Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၈ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၁

• အနာဂတ် နိုင်ငံတော်မျှော်မှန်းချက် 
နွေဦးတော်လှန်ရေးလို့ခေါ်ဆိုကြတဲ့ ၂၀၂၁ ခုနှစ် အရေးတော်ပုံဟာ ခေတ်သစ်မြန်မာနိုင်ငံသမိုင်းမှာ အချိုးအကွေ့တခုဖြစ်တယ်ဆိုတာ ဘယ်သူမှာ အငြင်းပွားကြမယ် မထင်ပါဘူး။ ဒီနေရာမှာ နွေဦးတော်လှန်ရေးလို့ခေါ်ဆိုကြတဲ့လို့ သုံးနှုန်းရခြင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ တော်လှန်ရေး ဆိုတဲ့ စကားလုံးရဲ့အနှစ်သာရ အဓိပ္ပါယ်က သတ်သတ်မှတ်မှတ်ရှိတာမို့ တော်လှန်ရေးလို့ခေါ်ဆိုပေမယ့်လို့ အနှစ်သာရအားဖြင့် တော်လှန်ရေး လက္ခဏာတွေ အင်္ဂါရပ်တွေနဲ့ ပြည့်စုံသလား မပြည့်စုံသလားဆိုတာကိုတော့ သမိုင်းမှတ်တမ်းတင်ကြတဲ့အခါမှာသာ မှတ်ကျောက်တင် အများသဘောတူကြမယ်လို့ ထင်ပါတယ်။ 

ရီဗော်လူးရှင်းလို့ဆိုတဲ့ အင်္ဂလိပ်ဘာသာစကားလုံးကို နိုင်ငံရေးမှာ အဓိပ္ပါယ်ဖွင့်ဆိုရာမှာတော့ အခြေခံကျတဲ့ လူမှု၊ နိုင်ငံရေးအပြောင်းအလဲမျိုး ဖြစ်ပေါ်စေတဲ့ လှုပ်ရှားမှုကိုဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပဒေသရာဇ် ဘုရင် စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတွေနဲ့ အယူအဆတွေနဲ့ နိုင်ငံရေး စနစ်တည်ဆောက်ဖို့ လှုပ်ရှားတဲ့ ပြင်သစ်တော်လှန်ရေး ၊ ၁၉၁၇ ခုနှစ် ဘုရင်စနစ်ကနေ ဆိုရှယ်လစ် ကွန်မြူနစ် ဝါဒကို ပြောင်းလဲတဲ့ အောက်တိုဘာတော်လှန်ရေး တို့ကို တော်လှန်ရေးလို့ သမိုင်းမှာ မှတ်တမ်းတင်ကြတာမျိုး ဖြစ်ပါတယ်။ 

ယခု နွေဦးတော်လှန်ရေးက နိုင်ငံရေး အဆောက်အဦ၊ အယူအဆ အားဖြင့် အခြေခံကနေပြောင်းလဲဖို့ ရည်ရွယ်ထားသလား ပြောင်းလဲဖို့ အင်အားစုတွေက ယုံကြည်မှုပြင်းပြစွာနဲ့ လုပ်ဆောင်ကြသလားဆိုတာ အပေါ်မှာ မူတည်တယ်လို့ ထင်မြင်မိပါတယ်။ စစ်အာဏာရှင်စနစ်ကို ပြောင်းလဲဖို့အချက်မှာ သဘောတူညီကြသလို တိုင်းရင်းသားလူမျိုးစုတွေနဲ့ပတ်သက်လို့ ဖက်ဒရယ်နိုင်ငံရေးအယူအဆကို အကြွင်းမဲ့ ယုံကြည်လက်ခံကြဖို့ လိုအပ်သလို လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးစတဲ့ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းတွေကိုလည်း အပြည့်အဝယုံကြည်လက်ခံကြပြီး လူမှုအဖွဲ့အစည်းကို အခြေခံကစလို့ ပြောင်းလဲဖို့ ယုံကြည်လုပ်ဆောင်ကြတာမျိုး ဖြစ်ဖို့ လိုအပ်မယ် ထင်ပါတယ်။ 

သမိုင်းမှာ တော်လှန်ရေးဆိုတဲ့စကားလုံးကို တချို့သော အုပ်ချုပ်သူပြောင်းလဲမှု သဘောမျိုးသာရှိတဲ့ လှုပ်ရှားမှုတွေ လက်နက်ကိုင် တွန်းလှန်မှုတွေမှာလည်း အသုံးချကြတာ ရှိတာတွေ့ရမှာပါ။ တော်လှန်ရေးဆိုတဲ့ အမည်နာမက အာဏာရှိအဖွဲ့အစည်းဖြစ်စေ အာဏာမရှိသေးတဲ့ အဖွဲ့အစည်းဖြစ်စေ သုံးစွဲနိုင်ကြပေမယ့် အချိန်ကာလတခုကျမှသာ တော်လှန်ရေးလှုပ်ရှားမှု ဟုတ်/မဟုတ် သမိုင်းမှတ်တမ်းတင်သူတွေက မှတ်ကျောက်တင် အကဲဖြတ်ကြတာမျိုး ဖြစ်ပါတယ်။ မဝေးသေးတဲ့ မြန်မာနိုင်ငံသမိုင်းမှာကိုပဲ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးကောင်စီလို့ အရေခြုံအမည်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးမှာ ကိုလိုနီလက်အောက်က လွတ်မြောက်ပြီးနောက် အရပ်သားနိုင်ငံရေးသမားတွေ အုပ်ချုပ်တဲ့ ဆယ်နှစ်ကျော်မျှသောကာလပြီးနောက်မှာ စစ်အာဏာရှင်က ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံတကာမှာ လက်ခံကြတဲ့ လူ့အခွင့်အရေးစံတွေကို လက်မခံ၊ တိုင်းရင်းသား လူမျိုးစုတွေ၊ လူနည်းစုတွေရဲ့ အခွင့်အရေးကို အသိအမှတ်မပြု၊ ဆယ်စုနှစ်နဲ့ချီပြီး တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်တွေ နဲ့ စစ်ပွဲတွေဆင်နွှဲ ၊ စစ်ပွဲတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ကျူးလွန်ခဲ့၊ တဖန် တိုင်းရင်းသားမဟုတ်သော်လည်း နှစ်ပေါင်းများစွာ ရခိုင်ပြည်နယ်ထဲ အခြေချနေထိုင်ခဲ့ကြတဲ့ လူမျိုးစုငယ်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ ဆယ်စုနှစ်များစွာရဲ့ သမိုင်းက အာဏာရှင်၊ လူအစုအလိုက် အပြုံလိုက်သတ်ဖြတ်ဖို့ ခွင့်ပြုခဲ့တဲ့ စစ်အုပ်ချုပ်ရေးအဖြစ်နဲ့ လျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီနေ့ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ အထက်မှာဖေါ်ပြခဲ့တဲ့ အတိတ်က စနစ်မှား မူဝါဒမှား၊ လုပ်ရပ်မှားတွေကို တကယ့်ကို ရိုးသားပွင့်လင်းစွာလက်ခံပြီး နိုင်ငံရေး လူမှုရေးစံတွေ သဘောတူညီမှုတွေ အသစ်တည်ဆောက်ဖို့ ဆန္ဒပြင်းပြင်းပြပြ ရှိဖို့လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။ အနာဂတ်မှာ တည်ဆောက်ဖို့ရည်ရွယ်ထားတဲ့ နိုင်ငံရေး လူမှုရေးစနစ်ဟာ ဒီမိုကရေစီစနစ် အနှစ်သာရ ပြည့်ပြည့်ဝဝ ဖြစ်ဖို့ လူနည်းစု တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေး တန်းတူမှု၊ ကိုယ်ပိုင်ပြဌာန်းမှုကို အသိအမှတ်ပြု အာမခံဖို့အရေးကြီးပါတယ်။ 

ဒီအချက်က တော်လှန်ရေး လက္ခဏာရပ်အင်္ဂါရပ်ဖြစ်စေမှာ ဖြစ်သလို အောင်မြင်မှုအတွက် ဘုံအကျိုးစီးပွား ဘုံသဘောတူညီမှုလည်းဖြစ်စေမှာ ဖြစ်ပါတယ်။ 

အဲလိုမဟုတ်ပဲ အာဏာရှင် ပြောင်းလဲမှု အုပ်ချုပ်သူပြောင်းလဲမှု သဘောမျိုး လှုပ်ရှားမှုဖြစ်မယ်ဆိုရင်တော့ တော်လှန်ရေးဆိုတာထက် တွန်းလှန်မှု တိုက်ခိုက်မှု၊ လူနည်းစုအကျိုးကို အလေးမထားတဲ့ လူများစုရဲ့ အရေးတော်ပုံသဘောမျိုးသာ ဖြစ်နေလိမ့်မယ်လို့ မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar