Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၂ 


ဧပြီလ ၂၀ ရက် - စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ဆက်လက်မြင့်တက်နေဆဲ၊ ရာဇဝတ်မှုဒဏ်၊ ရာသီဥတုဒဏ်၊ ငွေကြေးဖောင်းပွမှုဒဏ်ခံကြရတဲ့ ပြည်သူတွေဘဝ

စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ၁၉၄၉-၅၀ ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပြီးနောက် အမြင့်ဆုံးအနေအထားကို ရောက်ရှိလာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

လွတ်လပ်ရေးရပြီးနောက်မှာပဲ နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ခဲ့တဲ့ ၁၉၄၉-၅၀ ခုနှစ်တွေနဲ့ နှိုင်းယှဥ်စရာ အခြေအနေမျိုးဟာ နှစ်ပေါင်း ၇၀ ကျော်ကြာလာပြီးနောက် အခုလို ၂၀၂၁ နောက်ပိုင်းမှာ ဖြစ်ပွားလာတယ်လို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။ 

လွတ်လပ်ရေးရပြီးကတည်းက လက်ဝဲအင်အားစု၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ခိုက်ကြတဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေနဲ့ ထိုအချိန်က ဖဆပလ အစိုးရနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုအတွင်း ပေါ်ပေါက်လာတဲ့ ဗမာ့တပ်မတော်တို့ရဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေက ၁၉၄၉-၅၀ ခုနှစ်တွေမှာ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပြီး မြို့ကြီးအချို့ကို ယာယီအားဖြင့် ထိန်းချုပ်နိုင်တဲ့ အနေအထား ရန်ကုန် မန္တလေးလမ်းကိုတစိတ်တပိုင်း ထိန်းချုပ်နိုင်ခဲ့တဲ့ အနေအထားတွေ အထိ ဖြစ်ပေါ်ခဲ့ပြီး နှစ်အနည်းငယ် အကြာမှာ ဖဆပလအစိုးရက အသာစီးပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်ပိုင်း ဗမာပြည် ကွန်မျူနစ်ပါတီ (ဗကပ) နဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌါန်းမှုအတွက် လက်နက်ကိုင် တိုက်ပွဲတွေက ဆက်လက်ရှိနေခဲ့ပြီး ဆယ်စုနှစ်နဲ့ချီကာ နယ်မြေစိုးမိုးနိုင်မှု လူအင်အား လက်နက်အင်အားတို့မှာ  တက်လိုက်ကျလိုက် ရှိနေခဲ့တာဖြစ်ပါတယ်။ 

ခုနှစ် ၇၀ ကျော်အကြာ စစ်အာဏာသိမ်းအပြီးမှာတော့ နကိုရှိပြီးဖြစ်တဲ့ တိုင်းရင်းသား လူမျိုးစုအရေး လက်နက်ကိုင် လှုပ်ရှားမှုနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အင်အားစု နှစ်ခုပေါင်းစုပြီး လက်နက်ကိုင်တိုက်ခိုက်ရေး လမ်းကြောင်းက ပိုအားကောင်းလာခဲ့တာ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေက အခုလို စစ်ဘေးရှောင် ဒုက္ခသည် ၉ သိန်းကျော်အထိမြင့်တက်လာစေတာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ မပါသေးပါဘူး။ ပြည်တွင်းမှာတင် တိမ်းရှောင်နေရသူတွေရဲ့ ကိန်းဂဏန်းပဲ ဖြစ်ပါတယ်။ 

ခုကိန်းဂဏန်းတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းက ဘယ်လောက်ကြီးမားတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေး၊ နေပြည်တော် နဲ့ ပျဥ်းမနား၊ ပုသိမ်၊ မော်လမြိုင်၊ တောင်ကြီး ၊ မကွေး၊ ထားဝယ်၊ မြစ်ကြီးနား၊ ပဲခူးလိုမြို့တွေမှာသာ မြို့နေလူထုက ညကောင်းစွာ အိပ်နေနိုင်ကြပေမယ့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်၊ ကယား၊ ကရင်၊ ချင်း၊ ကချင် ၊ မကွေး၊ ပဲခူးတို့မှာ ရှိတဲ့ မြို့ငယ်တွေ ကျေးရွာတွေမှာတော့ လုံခြုံရေးအခြေအနေက အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့အနေအထားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။ 

စစ်ဘေးရှောင် ကိန်းဂဏန်းတွေ မြင့်တက်လာတာဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲကို နိုင်အောင်တိုက်ခိုက်မယ်လို့ ပိုင်းဖြတ်ထားကြတဲ့ အဖွဲ့တွေ အနေနဲ့ ဒီအကျိုးဆက်က ရှောင်လွှဲမရဘူးလို့ ခံယူထားကြတာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

တဖက်မှာလည်း လူထုရဲ့ ထောက်ခံမှုရရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လူထုထိခိုက်မှုနည်းအောင် လူထုထွက်ပြေးတိမ်းရှောင်ရတာမျိုး တတ်နိုင်သမျှ လျော့နည်းအောင် လုပ်ဆောင်ကြပေမယ့် လူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက် အနိုင်ကျင့်တဲ့ လက်နက်ကိုင် အဖွဲ့လိုမျိုးကတော့ အဲဒီလို အကျိုးဆက်တွေ ပေါ်ထွက်လာမှာကို အရေးမထားကြဘဲ လက်နက်ကိုင် တိုက်ပွဲမှာအနိုင်ရဖို့သာ အလေးထားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

တဖက်မှာ စစ်ရေးရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်ဆောင်နေတာနဲ့ တပြိုင်နက်တည်းမှာပဲ အရပ်သားတွေ၊ ဒေသခံ ကျေးရွာသူ ကျေးရွာသားတွေ ထိခိုက်မှုမရှိအောင် နည်းနိုင်သမျှနည်းအောင် ဆေးဝါး၊ ရိက္ခာအကူအညီ ရအောင် လမ်းဖွင့်ထားပေးတာ၊ တိမ်းရှောင်နိုင်အောင် လမ်းတွေ ဖွင့်ထားပေးတာ အကူအညီပေးတာ တွေလုပ်ဆောင်ကြရမှာ လုပ်ဆောင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

နောက်အကြောင်းအရာတခုကတော့ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းက လက်နက်ကိုင် ပဋိပက္ခတခုတည်း မဟုတ်ပါဘူး။ နိုင်ငံရေး အကျပ်အတည်းက စီးပွားရေး၊ လူမှုရေး၊ ဥပဒေစိုးမိုးရေးတွေကိုပါ ဆက်စပ်ပြီး ထိခိုက်လာတာ ဖြစ်ပါတယ်။ 

အခုရက်ပိုင်း ဖြစ်ပျက်နေတဲ့ လောင်စာဆီဆိုင်တွေမှာ ကားတွေ တန်းစီနေရတဲ့ အဖြစ်အပျက်က လက်ရှိအနီးဆုံး ဖြစ်အပျက်ဖြစ်ပါတယ်။ ကျပ်ငွေတန်ဖိုးကျလာနေပြီး လောင်စာဆီစျေးက အရင်ထက် အဆနဲ့ချီမြင့်တက်လာနေတာ ကမ္ဘာမှာ လည်း ယူကရိန်းစစ်ပွဲကြောင့် ရေနံစျေးတက်ချိန် မြန်မာငွေတန်ဖိုးကျလာချိန် နဲ့ ၂ ဆအကျိုးဆက်ခံရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

လောင်စာဆီက သူ့ပစ္စည်းတခုထဲ စျေးနှုန်းတက်စေတာ မဟုတ်ဘဲ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတွေအထိ စျေးနှုန်းလိုက်မြင့်စေတာ ဖြစ်လို့ ခု လောင်စာဆီ စျေးတွေအမြင့်ဆုံးမရောက်ခင်ကတည်းက မြင့်တက်နေပြီးဖြစ်တဲ့ ကုန်ပစ္စည်းတွေပါ အခု တဖန် ထပ်မံမြင့်တက်လာမယ့် အလားအလာ ရှိနေတာလည်း ဖြစ်ပါတယ်။ 

ကိုဗစ်ကူးစက်မှုနဲ့ စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင် ရှားပါးချိန်၊ ဝင်ငွေလျော့ကျချိန် မှာ ကုန်စျေးနှုန်း ကြီးမြင့်တာက အသွားနှစ်ဖက်ရှိတဲ့ လွှနဲ့ ဖြတ်ခံရတဲ့သဖွယ် လူထုအဖို့ အကျပ်အတည်းထဲ နစ်မြုပ်စေတာ ဖြစ်ပါတယ်။ ကျပ်တည်းလာတာနဲ့အမျှ လုယက်မှု၊ ဓားပြတိုက်တာ၊ ခိုးယူတာတွေ ပိုများပြားလာတဲ့ အနေအထားလည်း အကျိုးဆက်အနေနဲ့ တွေ့လာရပါတယ်။ 

ရန်ကုန်၊ မန္တလေးမြို့တွေရဲ့ ရပ်ကွက်တွေထဲမှာ နေ့လယ်နေ့ခင်းတောင်မှ လုယက်မှု အနုကြမ်းစီးတာ၊ လူသတ်ပစ္စည်းယူတာတွေ ဖြစ်ပွားလာနေတာ တွေ့လာရပါတယ်။ 

လူထုက အခုလို ရာဇဝတ်မှုတွေ ဖြစ်ပွားတဲ့အခါမှာ ရဲစခန်းကို မတိုင်ကြားလိုတာ မသွားရောက်လိုတာကြောင့်လည်း ကျူးလွန်သူတွေအတွက် အခွင့်သာစေတာ ဖြစ်ပါတယ်။ 

ဒီလို ရာဇဝတ်မှုတွေ မြင့်တက်လာတာ၊ စီးပွားရေး ကျပ်တည်းမှု၊ ကုန်စျေးနှုန်းမြင့်တက်မှု၊ ငွေဖောင်းပွမှု ဝင်ငွေကျဆင်းမှုတွေရဲ့ လက်သည်တရားခံက နိုင်ငံရေးပြဿနာ အကျပ်အတည်းထဲ ကျရောက်စေတဲ့ စစ်အာဏာသိမ်းမှုသာ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar