မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၅ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၁
ဒီနေ့သတင်းတွေထဲမှာတော့ အာဆမ်လို့ခေါ်တဲ့ အာရှနဲ့ ဥရောပထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်စီကို အဆင့်နိမ့်တဲ့သူကိုသာဖိတ်ကြားလို့ မတက်ရောက်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့သတင်း၊ လူတွေစွန့်ခွာထားတဲ့ ထန်တလန်မြို့မှာ မီးထပ်မံလောင်ကျွမ်းလို့ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၄၀ ကျော် ၅၀ နီးပါး ပျက်စီးသွားတဲ့သတင်း၊ ပြီးခဲ့တဲ့လတွေက ရန်ကုန်မှာဖြစ်ပွားခဲ့တဲ့ ဗုံးဖေါက်ခွဲမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးထားသူ ၅၀ ကျော်ကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း၊ အနှစ် ၂၀ နဲ့ သေဒဏ်တွေ ချမှတ်ခဲ့တဲ့သတင်း၊ ကိုဗစ်ကူးစက်မှုအကြောင်းကြောင့် ၆ လကြာပိတ်ထားခဲ့တဲ့၊ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေအနက်က ကျင်စန်းကျော့ဂိတ်ကို စည်းကမ်းသတ်မှတ်ချက်တွေအများအပြားနဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ စမ်းသပ်ဖွင့်လှစ်မယ်ဆိုတဲသတင်းတွေ ဖြစ်ပါတယ်။
နှစ်နှစ်မှာ တကြိမ်ကျင်းပလေ့ရှိတဲ့ ဥရောပနဲ့အာရှအစည်းအဝေးကို ယခုနှစ် နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်မှာ အာဆီယံဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့မှာကျင်းပကြပေမယ့် မြန်မာစစ်ကောင်စီဘက်ကို အဆင့်နိမ့်တဲ့ကိုယ်စားလှယ်ကိုသာတက်ခွင့်ပေးလို့ မြန်မာစစ်ကောင်စီဘက်က မတက်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း အာဆီယံပုံမှန်အစည်းအဝေးမှာလည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကခန့်အပ်တာမဟုတ်ပဲ ဝန်ထမ်းဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့်ကိုသာဖိတ်ကြားလို့ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့သလို ယခု အာရှနဲ့ဥရောပထိပ်သီးညီလာခံအစည်းအဝေးကိုလည်း အဆင့်နိမ့်ကိုယ်စားလှယ်သာ ဖိတ်ကြားလို့ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတကာက သံတမန်ရေးအရ ဖိအားပေးမှုက ဆက်လက်အရှိန်ကောင်းနေဆဲဖြစ်ပြီး စစ်အာဏာသိမ်းပြီး ၉ လကြာလာသည့်တိုင် အဓိကကျတဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီဝင်တွေ စစ်ခေါင်းဆောင်တွေကို တရားဝင်တက်ရောက်ဖို့ ခုချိန်ထိမဖိတ်ကြားကြတဲ့အခြေအနေဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ကိုအသိအမှတ်ပြုတဲ့နိုင်ငံတွေဖြစ်တဲ့ ရုရှားလိုနိုင်ငံမျိုးနဲ့ ပိုမိုနီးစပ်အောင်ကြိုးစားအားကိုးမယ့် အလားအလာတွေမြင်ရပြီး တရုတ်နိုင်ငံနဲ့တော့ မနီးမဝေး ဆက်ဆံရေးမျိုးပဲရှိတာ တွေ့ရတာပါ။ တရုတ်နိုင်ငံအနေနဲ့ ဒီမိုကရေစီ၊ စစ်အာဏာရှင်ဆိုတာထက်ကို လက်တွေ့မှာ မြန်မာနိုင်ငံကို ထိန်းချုပ်ထားနိုင်တဲ့အစိုးရသာဆိုရင် ဘယ်သူဖြစ်ပါစေ ဆက်ဆံမယ့်သဘောရှိပြီး လက်ရှိ စစ်ကောင်စီနဲ့ ဆက်ဆံရေးသိပ်မနီးစပ်ရတဲ့အကြောင်းရင်းတွေမှာ စစ်ကောင်စီအာဏာသိမ်းမှုအပြီး ပြည်တွင်းက လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းပုံ နိုင်ငံရေးအရ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် မဖြေရှင်းနိုင်တဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ရှုမြင်ပုံမတူကြ အကျိုးစီးပွား မတူကြတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လူဦးရေ ၁ သောင်းကျော်သော မြို့ခံတွေ စွန့်ခွာတိမ်းရှောင်နေကြတဲ့ ထန်တလန်မြို့ တတိယအကြိမ်အဖြစ် ခုရက်ပိုင်း မီးလောင်ကျွမ်းပြီး ဘုရားကျောင်းအပါအဝင် လူနေအိမ် ၅၀ နီးပါး ထပ်မံလောင်ကျွမ်းခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ယခုတတိယအကြိမ် မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းတော့မသိရသေးပေမယ့် အရင် ၂ ကြိမ်တုန်းက စစ်ကောင်စီတပ်တွေက မြို့ခံတွေထဲက ခုခံတိုက်ခိုက်မှုကို ဒဏ်ခတ်တဲ့သဘောနဲ့ မြေလှန်ဖျက်ဆီးတဲ့ သဘောနဲ့ မီးရှို့ခဲ့တာလို့ အများက ယုံကြည်ကြပါတယ်။
စစ်တပ်ရဲ့ ပုန်ကန်မှုနှိမ်နှင်းတဲ့ နည်းဗျူဟာတွေထဲမှာ လူနေအိမ်မီးရှို့တာ ရွာတွေဖျက်ဆီးတာတွေဟာ ပါဝင်နေကျဖြစ်ပြီး ထူးဆန်းတာတော့မဟုတ်ပါဘူး။ ခုဖြစ်ပွားတာက ကျေးရွာအဆင့်မဟုတ်ပဲ မြို့ဖြစ်နေတာကြောင့် ပိုပြီးအာရုံစိုက်ခံရတဲ့သဘောဖြစ်ပါတယ်။
နောက်အကြောင်းအရာတခုကတော့ လွန်ခဲ့တဲ့လတွေက ရန်ကုန်မြို့ တောင်ဒဂုံနဲ့လှိုင်သာယာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးကွဲမှု စစ်ကောင်စီတပ်၊ ရဲတွေကို ပစ်ခတ်မှုဖောက်ခွဲမှုနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သတင်းပေးဆိုသူတွေကို သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေအနက်က လူ ၅၀ ကျော်ကို စစ်ခုံရုံးက ထောင်ဒဏ် အနှစ် ၂၀၊ တသက်တကျွန်းနဲ့ သေဒဏ်တွေအထိချမှတ်ခဲ့တယ်လို့ သတင်းစာ မြန်မာ့အသံတို့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ အဆိုပါ မြို့နယ် ၂ မြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ဖြစ်တာကြောင့် အခုလိုအမှုကိစ္စတွေကို စစ်ခုံရုံးနဲ့စီရင်ချက်ချတာဖြစ်ပါတယ်။ အဲဒီမြို့နယ် ၂ မြို့နယ်မှာဖြစ်ပျက်ခဲ့တဲ့ ချောင်းမြောင်း ပစ်ခတ်လုပ်ကြံမှု၊ ဗုံးခွဲမှုတွေနဲ့ ပတ်သက်တဲ့သူတွေ ရာနဲ့ချီဖမ်းဆီးခံထားရတာ ဖြစ်ပြီး ခုအမိန့်ချမှတ်ခံရသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ သက်ဆိုင်ပြီး စစ်ခုံရုံးက အမှုကို အကျဥ်းနည်းနဲ့ စစ်ဆေးချမှတ်ခဲ့တဲ့သဘောလည်း ဖြစ်ပါတယ်။ စစ်ခုံရုံးနဲ့ ချမှတ်တဲ့အမှုတွေမှာ အမြင့်ဆုံး ပြစ်ဒဏ်ကိုသာချမှတ်လေ့ရှိပြီး အရပ်ဖက်တရားရုံးတွေက ချမှတ်တဲ့အမှုတွေလို အယူခံခွင့်လည်းမရှိပဲ စစ်တိုင်းမှူး (သို့မဟုတ်) စစ်ကောင်စီရဲ့ ဥက္ကဌဆီကို အသနားခံစာ တင်ခွင့်သာရှိပြီး အဆိုပါ ၂ ဦးအနက် တဦးဦးက ပြင်ဆင်ချက်ကို လုပ်ပိုင်ခွင့်ရှိတဲ့သဘောဖြစ်ပါတယ်။
ဒီနေ့အတွက် အခြားသတင်းအကြောင်းအရာတခုကတော့ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တခုစမ်းသပ်ဖွင့်လှစ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လကတည်းက ပိတ်ထားခဲ့တဲ့ နယ်စပ်ကုန် သွယ်ရေးဂိတ်တွေအနက်က ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၆ ရက်နေ့မှာ အစမ်းဖွင့်လှစ်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ကိုဗစ်ကူးစက်မှုကို အကြောင်းပြုပြီး နယ်စပ်ဂိတ်တွေပိတ်ထားတာကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ရေထွက်ပစ္စည်းစတဲ့ ထွက်ကုန်တွေ စျေးကွက်မရှိဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအများအပြား ဆုံးရှုံးခဲ့ပါတယ်။
ဖရဲသီး၊ သရက်သီး၊ ကြံကစလို့ ဆန်စပါး၊ ပဲ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ စျေးကျဆင်းတာ စျေးကွက်မရှိလို့ မစိုက်ပျိုးကြတာတွေ အများအပြားဖြစ်ပေါ်ခဲ့ပြီး ဂဏန်း၊ ပုစွန်၊ ငါးရှဥ့် စတဲ့ ရေထွက်ပစ္စည်းတွေလည်း စျေးကွက်မရှိတာကြောင့် အလုပ်အကိုင် အများအပြားဆုံးရှုံးခဲ့ကြတာ ဖြစ်ပါတယ်။
၆ လကျော်ကြာပြီးနောက်မှာ အခုနယ်စပ်ဂိတ်တခုကို အစမ်းကာလအနေနဲ့ စတင်ဖွင့်လှစ်တာဖြစ်ပြီး ဘယ်လောက်ပမာဏအထိ ကုန်သွယ်နိုင်မယ်ဆိုတာ မသေချာသေးပါဘူး။ အခုလို စိုက်ပျိုးရေး ရေထွက်ပစ္စည်းတွေ ဖြစ်တဲ့ ငါးဖမ်း၊ ပုစွန်ဖမ်း မွေးမြူတဲ့လုပ်ငန်းတွေ မလည်ပတ်နိုင်ရင် လူတွေ အလုပ်အကိုင် အခွင့်အလမ်း ကျဆင်းပြီး သတင်းတွေထဲ နေ့စဥ်ပါရှိသလို ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ နယ်စပ်ကို တရားမဝင် ကူးဖြတ်တဲ့သူတွေ များလာဦးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေထဲက စပါး၊ ကြံ၊ အသီးအနှံအမျိုးအမည်အချို့ ၊ ရေထွက်ပစ္စည်းအချို့က နယ်စပ်ကုန်သွယ်ရေး စျေးကွက်ကို အဓိကမှီခိုနေကြရပြီး ပုံမှန်ကုန်သွယ်ရေးနဲ့ တင်ပို့နိုင်ဖို့ အရည်အသွေးဆိုင်ရာ အချိန်ကာလ စတဲ့ အကန့်အသတ်တွေရှိနေကြပြီး အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးဟာ မြန်မာ့စီးပွားရေးအတွက် အရေးပါနေဆဲပဲ ဖြစ်တာတွေ့ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar