Breaking News

လင်းလက်နွေဦး - ခွင့်တူညီမျှ

လင်းလက်နွေဦး - ခွင့်တူညီမျှ
(မိုးမခ) နို၀င်ဘာ ၁၀၊ ၂၀၂၁

လူတတ်ကြီးလုပ်ပြီး ကလေးတွေကို အဓိပ္ပါယ်ဖွင့်ပြနေမိတယ်။ သားတော်မောင်က တွက်ကပ်တာကို သမီးကြီးကလည်း ပြန်ချေပနေတယ်လေ။ ဖြစ်ပုံက ဒီလို၊ အဒေါ်ဖြစ်တဲ့သူက ဒိုးနပ်မုန့်တစ်ဗူး လာပေးတယ်။ တူတော်မောင်က လမ်းမှာကတည်းက ဇွတ်တောင်းလို့ တစ်ခုကျွေးပြီးပြီ။ မုန့်က ငါးခုပါလာတယ်၊ ကျွန်တော်တို့မိသားစုက လေးယောက်၊ ရောက်လာတာက ညကြီး။ မနက်လိုမျိုးဆိုရင် ဘုရားကို တစ်ခုကပ်တယ်ပေါ့။ တစ်ယောက်တစ်ခု ဝါးစေ ဝေစားလိုက်ရုံပဲ။ ပြီးမှ ဘာသာရေးလိုက်စားတဲ့သူက ဘုရားဆီက စွန့်စားလိုက်ရုံပဲ။ လက်တွေ့မှာ ညီမျှတယ် မဟုတ်လား။ ခုက ‘ည’ ဗျ၊ ဘုရားနား သွားအပ်ထားလို့ မရဘူး။ 

ဒီတော့ သားတော်မောင်က လူလည်ကျတယ်။ အငယ်ဆုံးမို့ ပိုတဲ့တစ်ခု သူ့ကိုကျွေးပါတဲ့။ သမီးဖြစ်သူကလည်း ဒိုးနပ်တော့ လွတ်လွတ်မ၀ယ်နိုင်ဘူးတဲ့။ တစ်ယောက်တစ်ဝက်တဲ့လေ။ သားက တင်ပြလာတယ်၊ အစ်မက သူ့ထက် အများကြီးစားဖူးတယ်တဲ့။ ဒီတစ်ခါတော့ သူ့ကို ပေးကျွေးတဲ့။ သူပြောတော့ ပါးစပ်နားရောက်နေတဲ့ ကျွန်တော့်လက်တောင် တွန့်သွားတယ်။ ဟုတ်သားပဲ၊ ငါလည်း နှစ်ပေါင်း လေးဆယ်ကျော်အတွင်း မုန့်မျိုးစုံ စားခဲ့ပြီးပြီပဲ။ အဆန်းအဆန်းထွင်သမျှ၊ အရသာမျိုးစုံ ခံစားခဲ့ပြီ၊ ရအောင် ကြိုးစားခဲ့ပြီ မဟုတ်လား။ လူရွှင်တော်တွေ ပြက်သလို ‘မင်းတုန်းမင်းကြီးကို သနားတယ်၊ ဖွာလူဒါ သောက်မသွားရရှာဘူး’ ဆိုသလို၊ ရသအသစ်အဆန်းတွေက ကုန်နိုင်မှာ မဟုတ်ဘူး။

‘ရော့ကွာ… မင်းက ဒါစား၊ အဲဒါကို မမ ကျွေးလိုက်’

‘အာ… အဖေကလည်း ငရဲကြီးလိမ့်မယ်’ တဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ငရဲကြောက်တဲ့သူလေးက ပြောရှာတယ်။ သမီးက ညီတူညီမျှဖြစ်အောင် ကျန်တဲ့မုန့်တစ်ခုက လေးပုံ ပုံမယ်လို့ အဆိုတင်သွင်းပြန်တယ်။ အမေလုပ်သူကလည်း ‘နားအေးပြီးတာပဲ၊ ဘယ်လောက်ရရ လေးပိုင်းသာ ပိုင်းကျွေးလိုက်တော့’ တဲ့။ ဒိုးနပ်လေးခမျာ၊ သားရဲတွင်းထဲကျသွားတဲ့ သားကောင်လေးပမာ၊ မျက်နှာငယ်လေးနဲ့ မော့ကြည့်နေရှာတယ်။ 

ဒီတင်၊ ခွင့်တူညီမျှဆိုတာကို ပြေးမြင်မိတယ်။ Equality တူညီခြင်း၊ Equity မျှတခြင်းဆိုတာ။ ကျောင်းတုန်းက ဆရာက ပြောပြတဲ့၊ အဖွဲ့ဝင်တွေကို တစ်ယောက်တစ်ကျပ်ပေးတာမျိုးပေါ့။ ‘ရဲဘော် တစ်ကျပ်၊ ဗိုလ်ကြီး တစ်ကျပ်’ ဆိုတော့ တူညီခြင်း ဖြစ်တယ်နော်။ ကြားဖူးတဲ့ ဟာသလေးက ရဲဘော်တွေကို အမြင်မစောင်းစေချင်တော့ ဗိုလ်လုပ်တဲ့သူက တစ်ယောက်ချင်းခေါ်ပြီး လစာ/ ရစရာ ပေးတယ်တဲ့။ ‘လာ ရဲဘော်၊ ဒီမှာ မင်းအတွက် တစ်ကျပ်၊ ဟောဒီမှာ ငါ့အတွက် တစ်ကျပ်’ ဆိုပြီး အိတ်ထောင်ထဲ ထည့်တယ်။ နောက်တစ်ယောက်ခေါ် ‘ဒီမှာ မင်းအတွက် တစ်ကျပ်၊ ဟောဒါက ငါ့အတွက်’။ ရဲဘော် အယောက်တစ်ရာ၊ ဗိုလ်ကြီး ငွေတစ်ရာ ရသွားတယ်။ ရဲဘော်တွေက အချင်းချင်း ပြောကြတယ်၊ ‘ဒို့ဗိုလ်ကြီးက မျှတတယ်၊ တစ်ယောက် တစ်ကျပ် အတူတူပဲ’ တဲ့။ 

ဒီလို တန်းတူညီမျှတာကို ပြောတာမဟုတ်ပါဘူး။ ဆရာက ဥပမာ ရုပ်ပုံကားလေးကို ပရိုဂျက်တာနဲ့ထိုးပြတယ်။ စည်းရိုးကို ကျော်ပြီး ကြည့်နေကြတဲ့ ကလေးလေးတွေ၊ အရပ် ဒေါင် မတူတဲ့ ကလေးတွေ။ အရှည်ဆုံးကလေးကတော့ ဘာမှမလိုဘူး၊ စည်းရိုးနားကပ်ပြီး ဒီအတိုင်းလှမ်းကြည့်လိုက်တာပဲ။ အဲ နည်းနည်းပုတဲ့ကလေးကတော့ အုတ်ခဲလေး တစ်လုံးနှစ်လုံး ခုကြည့်ရတယ်၊ မြင်တာပါပဲ။ သူ့ထက်ပိုပုတဲ့ ကလေးငယ်ကတော့ ပိုမြင့်တဲ့ သစ်တုံးတစ်တုံး ခုကြည့်ရတယ်၊ မြင်သွားတယ်။ ကလေးလေးတွေအားလုံး စည်းရိုးကို ကျော်ပြီးကြည့်နိုင်အောင် လုပ်ပေးလိုက်တာဟာ အခွင့်အရေး တန်းတူညီမျှအောင် လုပ်ပေးလိုက်တာပဲ မဟုတ်လား။ သူတို့ကို ကူညီမယ်၊ တန်းတူဖြစ်အောင် အုတ်ခဲတစ်လုံးစီယူကြဆိုရင်၊ အရှည်ဆုံးကောင်က ပိုရှည်၊ အလတ်ကောင်က ဟိုမရောက် ဒီမရောက်၊ အပုလေးအတွက်တော့ ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ 

ဝန်ထမ်းလောကမှာလည်း Push System နဲ့ Pull System ဆိုပြီး ရှိပါတယ်။ ဗဟိုကနေ ခွဲခြမ်းပေးလိုက်တယ်၊ တစ်ဋ္ဌာန ဆပ်ပြာ ဆယ်တောင့်ဆိုပါစို့။ ဝန်ထမ်းငါးယောက်ပဲရှိတဲ့ ဋ္ဌာနက၊ တစ်ယောက် နှစ်တောင့်စီရတယ်။ ဝန်ထမ်းဆယ့်နှစ်ယောက်ရှိတဲ့ဋ္ဌာနက ဓါးနဲ့ပိုင်း ဝေရတယ်ပေါ့လေ။ အဲဒါကြောင့် အောက်ခြေကနေ လိုသလောက်ပဲတောင်းပါလို့ ဆိုလာတယ်။ လိုသလောက်ဆိုပေမယ့် ‘လေလွင့်နှုန်း’ နဲ့ ထပ်ပေါင်း တောင်းပါတဲ့။ ကောင်းပါတယ်၊ အရင်လောက်တော့ ဆိုးဆိုးရွားရွားကြီး မဟုတ်တော့ဘူးပေါ့။ အလေအလွင့်တော့ ရှိမှာပေါ့။ လက်ပြောင်းလက်လွှဲတွေများလေ အလေအလွင့်များလေ ထင်ပါရဲ့။ 

ကလေးတွေ နားလည်မလည် မသိပါဘူး။ ဆိုင်မဆိုင်တော့ မသိပါဘူး။ အမျိုးသမီးက စိတ်ရှုပ်သွားတဲ့ဟန်နဲ့ ‘ဒါဆို ဘာလုပ်ရမလဲ’ မေးလာတယ်။ ကျွန်တော်တို့က အဲလိုပဲ၊ ‘သဘောတရားတွေ လာမပြောနဲ့၊ ဘာလုပ်ရမလဲ ပြော’ ဆိုတဲ့ အမျိုးအစားတွေ မဟုတ်လား။ ကျွန်တော်လည်း ရုတ်တရက် ဘာလုပ်ရမလဲ မသိဘူးရယ်။ ဆရာကြီးတွေလို ‘မဲဖောက်ပေး’ တာပဲ ကောင်းနိုးနိုးပေါ့။ သူတို့အားလုံးက မျှော်လင့်တကြီး ငံ့လင့်နေကြရဲ့။
စားဖူးတဲ့သူတွေချည်းပဲ။ နောက်နေ့မှစားလို့ပြောရင်လည်း၊ အမှိုက်ပုံ နေရာရွေ့သလိုပဲ ဖြစ်နေမှာမဟုတ်လား။ ဒီနေ့ပြဿနာ ဒီနေ့ရှင်းလိုက်တော့မယ်ဆိုပြီး၊ မစားဖူးရှာတဲ့ အောင်နက်လေးကို ချကျွေးပစ်လိုက်တယ်။ အသံတွေ အားလုံးတိတ်သွားတယ်။ အောင်နက်ကတော့ အမြီးလေး တနှံ့နှံ့နဲ့ပေါ့။

ခင်ဗျားတို့ဆိုရင် ဘယ်လိုလုပ်မလဲ…။

လင်းလက်နွေဦး
၉.၁၁.၂၁ မနက် ၈နာရီ ၀၅ မိနစ်။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar