သီအိုဇော် - စစ်မဟာမိတ်အုပ်စုများ၏ အင်ဒို-ပစိဖိတ်ဒေသတွင်း အခင်းအကျင်းများ (၁)
(မိုးမခ) နို၀င်ဘာ ၉၊ ၂၀၂၁
ကမ္ဘာကြီးကို ပထဝီဝင်အနေအထားပေါ်မူတည်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်ရေး စစ်ဒေသ (၆) ခု ခွဲခြားသတ်မှတ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်ရှိတဲ့ မည်သည့်နေရာဒေသမှာမဆို စစ်ဆင်ရေးပြုလုပ်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော စစ်အင်အားကြီးနိုင်ငံလည်း ဖြစ်ပါတယ်။ United States Indo-Pacific Command (USINDOPACOM) ရဲ့စောင့်ကြပ်မှုအောက်မှာ အင်ဒို-ပစိဖိတ်ဒေသ တည်ရှိပြီး ကမ္ဘာ့လူဦးရေထက်ဝက်ကျော်နေထိုင်ကြကာ နိုင်ငံပေါင်း (၃၆) နိုင်ငံ ပါရှိပါတယ်။ ဒီဒေသမှာ စစ်အင်အားကြီးနိုင်ငံများတည်ရှိပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ (၅) နိုင်ငံပါဝင်သလို ကမ္ဘာ့အင်အားအကြီးဆုံး အမြဲတမ်းစစ်တပ်ပိုင်ဆိုင်တဲ့ ထိပ်တန်း (၁၀) နိုင်ငံအနက် (၇) နိုင်ငံလည်း ရှိပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ တိုင်ဝမ်တည်ရှိနေမှုကလည်း ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများအကြား အကဲစမ်းမှု၊ ပွတ်တိုက်မှုများ ဖြစ်ပေါ်နေစေခဲ့တဲ့ အကြောင်းတစ်ရပ်လည်းဖြစ်ပါတယ်။
ဒီလိုအချက်အချာကျတဲ့ ဒေသဖြစ်တဲ့အတွက် စစ်မဟာမိတ်အဖွဲ့များရဲ့ စစ်ရေးလေ့ကျင့်လှုပ်ရှားမှုများ မ ကြာခဏဆိုသလို တွေ့မြင်ကြရပါတယ်။ မြန်မာနိုင်ငံကလည်း ဒီဒေသမှာပါဝင်ပြီး လတ်တလောပြည်တွင်း အခြေအနေများကြောင့် ဒီပူးတွဲစစ်ရေး လေ့ကျင့်မှုများအပေါ် အာရုံစူးစိုက်မှုယခင်ထက် ပိုမိုများပြားလာတာ ကိုတွေ့ရပါတယ်။ဒီအဖွဲ့များ ဖြစ်ပေါ်တည်ရှိလာပုံနဲ့ ဦးတည်ရာလမ်းကြောင်းကို စူးစမ်းလေ့လာကြည့်ခြင်း အားဖြင့် ဒေသတွင်း နိုင်ငံရေး၊စစ်ရေး အခင်းအကျင်းများကို ပိုပြီးမှန်းဆတွက်ချက် ကြည့်နိုင်ကြပါလိမ့်မယ်။
• ဒေသတွင်းမဟာမိတ်စစ်အုပ်စုများ
အခုကာလအတောအတွင်း QUAD (ကွာ့ဒ်), AUKUS (ဩကပ်စ်) ဆိုတဲ့အမည်နာမများဟာ မြန်မာပြည်သူများ နဲ့ အတော်လေးရင်းနှီး ကျွမ်းဝင်လာခဲ့ပါပြီ။ ဒီအုပ်စုတွေမပေါ်ပေါက်ခင်က အမေရိကန်၊ ယူကေ၊ ဩစတြေးလျနိုင်ငံတို့ပါဝင်ဖွဲ့စည်းထားခဲ့တဲ့ စစ်ရေးမဟာမိတ်အုပ်စုတစ်ခု ဒေသတွင်းမှာရှိခဲ့ဖူးပါတယ်။ South East Asia Treaty Organization (SEATO-ဆီးတိုး) လို့ခေါ်တဲ့ (၈) နိုင်ငံမဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ အထက်က (၃) နိုင်ငံ အပြင် ပြင်သစ်၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ပါကစ္စတန်နိုင်ငံတို့ပါဝင်ပါတယ်။ နေတိုးအဖွဲ့ စတင်တည်ထောင်စဥ်က အနောက်အုပ်စု ဗီတိုပါဝါရှင် (၃) နိုင်ငံပါဝင်ခဲ့သလို အာရှတိုက်ဗဟိုပြု စစ်မဟာမိတ်အုပ်စု ဆီးတိုးကိုလည်း ထို (၃) နိုင်ငံက ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်တည်ထောင်သူတစ်ဦးဖြစ်ပေမယ့် ပြင်သစ်ရဲ့ပါဝင်လှုပ်ရှားမှုကတော့ ဆီးတိုးသမိုင်းမှာ မည်ကာမတ္တလို့တောင် ပြောလို့ရပါတယ်။ ၁၉၅၉ ခုနှစ် စက်တင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဆီးတိုးအဖွဲ့ဟာ ဒေသတွင်းကွန်မြူနစ်ဝါဒ ပျံ့နှံ့လွှမ်းမိုးလာမှုကို တားဆီးနိုင်ဖို့ အဓိကရည်ရွယ်ခဲ့ပါတယ်။
ဘန်ကောက်မှာရုံးချုပ်ဖွင့်လှစ်ခဲ့တဲ့ ဆီးတိုးဟာ မဟာမိတ်စစ်ရေးလေ့ကျင့်မှုများစွာပြုလုပ်ခဲ့ပြီး ၁၉၅၆-၁၉၆၅ ခုနှစ်အတွင်းမှာပဲ စစ်ရေးလေ့ကျင့်မှု အကြိမ် (၃၀) လုပ်ဆောင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် မြန်မာနိုင်ငံဟာ အခြားအရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ တောင်ဗီယက်နမ်၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့နဲ့အတူ တက်ရောက်လေ့လာဖို့ ဖိတ်ကြားခံခဲ့ရဖူးပါတယ်။ စစ်ရေးမဟာမိတ်အုပ်စုလို့ သတ်မှတ်ခေါ် ဝေါ်ခြင်းခံရပေမယ့် သဘောတူလက်မှတ်ရေးထိုးထားတဲ့ မူဝါဒများပေါ်မူတည်ပြီး အဖွဲ့ဝင်နိုင်ငံများရဲ့ ပါဝင်လှုပ်ရှားမှုများ ကွဲပြားမှုရှိနိုင်ပါတယ်။ ဆီးတိုးအသက်ဝင်ဆဲကာလအတွင်းမှာ ပါကစ္စတန်နိုင်ငံ ပါဝင်ပတ်သက်ခဲ့တဲ့ ကက်ရှမီးယားစစ်ပွဲ၊ အမေရိကန်ပါဝင်တဲ့ ဗီယက်နမ်စစ်ပွဲတွေမှာ ဆီးတိုးအဖွဲ့ဝင်တွေဟာ တစိတ်တည်း တသဘောထားတည်း မရပ်တည်ခဲ့ကြတာ၊ ရပ်တည်ဖို့မလိုအပ်တာကို တွေ့ရှိနိုင်ပါတယ်။ အတိုပြောရမယ်ဆိုရင် ဆီးတိုးဟာ မျှော်လင့်ခဲ့သလို ဒေသတွင်းကွန်မြူနစ်ဝါဒကြီးထွားလာမှုကို မတားဆီးနိုင်ခဲ့တဲ့အဖွဲ့အဖြစ်နဲ့သာ သတ်မှတ်ခံခဲ့ရပြီး ၁၉၇၇ ခုနှစ်မှာတော့ အပြီးတိုင်ဖျက်သိမ်းခဲ့ပါတယ်။
အင်ဒို-ပစ္စိဖိတ်ဒေသမှာ QUAD၊ AUKUS တို့ထက်စောပြီး ဖွဲ့စည်းခဲ့တဲ့ အသက်ဝင်ဆဲ မဟာမိတ်အဖွဲ့တစ်ခု ရှိပါသေးတယ်။ ဒီ၂၀၂၁ ခုနှစ်မှာ နှစ် (၅၀) ရွှေရတုတိုင်ပြီဖြစ်တဲ့ Five Power Defense Arrangement (FPDA) ဖြစ်ပါတယ်။ ယူကေ၊ ဩစတြေးလျ၊ နယူးဇီလန်၊ မလေးရှားနဲ့ စင်ကာပူတို့ပါဝင်ပါတယ်။ ဒီအဖွဲ့အနေနဲ့ နေတိုးလို စစ်ရေးအရ ပါဝင်လက်တုန့်ပြန်ပေးဖို့ အထူးသဘောတူချက် ထည့်သွင်းထားခြင်းမျိုးမတွေ့ရပဲ ဒေသတွင်း တည်ငြိမ်ရေး၊ အမေရိကန်၊ တရုတ်နဲ့ ပြေလည်တဲ့ဆက်ဆံရေးထားရှိဖို့ ပိုအာရုံစိုက်တာကို တွေ့ရပါတယ်။ ဒီအတွက် FPDA ရဲ့တည်ရှိမှုဟာ ဒေသတွင်း စစ်ရေးအင်အားပြိုင်ဆိုင်မှုကို ယနေ့အချိန်အထိ ကြီးကြီးမားမား သက်ရောက်မှုရှိမနေသေးဘူးလို့ ပြောနိုင်ပါတယ်။ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ကြဖို့ဆိုတာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အာသီသရှိမရှိအပေါ် အဓိကမူတည်နေတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။
ဒီဒေသမှာပဲ ဩစတြေးလျ၊နယူးဇီလန်တို့နဲ့ အမေရိကန်နိုင်ငံရဲ့ (၃) နိုင်ငံ ANZUS ဆိုတဲ့ လုံခြုံရေးစာချုပ် ရှိပါသေးတယ်။ ၁၉၅၁ ခုနှစ်ကချုပ်ဆိုခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းက ဩစတြေးလျနဲ့ နယူးဇီလန်တို့ဟာ ဗြိတိသျှအင်ပါယာအတွင်းမှာဖြစ်တဲ့အတွက် မဟာမိတ်တပ်များနဲ့ လက်တွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်အပြီး ၁၉၄၉ ခုနှစ်မှာ နေတိုး ဖွဲ့စည်းပြီးတဲ့နောက် ပထဝီဒေသခြားနားမှုကြောင့် အထီးကျန်နေတဲ့ ဒီ (၂) နိုင်ငံဟာ ဒေသဆိုင်ရာလုံခြုံရေးအတွက် အမေရိကန်နဲ့ပူးပေါင်းပြီး ANZUS စာချုပ်ကို ၁၉၅၁ခုနှစ် စက်တင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၈၄ ခုနှစ် နယူးဇီလန်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လေဘာပါတီရဲ့ ရွေးကောက်ပွဲကတိတစ်ခုက နျူကလီးယားကင်းလွတ်တဲ့နိုင်ငံ ဖြစ်စေရမယ်ဆိုတာပါ။ ဒါ့ကြောင့် နျူကလီးယား လက်နက်တပ်ဆင်ထားတဲ့၊ နျူကလီးယားစွမ်းအင်သုံးတဲ့ ရေယာဥ်တွေ ဝင်လာခွင့်မရှိနိုင်တော့တဲ့အတွက် အမေရိကန်နိုင်ငံက ANZUS သဘောတူညီချက်ထဲက နယူးဇီလန်ကို ၁၉၈၆ ခုနှစ် စက်တင်ဘာလမှာ ရပ်စဲခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် ဇွန်လမှာတော့ နယူးဇီလန်ပါလီမန်က နျူကလီးယားကင်းလွတ်ဇုန်ဥပဒေ (၁၉၈၇) ကို အတည်ပြုပြဌာန်းခဲ့ပါတယ်။
စစ်ရေးမဟာမိတ်အဆင့်မဟုတ်ပေမယ့် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်တွေဝေမျှဖို့ သဘောတူထားတဲ့ Five Eyes (ပဥ္စစက္ခု) လို့ခေါ်ဆိုနိုင်မယ့် အဖွဲ့မှာတော့ ANZUS မူလ (၃ )နိုင်ငံနဲ့ ယူကေ၊ ကနေဒါတို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ အင်္ဂလိပ်စကားပြော (၅) နိုင်ငံရဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးလို့လည်း ဆိုနိုင်ပါတယ်။ အင်ဒို-ပစ္စိဖိတ်ဒေသစစ်စစ် အဖွဲ့အစည်းတော့မဟုတ်ပါ။ ဒီနိုင်ငံတွေရဲ့ ထောက်လှမ်းရေးအေဂျင်စီများက ထောက် လှမ်းရေး သတင်းအချက်အလက်တွေ အချင်းချင်းဖလှယ်ကြသလို၊ လိုအပ်ရင် အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံများနဲ့လည်း ပူးပေါင်းလုပ်ကိုင်ကြပါတယ်။
• QUAD နဲ့ AUKUS
ဒေသတွင်းရှိတဲ့ မဟာမိတ်အဖွဲ့တွေထဲမှာ မြန်မာပြည်သူလူထုအတွက် နွေဦးတော်လှန်ရေးအတွင်း စိတ်ဝင် စားမှု ပိုရှိလာတဲ့ (၂) ဖွဲ့လို့ ဆိုရပါမယ်။ ကမ္ဘာ့စစ်ရေးစစ်ရာမှာ အမေရိကန်နိုင်ငံ (သို့မဟုတ်) အမေရိကန်နိုင်ငံပါ ဝင်တဲ့ နေတိုးအဖွဲ့ရဲ့လှုပ်ရှားမှုကို စိတ်ဝင်တစား စောင့်ကြည့်ရတဲ့အတွက် အခုအမေရိကန်နိုင်ငံဦးဆောင်ပါဝင်တဲ့ QUAD နဲ့ AUKUSက အင်ဒို-ပစ္စိဖိတ် ဒေသမှာ ဘယ်လိုဖြစ်တည်လာခဲ့ပြီး ဘာဦးတည်ချက်တွေ ချမှတ်ထားကြသလဲ၊ ဘယ်လိုခြေလှမ်းတွေပြင်နေသလဲ၊ မြန်မာနိုင်ငံအတွက်ရော ရိုက်ခတ်မှုရှိနိုင်သလားဆိုတာတွေကို စူးစမ်းကြည့်ကြပါမယ်။ QUAD မှာပါတဲ့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံတို့ဟာ ၂၀၀၄ခုနှစ် ဒီဇင်ဘာလအတွင်း အိန္ဒိယသမုဒ္ဒရာ ဆူနာမီဖြစ်ခဲ့စဥ်က ကယ်ဆယ်ထောက်ပံ့ကူညီရေး လုပ်ငန်းတွေအတူလုပ်ခဲ့ကြပါတယ်။ အဲဒီကနေပြီး ဝါရှင်တန်၊နယူးဒေလီ၊ တိုကျို၊ ကင်ဘာရာ မဟာမိတ်ဖွဲ့ကြဖို့ အစပြုခဲ့တာပါ၊ အဲဒီနောက်ပိုင်း ရှင်ဇိုအာဘေး ပထမအကြိမ် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာချိန်မှာ သူက စိတ်အားထက်သန်မှု အတော်ရှိခဲ့ပြီး QUAD ဖွဲ့နိုင်ဖို့ ဆွေးနွေးမှုတွေလုပ်ခဲ့ကြပါတယ်။၂၀၀၇ခုနှစ် ဩဂုတ်လက ဖိလစ်ပိုင်နိုင်ငံ မနီလာမှာကျင်းပတဲ့ (၁၄) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဆွေးနွေးပွဲမှာ အမေရိကန်ဒုသမ္မတ ဒစ်ချင်နီ၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဩစတြေးလျဝန်ကြီးချုပ် ဂျွန်ဟောင်းဝပ်တို့ တွေ့ဆုံရာကနေ QUADရဲ့ ပထမဆုံး အလွတ်သဘောအစည်းအဝေးဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ Malabar Exercise လို့ခေါ် တဲ့ ‘မလဘာ’ ရေတပ် စစ်ရေးလေ့ကျင့်မှု့မှာ ပထမဆုံးအကြိမ် QUAD (၄) နိုင်ငံ ပူးတွဲပါဝင်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကလည်း စေလွှတ်လေ့ကျင့်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်နိုဝင်ဘာမှာ ကျင်းပတဲ့ ဩစတြေးလျရွေးကောက်ပွဲမှာ လေဘာပါတီကအနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ‘ကယ်ဗင်ရဒ်’ လက်ထက်မှာ ဩစတြေးလျက QUADအဖွဲ့ ဆက်မပါဝင်တော့တာကို တွေ့ရ ပါတယ်။ ဒါ့ကြောင့် ဒီနေ့တွေ့မြင်ရတဲ့ QUADကို QUAD 2.0 လို့လည်း ခေါ်ကြပါတယ်။တရားဝင် QUAD အကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားရာမှာ လေးပွင့်ဆိုင် သံတမန်ကွန်ယက်လို့ပဲခေါ်ဆိုထားပြီး ပွင့်လင်း၍ အားလုံးပါဝင်တဲ့ ခံနိုင်ရည် စွမ်းအားရှိ ဒေသဖြစ်စေဖို့ ရည်ရွယ်တယ်လို့သာ ဆိုထားပါတယ်။ စစ်ရေး၊ ကာကွယ်ရေးဆိုတဲ့စကားလုံးများ သုံးနှုန်းမထားပဲ ပင်လယ်ရေကြောင်းလုံခြုံရေးဆိုတာလောက်ကိုသာ ကိုဗစ်ကာကွယ် ဆေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ ရာသီဥတုပြောင်းလဲမှု အစရှိတာတွေကြား မသိမသာထည့် ထားပါတယ်။ တောင်တရုတ်ပင်လယ်ဘက် တရုတ်အင်အားချဲ့ထွင်လာမှုကို ထိန်းညှိလိုတဲ့သဘောရှိတာမှန်ပေမယ့် စစ်ရေးမဟာမိတ်စစ်စစ်အဖွဲ့တွေလို ပြတ်ပြတ်သားသား သဘောထားတွေမပါဝင်တာကိုလည်း သတိထားမိပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ မပြောလည်းသိပါတယ်ဆိုသလိုမျိုးနဲ့ ခြေလှမ်းများကိုစောင့်ကြည့်ရင်း ပြစ်တင်ဝေဖန်မှုတွေလုပ်လေ့ရှိပါတယ်။
AUKUS ကတော့ လသားအရွယ်ပဲရှိပါသေးတယ်။ ၂၀၀၃ခုနှစ်မတ်လက ဆဒမ်ဟူစိန်ရဲ့ ဖျက်အားပြင်းလက်နက် (WMD) အရေးနဲ့ အီရတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့ အဓိက (၃) နိုင်ငံဖြစ်တဲ့ ဩစတြေးလျ၊ ယူကေ၊ အမေရိကန် (၃) နိုင်ငံရဲ့ အသစ်ပူးပေါင်းဖွဲ့စည်းမှုဖြစ်ပါတယ်။ဩစတြေး လျနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ စက္ကူဖြူစာတမ်း (၂၀၁၇) ကိုလေ့လာကြည့်ရင် အင်ဒို-ပစ္စိဖိတ်ဒေသရဲ့ အနာဂတ်ပါဝါချိန်ခွင်ထိန်းညှိမှုဟာ အမေရိကန်၊ တရုတ်တို့နဲ့အတူ အိန္ဒိယ၊ ဂျပန်အစရှိတဲ့ဒေသတွင်း အင်အားကြီးနိုင်ငံများအပေါ် အဓိကမူတည်နေတယ်လို့ ဆိုထားပါတယ်။ ဒါဟာဩစတြေးလျနိုင်ငံက မဟာမိတ် အမေရိကန်နိုင်ငံနဲ့တန်းတူ တရုတ်နိုင်ငံကို သတ်မှတ် စဥ်းစားထားတာကို ဖေါ်ပြခြင်းလည်းဖြစ်ပါတယ်။
အင်ဒို-ပစ္စိဖိတ်ဒေသမှာ AUKUS ဖွဲ့စည်းဖြစ်ပေါ်ခဲ့ခြင်းဟာ တရုတ်နိုင်ငံက ဒေသတွင်း စစ်အင်အားချဲ့ထွင် ကြီး မားလာမှုအပေါ် အမေရိကန်နိုင်ငံရဲ့ ပိုမိုစိုးရိမ်လာမှုကို ပြနေတယ်လို့လည်း ဆိုနိုင်ပါတယ်။အမှန်တကယ်က ဩစတြေးလျနဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံလုံခြုံရေးအတွက်ပဲဆိုရင် ANZUS စာချုပ်နဲ့တင် လုံလောက်ဆဲလို့ ဆိုနိုင်ပါတယ်။ ၉/၁၁ ဖြစ်ခဲ့နောက် ဩစတြေးလျနိုင်ငံ အာဖဂန်နစ္စတန်စစ်ပွဲဝင်ဖို့ ဖြစ်လာတာဟာ ANZUS စာ ချုပ် အပိုဒ်(၄)နဲ့ အ ပိုဒ်(၅)နဲ့အရ အပြန်အလှန်ကာကွယ်ရမှာဖြစ်တယ်၊အမေရိကန်နိုင်ငံကိုတိုက်ခိုက်ခြင်းဟာ ဩစတြေးလျနိုင်ငံကို တိုက်ခိုက်ခြင်းပဲလို့ဆိုကာ ပါလီမန်မှာ အသိပေးတင်ပြခဲ့ပြီး ဩစတြေးလျတပ်ဖွဲ့တွေ စေလွှတ်ပေးခဲ့ပါတယ်။ဒါ့ကြောင့် AUKUS စာချုပ်ရဲ့ နယ်နမိတ်အဝိုင်းအဝန်းဟာ ပိုကျယ်ပြန့်ဖို့ ရည်ရွယ်တယ် ဆိုတာ သံသယရှိရန်မလိုပါ။ အထူးသဖြင့် အမေရိကန်ရဲ့ အခိုင်မာ ဆုံးမဟာမိတ် ဗြိတိန်ကိုဆွဲထည့်လာခြင်း ဟာ ကြီးမားတဲ့ မဟာဗျူဟာမြောက် ရည်ရွယ်ချက်ကို ပြသလိုက်တာလို့လည်း မြင်နိုင်ပါတယ်။ရေရှည်အ တွက်မျှော်မှန်းပြီး ဖွဲ့စည်းတည်ဆောက်လိုက်တဲ့ အနီးကပ်ဆုံးမဟာမိတ်များရဲ့ စစ်အုပ်စုလို့ ဆိုရပါမယ်။
နျူကလီးယားရေငုပ်သင်္ဘော တည်ဆောက်ပေးရေး၊ နည်းပညာလွှဲပြောင်းရေးတွေဟာ ဒီစာချုပ်ရဲ့ထူးခြားမှု တစ်ရပ်ပါ။ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး နျူကလီးယားရေငုပ်သင်္ဘော Nautilus ကို ၁၉၅၄ ခုနှစ်မှာ အမေရိကန်ရေတပ်အတွက် စတင်အသုံးပြုခဲ့ပြီးတဲ့နောက် ဗြိတိန်နိုင်ငံနဲ့ပဲ အလားတူ နျူကလီးယားနည်းပညာလွှဲပြောင်းပေးအပ်မှုတွေလုပ်ခဲ့ပါတယ်။ အခုဒီသဘောတူညီချက်အရ ဩစတြေးလျနိုင်ငံက အမေရိကန်၊ ဗြိတိန်၊တရုတ်၊ ရုရှား၊ ပြင်သစ်၊ အိန္ဒိယနိုင်ငံတို့ပြီးရင် သတ္တမမြောက် နျူကလီးယားရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ခွင့် ရရှိမှာဖြစ်ပါတယ်။ လက်ရှိနိုင်ငံတကာမှာအသုံးပြုနေတဲ့ နျူကလီးယားရေငုပ်သင်္ဘော အရေအတွက်က (တည်ဆောက်ဆဲမပါ) တရုတ် (၁၂)၊ ဗြိတိန် (၁၁)၊ အိန္ဒိယ (၁) လို့ သိထားရတဲ့အတွက် အနည်းဆုံး (၈) စီး တည်ဆောက်နိုင်မယ်လို့မှန်းဆထားတဲ့ ဒီစီမံကိန်းဟာ ကြီးမားတယ်လို့ပြောရပါမယ်။ ကုန်ကျစားရိတ်ကလည်း (၂၀၂၀-၂၀၂၁ ခုနှစ်) ဩစတြေးလျကာကွယ်ရေးဘတ်ဂျက်တစ်ခုလုံးစာထက် (၂) ဆမက များနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဩစတြေးလျရေတပ်က လက်ရှိအသုံးပြုနေတဲ့ ကောလင်းအမျိုးအစား (Collins Class) ရေငုပ်သင်္ဘော (၆) စီး ရှိပါတယ်။ ဒီကောလင်းရေငုပ် သင်္ဘောတွေကို ဩစတြေးလျမှာပဲ တည်ဆောက်ခဲ့တာပါ။ အခုတည်ဆောက်မယ့် နျူကလီးယားရေငုပ်သင်္ဘောတွေက စွမ်းဆောင်ရည် ပိုမိုသာလွန်ပါတယ်။ အထူးသဖြင့် နျူကလီးယား ဓါတ်ပေါင်းဖိုပါရှိတဲ့အတွက် သမားရိုးကျရေငုပ်သင်္ဘောတွေလို လောင်စာပြန်လည်ဖြည့်တင်းရတဲ့ အရေးကိစ္စမလိုအပ်တော့လို့ တောင်တရုတ်ပင်လယ်ဘက်ဆီမှာ ကြာမြင့်စွာကင်းလှည့်နိုင်မှာဖြစ်ပါတယ်။
ရေငုပ်သင်္ဘောတည်ဆောက်တာက ရှုပ်ထွေးပြီး အချိန်များစွာယူရပါတယ်။ ဥပမာ သမားရိုးကျ ကောလင်းရေငုပ်သင်္ဘောအတွက် အစိတ်အပိုင်းပေါင်း (၅) သိန်း ဝန်းကျင်သုံးရပါတယ်။ ဒါဟာ ဖရီးဂိတ်စစ်သင်္ဘောမှာသုံး ရတာထက် (၃) ဆခန့်၊ လေယာဥ်အကြီးစားတစ်စင်း တည်ဆောက်ရာမှာထက် (၅) ဆခန့် ပိုများပါတယ်။ တည်ဆောက်မယ့် ရေငုပ်သင်္ဘောအရေအတွက်အားလုံးကိုတော့ ၂၀၄၀ ခုနှစ်ထက် စောပြီးရရှိနိုင်မှာမဟုတ်ပါ။ ဒါ့ ကြောင့် အနားပေးဖို့ရည်ရွယ်ထားတဲ့ ကောလင်းရေငုပ်သင်္ဘောတွေကို လိုအပ်တဲ့ ပြုပြင်မွန်းမံမှုတွေလုပ်ပြီး ၂၀၄၀ ခုနှစ်နဲ့ ၂၀၅၀ ခုနှစ်ကြားအထိ ဆက်လက်အသုံးပြုဖို့ စီစဥ်နေရပါတယ်။ နျူကလီးယားရေငုပ်သင်္ဘောအားလုံး အသင့်အသုံးပြုနိုင်တဲ့အချိန်ရောက်ရင်တော့ အတိုင်းအတာတစ်ခုအထိ အင်အားရှိတဲ့ရေတပ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် AUKUS ဟာ ရေရှည်သီးသန့် စီမံကိန်းတစ်ခုဖြစ်ပြီး ဒေသတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစိန်ခေါ်မှုများအတွက် နေ့ချင်း ညချင်း အင်အားပြဖို့ ရည်ရွယ်တာ မဟုတ်ဘူးဆိုတာကို နားလည်ထားရပါမယ်။
AUKUS အတွက် ပြည်တွင်းနိုင်ငံရေး တုန့်ပြန်မှုကလည်း အရေးကြီးလေတော့ ဒီနျူကလီးယားရေငုပ်သင်္ဘောတည်ဆောက်ရေးကိစ္စကို ဘယ်လိုသဘောရကြသလဲဆိုတာကို စူးစမ်းရပါမယ်။ ဩစတြေးလျရဲ့ အဓိက အတိုက်အခံလေဘာပါတီက အစိုးရရဲ့ ဒီအစီအစဥ်ကို ခြွင်းချက်နဲ့လက်ခံထားပါတယ်။ ဆိုလိုတာက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဝယ်ယူရေးကို အကြမ်းအားဖြင့် သဘောတူတယ်။ နျူကလီးယားလက်နက် မတပ်ဆင်သမျှ၊ ပြည်တွင်း နျူကလီးယားနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမလုပ်သမျှဆိုတဲ့ ခြွင်းချက်နဲ့ဖြစ်ပါ တယ်။
စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်က ဗြိတိန်အတိုက်အခံ လေဘာပါတီခေါင်းဆောင်နဲ့ ပါတီဦးဆောင်များက AUKUS ဖွဲ့စည်းမှုကို သဘောတူကြပေမယ့် ဘရိုက်တန်ပါတီညီလာခံမှာ ပါတီကိုယ်စားလှယ်များက ကန့်ကွက်ကြောင်း အဆိုတင်သွင်းပြီး (၇၀.၃၅) ရာခိုင်နှုန်း ထောက်ခံမှုရရှိကာ ကန့်ကွက်တဲ့ဘက်က အနိုင်ရရှိသွားခဲ့တာပါ။ ဒါဟာ AUKUS သဘောတူညီချက်တစ်ခုလုံးကို ပျက်ပြားသွားစေမှာတော့ မဟုတ်နိုင်ပါ။ ဒီနျူကလီးယားရေငုပ်သင်္ဘောလုပ်ငန်းစဥ်ဟာ ဗြိတိန်ရဲ့ တည်ဆောက်ရေးလုပ်ငန်းများအတွက်လည်း ပါဝင်နိုင်ဖို့ အခွင့်အရေးတစ်ရပ်လို့ မြင်ထားကြပါတယ်။ AUKUS သဘောတူညီချက်အရ တောင်တရုတ်ပင်လယ်မှာတာဝန်ကျနေတဲ့ တော်ဝင်ရေတပ်က ရေငုပ်သင်္ဘောတွေအနေနဲ့ စကော့တလန်မှာရှိတဲ့ Faslane ရေတပ်အခြေစိုက်စခန်းအထိ ပြန်လာစရာမလိုတော့ပဲ ဩစတြေးလျမှာ တထောက်နားပြီး လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ခွင့်ရလာနိုင်တယ်လို့လည်း ခန့်မှန်းတာတွေရှိပါတယ်။ အမေရိကန်နိုင်ငံဘက်ကတော့ ကွန်ဂရက်မှာရော ဆီးနိတ်မှာပါ ပါတီကြီးနှစ်ခုလုံးက AUKUS ကို ထောက်ခံမှုများပေးကြမယ်လို့ဆိုခဲ့ပြီး လိုအပ်တဲ့ ဥပဒေအချက်အလက် ပြင်ဆင်ဖြည့်စွက်မှုတွေလုပ်ပေးမယ်လို့ ဩစတြေးလျဝန်ကြီးချုပ်ရဲ့ ခရီးစဥ်အတွင်းပြော ကြားခဲ့ပါတယ်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar