွေ ကတော့ ထိုင်ဝမ်းကို သွားဖို့ပဲ ရွေးကြမှာ ဖြစ်ပါတယ်။ အများစုဖြစ်ကြတဲ့ နယ်စပ်ဒေသက တခြား လူနည်းစု လူမျိုးတွေက ထိုင်ဝမ်းအကြောင်းလည်း သိပ်သိကြတာ မဟုတ်တော့ ထိုင်ဝမ်းကို ပြောင်းရွှေ့သွားဖို့ သိပ်စိတ်မဝင်စားကြပါဘူး။

လီဝင်ဟွမ့် နဲ့ တွမ့်ရှီးဝင် တို့တပ်တွေကနေ ထိုင်ဝမ်းကို သွားမယ့်သူ အနည်းငယ်ပဲ ရှိပါတယ်။ တပ်တော် (၃) အင်အားစုရဲ့ တဝက်လောက်ဟာ ထိုင်းနိုင်ငံ ချင်းဟိုင်းပြည်နယ်ထဲက မဲခေါင်မြစ်ရဲ့ ညာဘက်ကမ်း တလျှောက်မှာ ပြန့်ကျဲနေပါတယ်။ ကျန်တဲ့ တပ်တော် (၃) အင်အားစုတွေနဲ့ တပ်တော် (၅) အင်အားစု အားလုံးကတော့ ချင်းမိုင်၊ ချင်းဟိုင်း ပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ ရှိနေကြပါတယ်။ ကျန်ခဲ့တဲ့ တပ်တွေကို ထောက်ပံ့မှု ဖြတ်တောက်မယ်လို့ ထိုင်ပေက ခြိမ်းခြောက်တာကို သိပေမယ့် ဒါဟာ ၁၉၅၄ တုန်းကလိုပဲ ယာယီ ဖြတ်တောက်တာပဲ ဖြစ်မယ်လို့ တပ်တော် (၃) နဲ့ တပ်တော် (၅) က ယူဆထားကြပါတယ်။ တကယ်လို့ ထိုင်ပေက အလျှော့မပေးဘဲ ထားရင်တောင်မှာ မလိုက်ဘဲ ကျန်နေခဲ့မယ့် တပ်တွေဟာ ဘိန်းရောင်းဝယ်ရေးလုပ်ရင်း ဒါမှမဟုတ် လာအိုဘုရင့်တပ်မတော်က ကမ်းလှမ်းထားတဲ့ အတိုင်း အတူစစ်သွားတိုက်ရင်းနဲ့ သူ့တို့ခြေထောက်ပေါ် သူတို့ ရပ်တည် နိုင်ကြပါတယ်။ တချို့က နှစ်မျိုးစလုံး လုပ်ကြပါတယ်။

တရုတ်ဖြူတပ်တွေ ဆုတ်ခွာခြင်း

လျိုယွမ်လင်ရဲတပ်ကို ရွှေ့ထုတ်ဖို့အတွက် လုပ်ငန်းကို ထိုင်ပေ နွေဦးနံနက်ခင်း စစ်ဆင်ရေးလို့ နာမည်ပေးထားတယ်။ အမေရိကန်ကတော့ ငွေကြေးနဲ့ကူညီဖို့ လိုလားပြီး ထိုင်းနဲ့ လာအို အရာရှိတွေက တဆင့် ကန့်လန့်ကာ နောက်ကွယ်ကနေပြီး ကူညီစီစဉ်ပေးလိုပါတယ်။ ဒါပေမယ့် ၁၉၅၃−၅၄ တပ်ပြောင်းရွှေ့ထွက်ခွာရေးတုန်းကလို ပေါ်ပေါ်တင်တင် ဝင်မပါချင်တော့ပါဘူး။ တပ်ပြောင်းရွှေ့ထွက်ခွာရေးကို ကျန်ကျင်းကော် က အကုန်လုံး တာဝန်ယူတယ် ဆိုပေမယ့် နေ့စဉ် စီမံခန့်ခွဲမှုကိုတော့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး လိုင့်မင်ထန် က လုပ်ရပါတယ်။ လျို အရင်တုန်းက ယွမ်လင်ရဲ့တပ် အတွက် ထောက်ပံ့ရေးတွေကိုလည်း သူ့ရုံးကနေ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်ပေရှိ အမေရိကန်တွေရဲ့ ရှေ့ထိုးလူသားကတော့ စီအိုင်အေရုံးခွဲ အကြီးအကဲ ရေးကလိုင်း ပဲ ဖြစ်ပါတယ်။

နွေဦးနံနက်ခင်းစစ်ဆင်ရေး စီမံချက်တွေ အတိုင်း ရှေ့ဆက်လုပ်ဆောင်နေတဲ့ အတောတွင်းမှာ သုံးနိုင်ငံ နယ်စပ်ဒေသက သူ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ တပ်တွေအားလုံး ဆုတ်ခွာတော့မယ်လို့ ထိုင်ပေက လူသိရှင်ကြား ကြေညာပေးပို့ ဝါရှင်တန်က တောင်းဆိုပါတယ်။ မလုပ်ဘူးဆိုရင် ထိုင်ပေရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မြန်မာတွေ တဖက်သတ်ကြေညာဖို့ တိုက်တွန်းရလိမ့်မယ်လို့ အမေရိကန်က ထပ်ခြိမ်းခြောက်ပါတယ်။ ထိုင်ပေက အရှက်တကွဲဖြစ်မှာစိုးလို့ သုံးနိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ တရုတ်သမ္မတနိုင်ငံရဲ့တပ်တွေကို ၁၉၅၄ ခုနှစ်တုန်းကလို တပ်တွေရဲ့ ဆန္ဒအလျောက် ခုတ်ခွာပေးတော့မယ်လို့ မတ် ၅ ရက်နေ့ ချိုင်းနားနယူးစ် က သတင်းတပုဒ်မှာ “အဆင်မြင့် သတင်းရင်းမြစ်” ကို ကိုးကားပြီး ဖော်ပြပါတယ်။ နောက်တရက်ကြမှ “တရုတ်နိုင်ငံက ကွန်မြူနစ်ကိုဆန့်ကျင်ပြီး လွတ်မြောက်လာသူတွေ” ကို ထိုင်ဝမ်းအရောက် ကယ်ထုတ်ဖို့ ကူညီမယ်လို့ အစိုးရကနေ တရားဝင် ကြေညာပါတယ်။

တပ်ဆုတ်ခွာဖို့ ထိုင်ပေက ကြေညာလိုက်တဲ့ မတ် ၆ ရက်မှာ လိုင့်မင်ထန်နဲ့ အဖွဲ့ဟာ ဘန်ကောက်ကို ရောက်ပါတယ်။ တပ်ပြောင်းရွှေ့ထွက်ခွာရေးအတွက် ဝန်ကြီးချုပ် ဆရစ်နဲ့ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် ထနွမ် ကစ်တီကချွန် တို့နဲ့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ထိုင်းဘုရင့်လေတပ်ရဲ့ ဦးစီးချုပ် မာရှယ် ထဝီ ချူလာဆပ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမယ့် တပ်ပြောင်းရွှေ့ထွက်ခွာရေး တရုတ်သမ္မတနိုင်ငံ − ထိုင်းဘုရင့်အစိုးရ ပူးတွဲကော်မတီကို မတ် ၇ ရက်မှာ ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့က အတည်ပြုလိုက်တယ်။ ထဝီ ချူလာဆပ် က လိုင့်မင်ထန်ရဲ့ မိတ်ဆွေဟောင်း ဖြစ်ပါတယ်။ ပြောင်းရွှေ့ထွက်ခွာလာသူတွေကို လာအိုလေယာဉ်ကွင်းတွေ ကနေ ချင်းမိုင် ဒါမှမဟုတ် အူတွမ်း ရောက်အောင် ခေါက်တုံ့ခေါက်ပြန်ပို့ပြီး၊ အဲဒီက တဆင့် ထိုင်ဝမ်းကို ဆက်ပို့ဖို့ ကော်မတီက စဉ်းစားထားတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်မှာ ရှိတဲ့ အူတွမ်း လေဆိပ်က ထိုင်ဝမ်းနဲ့ ခရီးပိုနီးတာကြောင့် လိုင့်မင်ထန် က ပိုကြိုက်တယ်။ ဒါပေမယ့် ဝါရှင်တန် လာအိုနိုင်ငံတွင်းက အထိမခံနိုင်တဲ့ အမေရိကန် စစ်ဆင်ရေးတွေနဲ့ ရှုပ်ကုန်မှာစိုးရိမ်လို့ အူတွမ်းကတဆင့် ပို့ဖို့ကို ငြင်းလိုက်တယ်။ ဒါကြောင့် တပ်ပြောင်းရွှေ့ ထွက်ခွာရေးကို ချင်းမိုင်က တဆင့် ထိုင်ဝမ်းဆီ ဆက်ပို့ရပါတယ်။

လိုင့်မင်ထန်နဲ့ အဖွဲ့ဟာ ဘန်ကောက်ကနေ ချင်းဟိုင်းကို လေယာဉ်နဲ့ သွားကြတယ်။ ချင်းဆဲန်မှာ ရှိတဲ့ တရုတ်ဖြူ ထောက်ပံ့ရေးအခြေစိုက်စခန်းကို ခဏ ဝင်ကြည့်ကြတယ်။ ပြီးမှ မြစ်ကို ဖြတ်ပြီး ဘန်ကွမ်မှာရှိတဲ့ ယူနန် အပျော်တမ်းတပ်တော် ဌာနချုပ်ကို သွားတယ်။ မတ် ၉ ရက်မှာ တပ်ဆုတ်ခွာရေးအမိန့်နဲ့ ပတ်သက်လို့ လိုင့်မင်ထန်က လျိုယွမ်လင်နဲ့ သီးသန့် ဆွေးနွေးခဲ့တယ်။ သူ့လက်ထောက်တွေက ယူနန်အပျော်တမ်းတပ်တော်က အကြီးတန်း ဦးစီးအရာရှိတွေကို အသေးစိတ် ရှင်းပြတယ်။ လျိုယွမ်လင် က ယူနန် အပျော်တမ်း တပ်တော်ရဲ့ ယာယီ ဦးစီးအရာရှိချုပ် လော်ဟန့်ချင်းနဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေး စီမံချက် အသေးစိတ်ကို ရေးဆွဲကြတယ်။ လိုင့်မင်ထန်က ယူနန် အပျော်တမ်း တပ်တော်က အဓိက တပ်မှူးကြီးတွေကို အသေးစိတ် ရှင်းလင်းပြတယ်။ တပ်တော် (၃) တပ်တော်မှူး လီဝင်ဟွမ့် ကတော့ ဘန်ကွမ်ကို လာဖို့ လမ်းမကောင်းလို့ဆိုပြီး ရောက်မလာပါဘူး။

တပ်ထွက်ခွာရေးမှာ မိမိသဘောနဲ့ မိမိ ထွက်ခွာချင်စိတ် ရှိသူသာ ထွက်ခွာကြဖို့ဖြစ်ကြောင်း၊ ဒီမှာ ဆက်နေပြီး လာအိုဘုရင့်တပ်မတော်နဲ့အတူ လက်တွဲဖို့ ဆုံးဖြတ်ထားသူတွေကို နိုင်ငံတကာက ဖိအားပေးတာကြောင့် အစိုးရက အကူအညီတွေ ဖြတ်တောက်မှာ ဖြစ်ကြောင်း လိုင့်မင်ထန်နဲ့ သူ့ရဲ့ စစ်ထောက်လှမ်းရေးဗျူရိုက အရာရှိအဖွဲ့တွေက ရှင်းပြတယ်။ ချင်းဆဲန်ကနေ လိုင့်မင်ထန် က ချင်းဟိုင်းကို ပြန်လာပြီး လီဝင်ဟွမ့်ကိုလည်း အလားတူ ပြောပြခဲ့တယ်။ လီဝင်ဟွမ့်ကတော့ မယုတ်မလွန်ပဲ ဖြစ်ပါတယ်။ လိုင့်မင်ထန် က ချင်းဟိုင်းကနေ ထိုင်းဘုရင့်လေတပ် လေယာဉ်နဲ့ ဘန်ကောက်ပြန်လာပြီး ထဝီ ချူလာဆပ် အပါအဝင် တခြား ထိုင်းအရာရှိတွေနဲ့ တွေ့ပါတယ်။ အဲဒီနောက် လိုင့်မင်ထန် က ဘန်ကောက်ကနေ ဝိန်ကျန်ကို သွားပြီး ဘန်ကွမ်နဲ့ ဘန်ကောက်က တွေ့ဆုံမှုတွေ အကြောင်း ဖူမိ နိုဆဗန် ကို ပြန်ရှင်းပြပါတယ်။ တတ်နိုင်သလောက် တရုတ်ဖြူတပ်တွေ အများစုကို “ဒုက္ခသည်တွေ” အဖြစ် လာအိုနိုင်ငံမှာ ချန်ထားခဲ့ဖို့နဲ့ ထွက်သွားမယ့်တပ်တွေက လက်နက်တွေကို လာအိုဘုရင့်တပ်မတော် အတွက် ထားခဲ့ပေးဖို့ ဖူမိ က တောင်းဆိုပါတယ်။ ဒီတပ်တွေနဲ့ ပတ်သက်လို့ ထိုင်ပေက ရုန်းထွက်ဖို့လုပ်နေတာမို့လို့ ဘယ်တပ်မှ ချန်ထားခဲ့မှာ မဟုတ်ဘူးလို့ လိုင့်မင်ထန်က ပြန်ပြောပါတယ်။ ဒါပေမယ့် ဒီတပ်တွေကို ဘယ်လို စည်းရုံးခေါ်ထားရမလဲ ဆိုတဲ့နည်းလမ်း အရိပ်အမြွက်ကိုတော့ ပြခဲ့ပါတယ်။ ပြန်ထွက်ခွာကြတော့မယ့် စစ်သားတွေဟာ သူတို့လက်နက်တွေကို ထိုင်းနိုင်ငံအထိ သယ်လာကြရမှာ ဖြစ်မှာတယ်။ လက်နက်တွေကို အဲဒီကတဆင့် ထိုင်ဝမ်းကို ဆက်ပို့မှာ ဖြစ်ပါတယ်။ တပ်တချို့ထားရစ်ခဲ့ဖို့ သူတောင်းဆိုတာကို ထိုင်ပေက ငြင်းခဲ့တယ်လို့ နောက်ပိုင်းမှာ ဖူမိ က အမေရိကန်တွေကို လိမ်ပြောပါတယ်။

မြေပုံ (၁၀) ၁၉၆၁ မတ်−ဧပရယ်လများ အတွင်းက နွေဦးနံနက်ခင်း စစ်ဆင်ရေးနဲ့ နိုင်ငံ့မိုးကြိုး စစ်ဆင်ရေးမြေပုံ (၁၀) ၁၉၆၁ မတ်−ဧပရယ်လများ အတွင်းက နွေဦးနံနက်ခင်း စစ်ဆင်ရေးနဲ့ နိုင်ငံ့မိုးကြိုး စစ်ဆင်ရေး

လိုင့်မင်ထန် လာအိုင်က ပြန်မလာခင်မှာ နွေဦးနံနက်ခင်း စစ်ဆင်ရေးအရ ထွက်ခွာမယ့်သူတွေဟာ ခြေကျင်ခရီးကြမ်းအတိုင်း ကုန်းကြောင်းလျှောက်လာကြပြီး မဲခေါင်မြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံကို ဝင်ပါတယ်။ မြစ်ကူးပြီးမှ ထရပ်ကားစီးပြီး ချင်းဟိုင်းကို ပို့ပေးပါတယ်။ (မြေပုံ−၁၀ ကို ကြည့်ပါ။) အဲဒီကနေ တရုတ်ဖြူ လေတပ်က လေယာဉ်နဲ့ ချင်းမိုင်ကို ပို့ပေးပါတယ်။ ဒီလိုခရီးရှည်ကြီးအတွက် လေယာဉ်ဆီတွေကို ဘန်ကောက်မှာ ရှိတဲ့ အမေရိကန် စစ်ရေးအကူအညီ အကြံပေးအဖွဲ့ (အမ်အေအေဂျီ) က ထုတ်ပေးပါတယ်။ ထိုင်းဘုရင့်အစိုးရက စိုက်ထားတဲ့ ကုန်ကျစရိတ်တွေကို တရုတ်ဖြူအစိုးရကတဆင့် ဝါရှင်တန်က ပြန်ထုတ်ပေးခဲ့ပါတယ်။ အမေရိကန် ပါဝင်ပတ်သက်မှု သိသာမြင်သာတဲ့ အလုပ်ကို အတတ်နိုင်ဆုံး လျှော့ချတာ ဖြစ်ပါတယ်။

နွေဦးနံနက်ခင်း စစ်ဆင်ရေးအတွင်းက ထွက်လာတဲ့လူတွေကို လေယာဉ်နဲ့ ထိုင်ဝမ်းကိုပို့ပေးတဲ့ လုပ်ငန်းတွေကို နိုင်ငံ့မိုးကြိုး စစ်ဆင်ရေး2 လို့ နာမည်ပေးထားပါတယ်။ ဒီစစ်ဆင်ရေးကို တရုတ်ဖြူလေတပ်က စီ−၁၁၉ က ထိုင်ပေကနေ ဘန်ကောက်ကို ထွက်ခွာလာတဲ့ မတ် ၁၄ ရက်မှာ စတင်တယ်။ အဲဒီလေယာဉ်နဲ့ ယီးဖူအန်းနဲ့ လူ ၃၈ ယောက်ပါတဲ့ ကြီးကြပ်ရေးအဖွဲ့ လိုက်လာပါတယ်။ နောက်တရက်မှာ အဲဒီကြီးကြပ်ရေးအဖွဲ့ဟာ ချင်းမိုင် လေယာဉ်ကွင်းမှာ ဖွင့်ထားတဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေးစင်တာမှာရှိတဲ့ လိုင့်မင်ထန်နဲ့ သွားပေါင်းပါတယ်။ နောက်သုံးရက်အကြာမှာ တိုက်ခိုက်ရေး စစ်သည်တွေ တင်လာတဲ့ တရုတ်ဖြူလေတပ် စီ−၄၆ လေယာဉ် နှစ်စင်း ထိုင်ပေက ထွက်လာကြပါတယ်။ နောက်ပိုင်းတော့ ဒီလေယာဉ်တွေက ယူနန် အပျော်တမ်းတပ်တော်က မှီခိုသူ မိသားစုဝင်တွေနဲ့ လက်နက်တွေကို သယ်သွားပါတယ်။ ထိုင်ပေမှာတော့ အစိုးရက မတ် ၁၇ ရက်မှာ “ထိုင်ဝမ်းကို လာလို့ကြသည့် မြန်မာ−ထိုင်း−လာအို နယ်စပ်ဒေသက ကွန်မြူနစ် မလိုလားတဲ့ လွတ်မြောက်လာသူတွေ” ကို ကယ်ထုတ်တဲ့လုပ်ငန်းစဉ် စတင်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။

ပြောင်းရွှေ့ထွက်ခွာသူတွေ နေရာတကျရောက်လာအောင်နဲ့ လောင်စာဆီ လုံလောက်အောင် စောင့်ရတာတွေကြောင့် စစ်ဆင်ရေးက အထနှေးပါတယ်။ တရက်ကို လူလေးငါးရာလောက် ရွှေ့ထုတ်နိုင်ဖို့ စီမံထားပေမယ့် မတ် ၂၉ ရက်မှာ လူ ၂၉၀ ပဲ ထွက်ခွာနိုင်ခဲ့ပါတယ်။ လူ ၇၀၀ လောက်ဟာ ချင်းမိုင် လေဆိပ်က ယာယီစခန်းမှာ စောင့်နေရပါတယ်။ လိုင့်မင်ထန် ထိုင်ပေကို ပြန်သွားတဲ့ မတ် ၂၀ ရက်မှာတော့ လေယာဉ်ဆီတင်လာတဲ့ ရထားတွဲတွေ ချင်းမိုင်ကို ရောက်လာလို့ ထွက်ခွာရေးလုပ်ငန်းတွေ ပိုပြန်ဆန်လာပါတယ်။ မတ် ၂၁ ရက်မှာတော့ တရုတ်ဖြူတပ်ဖွဲ့ဝင်ပေါင်း နှစ်ထောင်နီးနီး ချင်းမိုင်က ထွက်သွားနိုင်ပြီ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာတော့ လုံနမ့်ထား လေယာဉ်ကွင်းဟာ ပြောင်းရွှေ့ထွက်ခွာသူတွေ အတွက် စုရပ်နှစ်ခုထဲက တခုဖြစ်ပါတယ်။ အဲဒီကနေ ချင်းမိုင်ကို လေယာဉ်နဲ့ တိုက်ရိုက်ပို့ပေးပါတယ်။ ဒုတိယစုရပ်ကတော့ လုံနမ့်ထား တောင်ဘက်မှာရှိတဲ့ ဘန်ဟွေဆိုင်း ဖြစ်ပါတယ်။ တရုတ်ဖြူ တပ်ဖွဲ့ဝင်တွေဟာ အဲဒီကနေ မဲခေါင်မြစ်ကို ဖြတ်ပြီး ချင်းဟိုင်းပြည်နယ်မှာ စိစစ်မှု လုပ်ပါတယ်။ အဲဒီနောက် ထရပ်ကားနဲ့ ချင်းဟိုင်းမြို့ လေဆိပ်ကိုပို့ပေးပါတယ်။ အဲဒီကနေ လေယာဉ်နဲ့ ချင်းမိုင်ကို ထပ်ပို့ပေးပါတယ်။3

မြန်မာနိုင်ငံအတွင်း တရုတ်ဖြူတပ်တွေ အတွက် အဓိက စုရပ်နှစ်ခုကတော့− တပ်တော် (၃) အတွက် ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် ဖန်ခရိုင်ထဲက ဘန်ထာတွမ်းနဲ့ တပ်တော် (၅) အတွက် ချင်းဟိုင်းပြည်နယ် မယ်ချမ်ခရိုင်ထဲက ဘန်ထမ်မှာ အသီးသီး ဖွင့်ထားပေးပါတယ်။ အဲဒီတပ်တော်နှစ်ခုက ထွက်ခွာလာသူတွေကတော့ အတော်လေး နည်းပါးပါတယ်။ လာအိုနိုင်ငံမှာလည်း လုံနမ့်ထားကနေ ပြောင်းရွှေ့ထွက်ခွာမယ့်သူတွေ အတော်များများကလည်း သိပ်စိတ်မပါကြပါဘူး။ အတော်များများက ယာယီစခန်းတွေကနေ ထွက်ပြေးသွားကြတာလည်း ရှိသလို မဲခေါင်မြစ်ကမ်း နှစ်ဖက်စလုံးမှာ လှုပ်ရှားနေတဲ့ လာအိုဘုရင့်တပ်မတော်က ကိုယ်စားလှယ်တွေက လာရောက် စည်းရုံးစုဆောင်း ခေါ်ဆောင်သွားတာလည်း ဖြစ်ပါတယ်။

မတ် ၂၇ ရက်မှာ တရုတ်အမျိုးသားတပ်မတော် အထူးတပ်ဖွဲ့ဝင် တထောင်လောက်ကို ထိုင်ဝမ်း ထောင်ယွမ်ခရိုင်က လုံထန် အထူးတပ်ဖွဲ့စခန်းဆီ ရွှေ့ထုတ်သွားပါတယ်။ တခြားလူတွေကိုတော့ ထိုင်ကျုံးနားက ဝူကျီစစ်စခန်းမှာ ထားပါတယ်။ ဒီနေရာဟာ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက အထူးတပ်ဖွဲ့အတွက် စစ်သားတွေကို သင့်လျော်တဲ့ အတွေ့အကြုံ၊ ဘာသာစကားနဲ့ လူမျိုးတွေကို စိစစ်တဲ့နေရာ ဖြစ်ပါတယ်။ ယူနီဖောင်းနဲ့ မဟုတ်တဲ့သူတွေကို အရပ်သား အဖြစ်နဲ့ နေရာချထားပေးပါတယ်။ စစ်တပ်က ထွက်မယ့်လူတွေအတွက် ဝူကျိစစ်စခန်းမှာ နေထိုင်ဖို့ လေးလစာ ထောက်ပံ့ပေးတဲ့အပြင် ဘဝသစ်ထူထောင်ရေးအတွက် အိမ်ဆောက်ပစ္စည်းတွေ၊ စိုက်ပျိုးရေး တန်ဆာပလာတွေ၊ မျိုးစေ့တွေနဲ့ နည်းပညာ အကြံဉာဏ်တွေကို အမေရိကန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စီမံခန့်ခွဲရေးအဖွဲ့က ထောက်ပံ့ပေးပါတယ်။

မတ် ၃၀ ရက်မှာတော့ တရုတ်ဖြူ စစ်သားနဲ့ သူတို့ မိသားစုဝင်တွေ စုစုပေါင်း လေးထောင်နီးပါး ချင်းမိုင် ကနေ ထိုင်ဝမ်းကို ထွက်ခွာသွားပါတယ်။ ကျန်နေတဲ့သူ အများစုကတော့ ထိုင်းနိုင်ငံနယ်စပ် တလျှောက်မှာ ပြန့်ကျဲနေတဲ့ တပ်တော် (၃) နဲ့ တပ်တော် (၅) က လူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံနဲ့ မျက်နှာချင်းဆိုင်က ဘန်ဖန်နဲ့ ဘန်ထာတွမ်း အနီးတဝိုက်မှာရှိတဲ့ အဲဒီတပ်တော်က စစ်သား နှစ်ထောင်ကျော်လောက်က ထွက်ခွာဖို့ ငြင်းဆန်ကြပါတယ်။ အငယ်ဆုံး အသက် ကိုးနှစ်အရွယ်ရှိကြတဲ့ ကလေးစစ်သားတွေလည်း အတော်များများ ပါတယ်။ (ရွှေတြိဂံဒေသက သူပုန်အဖွဲ့တွေ အတော်များများဟာ အသက်ဆယ်နှစ်အောက်နဲ့ ဆယ်နှစ်ကျော်ခါစ ကလေးတွေကို စစ်သားအဖြစ် ပုံမှန် စုဆောင်းလေ့ရှိကြတယ်။)

လာအိုနိုင်ငံမှာတော့ တရုတ်ဖြူ ရာပေါင်းများစွာဟာ လာအိုဘုရင့်တပ်မတော်မှာ ကြေးစားစစ်သား ဝင်လုပ်ကြတယ်။ ဧပရယ် ၁၂ မှာ တပ်ပြောင်းရွှေ့ထွက်ခွာရေး လုပ်ငန်းစဉ် တရားဝင် ပြီးဆုံးတော့မယ်လို့ တရုတ်သမ္မတနိုင်ငံ အရာရှိတွေက ဧပရယ် ၄ ရက်မှာ ကြေညာပါတယ်။ ဧပရယ် ၆ ရက်မှာ ထိုင်ပေက အစိုးရ ပြန်ကြားရေးရုံးက သူတို့ဆန္ဒသူတို့ ထိုင်ပေကို မတ် ၁၇ ရက်ကစပြီး ပြောင်းရွှေ့ထွက်ခွာလာတဲ့ “ကွန်မြူနစ်ကို ဆန့်ကျင်တဲ့ လွတ်မြောက်လာသူတွေ” စုစုပေါင်း ၄,၂၁၁ ယောက်ရှိပြီလို့ ကြေညာပါတယ်။ အဲဒီထဲမှာ အရပ်သား ၈၂၁ ယောက် ပါဝင်တယ်။ မြန်မာတွေ စိတ်ကျေနပ်အောင် တပ်ပြောင်းရွှေ့ထွက်ခွာရေးကို ဆက်လက်လုပ်ဆောင်ဖို့ ဝါရှင်တန်နဲ့ ဘန်ကောက်က ထိုင်ပေကို တိုက်တွန်းပါတယ်။ ဒါပေမယ့် လူစာရင်းက ၄,၂၁၁ ကနေ အပြောင်းအလဲ ရှိမလာပါဘူး။

လျိုယွမ်လင် က ယူနန်ပြည်နယ် ကွန်မြူနစ် ဆန့်ကျင်ရေး တပ်တော်ရဲ့  ဦးစီးချုပ် အဖြစ်က ဧပရယ် ၁၂ ရက်မှာ နုတ်ထွက်ပြီး သုံးရက်အကြာမှာ ဘန်ကောက် ကနေ ထိုင်ပေကို ခရီးသည်တင် လေယာဉ်နဲ့ ပြန်သွားပါတယ်။ အဲဒီအချိန်မှာ တန်ခိုးထွားလာတဲ့ ကျန်ကျင်းကော် က သူ့အဖေ စိတ်ကြိုက်လူတွေကို ဘေးချိတ်ထားလိုက်ပြီး သူ့လူတွေကို အရေးပါတဲ့ နေရာတွေမှာ ခန့်အပ်ဖို့ အမည်စာရင်း တင်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ ကျန်ကျင်းကော် စိတ်ကြိုက်လူစာရင်းထဲမှာ လျိုယွမ်လင် မပါပါဘူး။ တပ်ထဲမှာနေတာ တိုးတက်စရာ လမ်းမမြင်တော့တာကြောင့် လျိုယွမ်လင်က အငြိမ်းစားယူလိုက်ပြီး မြန်မာနိုင်ငံမှာ ရှာဖွေလာတဲ့ ငွေကြေးတွေနဲ့ ချမ်းချမ်းသာသာ နေပါတော့တယ်။ လိုင့်မင်ထန်ရဲ့ တပ်ပြောင်းရွှေ့ထွက်ခွာရေးအဖွဲ့က ဧပရယ် ၁၅ ရက်မှာ ထိုင်ဝမ်းကို ထွက်သွားတယ်။ ဧပရယ်လကုန်တဲ့အထိ နောက်ကျကျန်နေသူတွေ အရေး တရုတ်ဖြူ စစ်သံမှူးကို ကူညီပေးဖို့ အဖွဲ့ငယ်လေး တဖွဲ့တော့ ချန်ထားခဲ့တယ်။ နောက်ဆုံး အနေနဲ့ ဧပရယ် ၂၇ ရက်မှာသာ ထွက်ခွာလာသူရှိပြီးတော့ ချင်းမိုင်မှာရှိတဲ့ တခြား ၈၄ ယောက်နဲ့ သွားပေါင်းလိုက်ကြတယ်။ တရုတ်ဖြူလေတပ်က ရေတွက် မှတ်သားထားချက်အရ ဆိုရင် နိုင်ငံ့မိုးကြိုးစစ်ဆင်ရေးနဲ့ ပြောင်းရွှေ့ထွက်ခွာလာသူ စစ်သားနဲ့ အရပ်သား စုစုပေါင်း ၄,၃၈၈ ယောက်ရှိလို့ လျိုယွမ်လင်ရဲ့တပ်အင်အားရဲ့ တဝက်တောင် မရှိပါဘူး။

အောက်ခြေမှတ်စုများ

  1. ၁၉၇၁ တုန်းက မင်းသား ဆုတ်ဆိုင်းဆန ကို ပြင်သစ်နိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီးအဖြစ် ခန့်ပြီးလွှတ်လိုက်ပြီး အသွားမှာ သူ့သေတ္တာထဲမှာ ဝှက်လာတဲ့ ဘိန်းဖြူ ၆၀ ကီလိုဂရမ်နဲ့ ပတ်သက်ပြီး မှောင်ခိုတင်သွင်းရန် ကြိုစားမှုနဲ့ အစွပ်စွဲခံရပြီး သံအမတ်ကြီးရာထူးကို စွန့်လွှတ်လိုက်ရတယ်။
  2. အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန တရားဝင် စာရွက်စာတမ်းထဲမှာ ဒီစစ်ဆင်ရေးကို ကော်လေ စစ်ဆင်ရေးလို့ မှတ်တမ်းတင်ထားပါတယ်။ “ကော်” ဆိုတာက ကျန်ကျင်းကော်ရဲ့ နာမည် နောက်ဆုံးအလုံးဖြစ်ပြီး “နိုင်ငံ” လို့ အဓိပ္ပာယ် ရပါတယ်။ “လေ” ဆိုတာကတော့ ရေး (ကလိုင်း) နာမည်ရဲ့ တရုတ်အသံထွက်ကို ယူထားတာဖြစ်ပြီး “မိုးကြိုး” လို့ အဓိပ္ပာယ် ရပါသတဲ့။
  3. ချင်းခေါင်၊ ချင်းဆဲန် နဲ့ ချင်းခမ်း တွေမှာ လက်ခံစိစစ်တာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar