Breaking News

ကိုကျော် (မြစ်ကြီးနား) - ရွှေတြိဂံမှာ စိတ်ကြွဆေးများ စံချိန်တင်ဖမ်းမိ

ကိုကျော် (မြစ်ကြီးနား) - ရွှေတြိဂံမှာ စိတ်ကြွဆေးများ စံချိန်တင်ဖမ်းမိ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၁

လာအိုရဲများက ရွှေတြိဂံနယ်မြေမှာ စံချိန်တင် စိတ်ကြွဆေးများ သိမ်းဆည်းမိခဲ့ကြောင်း ထိုင်းနိုင်ငံလုံခြုံရေးဌာန ရင်းမြစ်နှစ်ခုမှ ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။ အာရှမှာ အကြီးမားဆုံးသော မှုးယစ်ဆေးဝါး ဖမ်းဆီးရမိမှုလို့လည်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြောခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က မြန်မာနဲ့ထိုင်းထိစပ်နေတဲ့ လာအို Bokeo ပြည်နယ်မြောက်ပိုင်းမှာ ဘီယာဖာများ သယ်ဆောင်ထားတဲ့ ကုန်တင်ကားတစ်စီးအား လာအိုရဲများက တားဆီးစစ်ဆေးခဲ့ရာမှ မက်သာအမ်ဖီသမင်း (methamphetamine) စိတ်ကြွဆေးပြား (speed ဟုလည်းခေါ်) အလုံးရေ ၅၅ သန်း နဲ့ ခရစ်စတယ်မက် (ice-အချိုမှုန့်အကြမ်းခဲပုံစံ ပုံဆောင်ခဲ) ၁ တန်ခွဲ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ (အမှန်တော့ ၂ မျိုးစလုံး မက်သာအမ်ဖီသမင်း စိတ်ကြွဆေးဖြစ်ပြီး ပုံစံကွဲသွားတာ ဖြစ်ပါတယ်။ ရေခဲ (ခ) ice က ၈၀% သန့်စင်မှုရှိပြီး၊ speed ဆေးပြားကတော့ ၁၀-၂၀ % သန့်စင်မှု ရှိပါတယ်။)
အရှေ့အာရှနဲ့ အရှေ့တောင်အာရှသမိုင်းမှာ အကြီးမားဆုံးသော ဖမ်းဆီးရမှုဖြစ်တယ်လို့ United Nations Office on Drugs and Crime (UNODC) အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောခဲ့ပါတယ်။ လာအိုအာဏာပိုင်များက ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားခြင်း မရှိသေးပါဘူး။

ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေတဝိုက်ဟာ အာရှရာဇဝတ်ဂိုဏ်းများရဲ့ မက်သာအမ်ဖီသမင်း အကြီးအကျယ်ထုတ်လုပ်တဲ့နေရာဖြစ်ပြီး သူတို့ရဲ့ဖြန့်ဖြူးရေးကွန်ယက်က ဂျပန်နဲ့ နယူးဇီလန်အထိ ရောက်ကြပါတယ်။

အခုနောက်ပိုင်း ပမာဏကြီးမားတဲ့ မှုးယစ်ဆေးဝါးများ ရွှေတြိဂံနယ်မြေမှာ မကြာခဏ ဖမ်းဆီးရမိတာက မြန်မာပြည်အတွင်းက မှုးယစ်ဆေးဝါး ခိုးထုတ်သယ်ယူတဲ့လမ်းကြောင်း အခြေအနေပြောင်းလဲသွားမှုကြောင့်ဖြစ်ပြီး၊ မြန်မာပြည်မှာ ဖေဖေါ်ဝါရီလကစပြီး စစ်တပ်မှအာဏာသိမ်းခဲ့လို့ နယ်စပ်ဒေသ (ရှမ်းပြည်နယ်) မှာ ဆန္ဒပြမငြိမ်မသက်ဖြစ်နေတဲ့ အကျိုးဆက်ကြောင့်ဖြစ်တယ်လို့  Jeremy Douglas က ပြောခဲ့ပါတယ်။

"မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ပျက်စီးယိုယွင်းနေတာနဲ့ ဆက်စပ်မှုရှိပြီး နယ်စပ်ဒေသတွေ နဲ့ ပိုပြီးကျယ်ပြန့်တဲ့ နယ်ပယ်များအထိ စိတ်ကြွဆေးတွေ အလျှံအပယ်ရောက်လာကြတယ်။ တရုတ်ပြည် ယူနန်နယ်စပ်မှာ ကိုဗစ်နဲ့ လုံခြုံရေးတင်းကြပ်မှုတို့ကလည်း အကြောင်းရင်း တစိတ်တပိုင်းပါဝင်တယ်လို့ယူဆရပြီး အဲဒါကြောင့်လည်း အရှေ့ဘက် လာအိုနဲ့ တောင်ဘက်က ထိုင်းနိုင်ငံထဲအထိ မှုးယစ်ဆေးဝါးဖြန့်ဖြူးမှု မြင့်မားလာတာ ဖြစ်ပါတယ်" လို့ Jeremy Douglas က ပြောသွားကြောင်း။ 

ကိုးကား 
Reuters - Oct 28, 2021 - Laos police seize record drugs haul in Golden Triangle. 
BBC News - Laos makes Southeast Asia's largest ever drug bust.

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar