Breaking News

မောင်သာမည - သောကခေတ်တွင် ရှင်သန်ခြင်း၊ အပိုင်း ( ၂ )

သောကခေတ်တွင် ရှင်သန်ခြင်း၊ အပိုင်း ( ၂ ) 
မူရင်း - စဗက်လာနာ 
မြန်မာပြန် - မောင်သာမည
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၁

" ဗက်စယာ ၊ ကျွန်မ ဘာလုပ်ပေးရမလဲ ဟင်" လို့ ကျွန်မက သူ့ကိုမေးလိုက်တော့ သူက ပြန်ပြောတယ်။ 
“ ဒီနေရာက ချက်ချင်းထွက်သွားပါ - မင်း ထွက်သွားလိုက်ပါ - မင်းက ကလေးမွေးရတော့မှာကွ ” တဲ့။ 
ဟုတ်တယ်။ ကျွန်မမှာ ကိုယ်ဝန်ရှိနေပါတယ်။ ရေဒီယိုဓာတ်အဆိပ်သင့်နေတဲ့ သူ့အနားမှာကြာကြာနေရင် ကျွန်မဗိုက်ထဲက ကလေးတခုခုဖြစ်သွားမှာ သူစိုးရိမ်နေတယ်။
ဒါပေမဲ့ သူ့ကို ဒီအတိုင်းကြီးထားခဲ့ပြီး ကျွန်မဘယ်လိုထွက်သွားနိုင်မှာလဲရှင်။
သူက ကျွန်မကိုချော့ပါတယ်။ 

“ ထွက်သွားပါကွယ် - ကလေးအသက်ကို ကယ်ပါ "တဲ့။
“ အရင်ဆုံး ရှင့်အတွက် နွားနို့သွားယူလိုက်ဦးမယ် - ပြီးမှတွေ့မယ်"

ကျွန်မသူငယ်ချင်း တန်ညာကီဘန်နော့ (Tanya Kibenok) လည်း အမောတကော ရောက်လာပါတယ်။ သူ့ယောက်ျားလည်း ကျွန်မယောက်ျားနဲ့တဆောင်တည်းမှာ ရှိနေတယ်။ သူနဲ့အတူ သူ့အဖေလည်း ပါလာပါတယ်။ သူ့အဖေက ကားနဲ့လိုက်ပို့တာ။ သူ့အဖေရဲ့ကားနဲ့ပဲ အနီးဆုံးရွာကိုကျွန်မတို့သွားကြတယ်။ နွားနို့တ်လတ်ဆတ်ဆတ်သွားဝယ်တာပါ။ အဲဒီရွာက သုံးကီလိုမီတာဝေးတယ်။ နွားနို့ဗူးတွေ အများကြီးဝယ်လိုက်တယ်။ ခြောက်ဗူးရတာဆိုတော့ အား လုံးအတွက် လောက်ပါတယ်။ 

ဒါပေမဲ့ နွားနို့သောက်လိုက်မှပဲ အကြီးအကျယ်ပိုဆိုးသွားတယ်။ သတိလစ်ပြီး မေ့မျောသွားကြတယ်။ အကြောဆေးတွေသွင်းပေးရတယ်။
အကြောင်းတခုခုကြောင့် ထင်ပါတယ်။ ဆရာဝန်တွေက ဓာတ်ငွေ့အဆိပ်သင့်တာလို့ချည်းပဲ အတင်းပြောနေကြတယ်။ ရေဒီယိုဓာတ်ရောင်ခြည်သင့်တဲ့အကြောင်းကို ဘယ်သူကမှမပြောဘူး။ 
တမြို့လုံးကတော့ စစ်ကားတွေနဲ့ပြည့်နေတာပဲ။ လမ်းမကြီးတွေအားလုံးကို စစ်ကားတွေနဲ့ပိတ်ဆို့ထားတယ်။ နေရာတိုင်းမှာစစ်သားတွေချည်းပဲ။ လိုကယ်ရထားတွေရော အဝေးပြေးရထားတွေရောမဆွဲတော့ဘူး။ အားလုံးရပ်ထားလိုက်ပြီ။ 
စစ်သားတွေက မြို့ထဲကလမ်းတွေကို အဖြူရောင်အမှုန့်တမျိုးနဲ့ ဆေးကြောနေကြတယ်။ နောက်ရက်မှာ နွားနို့လတ်လတ်ဆတ်ဆတ်သွားဝယ်လို့ရပါတော့မလား။ ကျွန်မစိတ်ပူနေမိတယ်။ ရေဒီယိုဓာတ်ရောင်ခြည်သင့်တဲ့အကြောင်းကို ဘယ်သူမှမပြောဘူး။ အသက်ရှူကရိယာမျက်နှာဖုံးတွေကို ခေါင်းမှာစွပ်ထားတဲ့ စစ်သားတွေကိုတော့ မြင်နေရတယ်။ 

မြို့ထဲကလူတွေက မုန့်ဆိုင်တွေမှာ ပေါင်မုန့်ဝယ်နေကြတယ်။ သူတို့လက်ထဲက လင်ပန်းတွေပေါ်မှာမုန့်တွေ။ အားလုံးက ပုံမှန်အနေအထားပါ။ စစ်သားတွေကပဲ လမ်းတွေကိုအမှုန့်ဖြူဖြူတွေနဲ့ဆေးကြောနေကြတာ။
ညဦးပိုင်းကျတော့ ကျွန်မတို့ကို ဆေးရုံထဲဝင်ခွင့်မပေးတော့ဘူး။ ဆေးရုံရှေ့မှာ လူပင်လယ်ကြီးဖြစ်နေပြီ။ ပြည့်ကျပ်လို့ပဲ။ 
ကျွန်မတော့ သူရှိတဲ့နေရာကပြတင်းပေါက်အောက်မှာ ရပ်နေခဲ့တယ်။ 
ပြတင်းပေါက်ကို သူထွက်လာပြီး ကျွန်မကိုလှမ်းအော်ပြောတယ်။ အသံကုန်ဟစ်ပြီး အော်ပြောနေတယ်။ လူအုပ်ထဲကတယောက်က သူ အော်ပြောတဲ့စကားကို ကြားလိုက်တယ်။ ဒီနေ့ညပဲ သူတို့ကို မော်စကိုကိုရွှေ့တော့မှာတဲ့။ 
ကျွန်မတို့မိန်းမတွေအားလုံး စုဝေးလိုက်ကြတယ်။ ကျွန်မတို့ယောက်ျားတွေနဲ့အတူမော်စကိုကိုလိုက်ကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့ မိန်းမတွေ တိုက်ပွဲဝင်ပါတယ်။ 

“ ကျွန်မတို့ ယောက်ျားတွေကို တွေ့ခွင့်ပေးပါ” 
"ကျွန်မတို့ကိုအပြင်မှာထားလို့မရဘူး” 

ကျွန်မတို့ဟာ အော်ဟစ်ပြီးရန်တွေ့ကြတယ်။ လုံခြုံရေးစစ်သားတွေကို လက်တွေနဲ့ကုတ်ခြစ် ကြတယ်။ စစ်သားတွေကလည်း ကျွန်မတို့ကို အတင်းပြန်တွန်းထုတ်ကြတယ်။ စစ်သားတွေက နှစ်ထပ်တောင် စီတန်းထားကြတာ။
နောက်တော့ ဆရာဝန်တစ်ယောက်ထွက်လာပြီး မော်စကိုကိုလေယာဉ်နဲ့ခေါ်သွားမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ သူတို့အတွက် အဝတ်အစားတွေပြန် ယူဖို့ ပြောတယ်။ သူတို့ဝတ်ထားတဲ့အဝတ်အစားတွေက ဓာတ်အားပေးစက်ရုံမှာပဲ မီးလောင်သွားတယ်တဲ့။ ကျွန်မတို့ကိုပြောပါတယ်။ 
အဲဒီအချိန်မှာ ဘတ်စ်ကားတွေလည်း မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်အိမ်ရှိရာကိုအတင်းပြေးကြရပါတယ်။ အဝတ်အစားထည့်ထားတဲ့ အိတ်တွေယူပြီး ဆေးရုံကိုချက်ချင်း ပြန်ပြေးလာကြတယ်။ ဒါပေမဲ့ လေယာဉ်ကထွက်သွားပါပြီ။ ကျွန်မတို့ကို လှည့်စားလိုက်တာပါ။ အော်ဟစ်လို့မရအောင်လှည့်စားလိုက်တာပါ။ ငိုကြွေးလို့မရအောင် လှည့်စားလိုက်တာ။ 

အချိန်က ညရောက်နေပြီ။ လမ်းတဖက်မှာ ဘတ်စ်ကားတွေရပ်ထားတယ်။ အများကြီးပဲ။ ရာနဲ့ချီတယ်။ (မြို့သူ မြို့သားတွေကို တခြားတနေရာဆီရွှေ့ ပြောင်းဖို့ အသင့်ပြင်ထားတာပါ) ။ 
လမ်းရဲ့နောက်တဖက်မှာတော့ ရာနဲ့ချီတဲ့ မီးသတ်ကားတွေ။ နေရာအနှံ့က ခေါ်ယူထားတာပါ။ တလမ်းလုံးကတော့ အဖြူရောင်အမြှုပ်တွေနဲ့ ဖွေးလို့။ ကျွန်မတို့ဟာ ဆဲလိုက်ငိုလိုက်နဲ့ အဲဒီအမြှုပ်တွေပေါ်ကနင်းပြီး လျှောက်သွားကြတယ်။
ရေဒီယိုကတော့ ကြေညာနေပြီ။

“ မြို့ထဲကလူတွေကို တခြားနေရာကိုရွှေ့ပြောင်းပေးပါမယ်။ အဲဒီနေရာမှာ သုံးရက်ကနေ ငါးရက်အထိကြာအောင်နေရပါမယ်။ အနွေးထည်တွေနဲ့ အား ကစားဝတ်စုံတွေကို ယူလာခဲ့ ကြပါ။ တောထဲမှာ ယာယီတဲတွေနဲ့နေကြရပါမယ်" တဲ့။ 
လူတွေက စိတ်လှုပ်ရှားသွားကြတယ်။ တောစခန်းထွက်ကြရမယ်ပေါ့။ ဒါဆိုရင် တောစခန်းမှာ အလုပ်သမားနေ့ပွဲကိုဆင်နွှဲကြတာပေါ့။ ဒါက အသစ် အဆန်းတခု ဖြစ်မှာပဲပေါ့။ 
ဒီခရီးစဉ်မှာ စားဖို့သောက်ဖို့ အသားကင်တွေနဲ့ဝိုင်တွေတောင်ဝယ်ထားပြီးကြပြီ။ ဂီတာတွေ၊ စတီရီယိုဆောင်းဘောက်စ်(Stereo )တွေလည်း ယူလာကြတယ်။ လူတိုင်းက အလုပ်သမားနေ့ပွဲကိုသဘောကျတယ်။ ငိုနေတဲ့သူတွေဆိုလို့ ဆေးရုံရောက်သွားတဲ့ယောက်ျားတွေရဲ့မိန်းမတွေပဲရှိတယ်။
အဲဒီနေရာကို ဘယ်လိုရောက်သွားမှန်းတောင် ကျွန်မမမှတ်မိတော့ဘူး။ ကျွန်မယောက်ျားရဲ့ အမေကိုတွေ့တော့မှ အိပ်ရာကနိုးလာသလိုမျိုး အသိပြန်ဝင်လာတယ်။ 

“ ဗက်စယာတော့ မော်စကိုကို ရောက်သွားပြီမေမေ၊ သူတို့ကို အထူးလေယာဉ်နဲ့ ခေါ်သွားပြီ" 
သူ့မိဖပိုင်တဲ့စိုက်ခင်းထဲမှာ အာလူးနဲ့ဂေါ်ဖီတွေကို ကျွန်မတို့အပြီးစိုက်ခဲ့တယ်။ 
နောက်တပတ်ကြာတော့ သူ့မိဖရဲ့ရွာကိုလည်း ရွှေ့ပြောင်းပစ်လိုက်တယ်။ ဒီလို ဖြစ်လာလိမ့်လို့ဘယ်သူမှန်းဆနိုင်ခဲ့မလဲ။ အဲဒီတုန်းကတော့ ဘယ်သူသိနိုင်ခဲ့ပါ့မလဲ။ 
အဲဒီညမှာပဲ ကျွန်မအန်ပါတယ်။ ကိုယ်ဝန်က ခြောက်လရှိနေပြီလေ။ အနေရဆိုးလိုက်တာ လွန်ပါရော။ အဲဒီညက သူ့ကိုအိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ကျွန်မနာမည်ကိုသူခေါ်နေတယ်။ 
"လူစီယာ ရေ - မောင့်လူစီယာရေ"  တဲ့။ 
သူအသက်ရှင်နေတဲ့အချိန်၊ မသေဆုံးခင်အထိ ကျွန်မရဲ့အိပ်မက်တွေထဲမှာ သူခေါ်နေတဲ့အသံကိုကြားနေခဲ့ရတယ်။ သူဆုံးသွားပြီးတဲ့ နောက်တော့ သူ့ခေါ်သံကိုမကြားရတော့ဘူး။ တခါလေးတောင် ထပ်မကြားရတော့ဘူး။ (သူ ငိုပါသည်)။

နောက်နေ့မနက်အိပ်ရာကနိုးလာတော့ ကျွန်မဘာသာ မော်စကိုကို သွားမယ်ဆိုတဲ့စိတ်ကူးနဲ့ နိုးလာတယ်။ သူ့အမေကတော့ တော်တော်စိုးရိမ်နေတာပေါ့။ 
“ နင့်အခြေအနေနဲ့ဘယ်ကိုသွားဦးမှာလဲကွယ်" လို့ မေးတယ်။ 
နောက်တော့ ကျွန်မလိုပဲသူ့အဖေကလည်း အထုပ်အပိုးပြင်တယ်။ ကျွန်မနဲ့အတူ သူ့အဖေက အဖော်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်လေ။ ဘဏ်မှာစုဆောင်းထားတဲ့ငွေလေးတွေကို အကုန်သွားထုတ်လိုက်တယ်။ ရှိသမျှငွေအကုန်ပဲ။
မော်စကိုခရီးစဉ်ကို ကျွန်မမမှတ်မိတော့ဘူး။ ကျွန်မမှတ်ဉာဏ်ထဲကပျောက်သွားပြီ။ မော်စကိုရောက်တော့ ပထမဆုံးတွေ့တဲ့ ရဲကိုမေးလိုက်တယ်။ ချာနိုဗီးက မီးသတ်သမားတွေရှိတဲ့ဆေးရုံက ဘယ်မှာလဲရှင်။ အဲဒီရဲကလည်း နေရာကိုပြောပြပါတယ်။ 
ကျွန်မတော်တော်အံ့သြသွားတယ်။ “ သူတို့ရှိတဲ့နေရာက နိုင်ငံတော်လျှို့ဝှက်ချက်၊ ထိပ်တန်းလျှို့ဝှက်ချက်" လို့ပြောပြီး ကျွန်မတို့ကိုမစုံစမ်းရဲအောင် ချောက်လှန့်ထားခဲ့တယ်လေ။

သူတို့ရှိတဲ့ဆေးရုံက ရှူကင်စကာယာဘူတာရုံနားမှာရှိတဲ့ အမှတ်(၆)ဆေးရုံ။ ဓာတ်ရောင်ခြည် အထူးဆေးရုံဖြစ်တဲ့အတွက် ခွင့်ပြုချက်မပါဘဲ ဝင်လို့မရဘူး။ အဝင်ပေါက်က လူဝင်လူထွက်စစ်တဲ့အမျိုးသမီးကို အသာလေးပိုက်ဆံပေးလိုက်တယ်။ သူက ဝင်သွားပါလို့ပြောတယ်။ ဘယ်အထပ်မှာရှိတယ်ဆိုတာကိုလည်း ပြောပြတယ်။ 
ကျွန်မကတော့ တွေ့တဲ့သူမှန်သမျှကိုမေးတယ်။ တောင်းပန်တိုးလျှိုးတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဒေါက်တာဂူစကိုးဗား(Dr Guskova)ရဲ့ ရုံးခန်းကိုရောက်သွားတယ်။ ဒေါက်တာဂူစကိုးဗားက ဓာတ်ရောင်ခြည်ဌာနမှူး။ အဲဒီတုန်းကတော့ သူ့နာမည်ကိုမသိပါဘူး။ ခေါင်းထဲမှာဘာကိုမှမမှတ်ထားနိုင်ခဲ့ဘူး။ ကျွန်မခေါင်းထဲမှာက “သူနဲ့တွေ့ရမယ် “ ဆိုတဲ့အချက်တခုပဲရှိတယ်။ သူ့ကို ရှာရမယ်။ မတွေ့ တွေ့အောင်ရှာရမယ်။ ဒါပဲ။ 

( ဆက်ရန် )

{၂၀၁၅ ခုနှစ်၏စာပေဆိုင်ရာနိုဘယ်ဆုရ ဘဲလာရုစ်လူမျိုးစာရေးဆရာမကြီး စဗက်လာနာ( Svetlana Alexandrovna Alexievich)ရေးသားသည့် " Chenobyl Prayer " စာအုပ်၏ အခန်းတစ်ခန်း “ A Lone Human Voice" ကို ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
ရုရှားဘာသာဖြင့်ရေးထားသောမူရင်းစာအုပ်ကို ၁၉၉၇ ခုနှစ်တွင်ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန်ပထမမူ(Voices from Chernobyl )ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ဒုတိယမူ (Chernobyl Prayer) ကို ၂၀၁၇ တွင်ထုတ်ဝေသည် }
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar