မောင်လွမ်းဏီ - အတူရွတ်ဆိုတဲ့ကဗျာ
မောင်လွမ်းဏီ
(မိုးမခ) နို၀င်ဘာ ၁၀၊ ၂၀၂၁
နွေဦးမျှော်စင်ထက်ကနေ
လက်ပြမိခဲ့လေသလား
ပြန်စဉ်းစားလို့ မပေါ်
မျှော်ရီတိုင်း ပါးလျှနွမ်းရိတဲ့
ဦးထုပ်နောက်ပြန်လေး၊ ကျောင်းကျောပိုးအိပ်လေး
လက်ကိုင်ဖုန်းမည်းမည်းလေး
အဝေးဆုံးဆီ တရွေ့ရွေ့ ပျံသန်းသွားတယ်လေ
နွေဦးကြိုးကြာလေးတွေရဲ့ ကြူးရင့်သံ
ခံစားဖမ်းဆုပ်မိပြန်တယ်
လူငယ်တွေလား လူမမယ်တွေလား
သေချာတာကတော့
ကျားရဲ့နဲ့ ကြယ်စင်တွေပေါ့။
တောရိပ်တောင်ရိပ်မှာ ဖူးကြတယ်၊
ခေတ်သစ်ကို တူးဆွကြတယ်
သမိုင်းခေတ်ဦးကို မက်တဲ့အိပ်မက်
ညဉ့်မှောင်နက်လေတိုင်း လင်းလက်တောက်ပ
အနာဂတ်ကို ဆေးခြယ်သမှာပါ။
ဧရာဝတီလှိုင်းကြက်ခွပ်သံတွေ
ရိုးရာ ကောက်သစ်စား ပွဲတော်သီချင်းတွေ
တောလျှိုမြောင်ထဲက သားချော့တေးတွေ
ဗုံးခိုကျင်းထဲက တိုးညင်းဖွဖွ
ဓမ္မဆုတောင်း ပင့်သက်ရှိုက်သံတွေ
အလျှံတငြီးငြီး ဘုရားကျောင်းကမီးလျှံတွေ
တော်လှန်စစ်မြင်းရထား ခွာပြင်းပြင်းစိုင်းသံတွေ
ဘဝဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ တောရိုင်းမြေ။
အရေးတော်ပုံခေါ်သံ
နှင်းဆီပန်သူ ကြားပါစ
ဝီရနှလုံးသွေးနဲ့ သွန်းလောင်း
ပန်းပေါင်းရာထောင် ပွင့်နေပြီ။
၉ နိုဝင်ဘာ ၂၀၂၁
မူရင်းဓာတ်ပုံဆရာလေးကိုလည်း တလေးတစား ဂါရဝဖြင့် ...
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar