သုထက်စျာန် - အမည်းရောင်လွင်ပြင်ကြီးထဲက မီးတောက်ကြယ်
အမည်းရောင်လွင်ပြင်ကြီးထဲက မီးတောက်ကြယ်
သုထက်စျာန်
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၁
နာရီဒိုင်ခွက်ထဲကကျနေတဲ့ မျက်ရည်စက်တွေမှာ နာကျင်မှုတွေနဲ့ပေါ့။ စုတ်ပဲ့လွန်းတဲ့ သက္ကရာဇ်တွေ။ ပိုးမွှားကောင်တွေရဲ့ ဆူညံသံတွေ။ ဟောင်းနွမ်းနေတဲ့ စစ်တုရင်ခုံကြီးပေါ်က မပြီးဆုံးနိုင်သေးတဲ့ သွေးစက်ကျသံတွေ။ ဦးတည်ချက်မတူတဲ့ မြင်းခွာသံတွေ။ မွဲခြောက်နေတဲ့မျက်နှာပြင်ထက်က မာကြောမှုတွေ။အစီအရီသွယ်တန်းထားတဲ့ ဒုက္ခဝင်းထရံထဲမှာ နေခြည်နုနုကိုခူးဆွတ်နေတဲ့ တောလမ်းလေးဆီက တောပန်းလှလှလေးတွေ။ ရေလှိုင်းလေးတွေကအစကျောက်ဆောင်ကိုထိုးဆိတ်နေကြ။ မတူညီတဲ့ အလျားအနံတွေနဲ့ ဧရိယာတခုဆီ ချဉ်းကပ်နေကြပုံတွေ။ ထိကရုန်းလေးတွေရဲ့ပြန်စာနဲ့ လမ်းတွေကိုဖွင့်လျက်။သက်တံတစ်စင်းရဲ့ လှပမှုတွေက ချစ်စရာကဗျာတပုဒ်ပေါ့။
မှိုတပ်နေတဲ့ ရာသီထဲမှာ အဆိပ်ခပ်ခံလိုက်ရတဲ့ အကျဉ်းသားတွေလို။ အိပ်မက်ဆိုးတွေသယ်ဆောင်လာတဲ့ နတ်ဆိုးတစ်ပါးရဲ့ရယ်သံက ညကို ဝါးမျိုလို့။ ခေတ်အဆက်ဆက် စစ်မက်မီးတွေရဲ့လောင်မြိုက်မှုဟာ ယခုချိန်ထိ ကူးစက်နေဆဲ။ မပြန်နိုင်တဲ့ လမ်းတွေမှာ...။ မမြင်နိုင်တဲ့ အရပ်တွေမှာ....။ အရာအားလုံးအတွက် အရာအားလုံးကို နင်းခြေထွက်ခွာသွားသူတွေ။`စစ်ပွဲ´ တွေက ဆိုးကျိုးကိုသာ ယူဆောင်လာစမြဲ။ သင်ပုန်းချေဖို့မလွယ်တဲ့နာကျင်မှုတွေအပြည့်။ လမ်းမတွေက တိတ်ဆိတ်နေသလို။ ဆောင်းကလည်း ဆောင်းမပီသ သလို။ သို့သော် အရှိန်တင်ထားတဲ့ မြားတွေက ပစ်ကွင်းဆီ တရွေ့ရွေ့။
ကန္တာရထဲကထိုးထွက်နေကြတဲ့ သစ်ပင်ငယ်လေးတွေက တောအုပ်ကြီးအသွင်ဖန်တီးဖို့ အမှန်တရားကိုကုတ်တွယ်လို့ ။ ပျောက်နေတဲ့အက္ခရာအတွက် အလံကိုလွှင့်ထူထားကြတယ်။ တောထဲမှာ တောကိုရှင်းဖို့ အသက်ကိုရင်းနေကြ။ ရင်မောစရာနေ့ရက်အထပ်ထပ်။ ကမ္ဘာကြီးက သွေးအေးသတ္တဝါတကောင်။`စစ်မီး´ က ကမ္ဘာကြီးကို ပတ်ခွေထားသလား။ မျက်နှာဖုံးတွေရဲ့နောက်မှာ ပဥ္စလက်ဆန်သော ကကွက်ပေါင်းစုံတည်ရှိလျက်။ ကမ္ဘာကြီးဟာ ထိုးဆိိတ်ခံထာနေရတဲ့ အသားတုံးတခု ဖြစ်ခဲ့တယ်။
ဉာဏ်ပညာကင်းမဲ့တဲ့မီးတောင်တခုရဲ့ချော်ရည်တွေဟာ ဘဝပေါင်းများစွာကိုထိုးနှက်နေလျက်။ သတင်းတွေက ရင်နင့်စရာတွေဆက်တိုက်။ တူးဖော်လို့မတွေ့ရှိသေးတဲ့ အမှန်တရားဟာ ဘယ်ဆီပုန်းအောင်းနေသလဲ။ ဝဋ်ကြွေးတဲ့လား။ မဟုတ်ဘူး။ လုံးဝမဟုတ်ခဲ့။ စနစ်တကျဖျန်းပက်နေတဲ့ အဆိပ်တွေပေါ့။ လွန်လေပြီးခဲ့တာတွေရော။ လွန်လေမပြီးခဲ့တာတွေရော။ လူသားမဆန်မှုတွေက ကမ္ဘာကြီးကိုပြက်ရယ်ပြုလျက်။
မြောက်ပြန်လေညှင်းတို့ကား ပို၍အေးစက်လျက်ရှိတယ်။ ထိုးထွက်လာတဲ့ နေရောင်ခြည်ကား ရဲရဲရင့်ရင့်။ ဆောင်းဟာ အပြုံးတွေချို့တဲ့လျက်ရှိတယ်။ မီးဖိုလေးက အေးစက်စက်။ မျှော်လင့်ခြင်းရာသီတဲ့လား။ လမ်းတွေမှာ မြူတွေကဆိုင်းနေခဲ့။ မတရားမှုတွေမင်းမူနေတဲ့အရပ်။ ရှင်ကွဲတွေ၊ သေကွဲတွေ ချောက်နက်ကြီးထဲမှာ။ ငရဲလိုအသက်သွင်းထားတဲ့ ရက်စက်ယုတ်မာခြင်းတွေက နေ့စဉ် ကြားမြင်နေခဲ့ရ။ ရေလှိုင်းလေးတွေက ကျောက်ဆောင်တွေကို ထိခတ်နေမြဲ။ လှိုင်းပုတ်သံတွေက အထပ်ထပ်။ ညဟာ လရောင်ကို မက်မက်မောမော။
စည်းဝါးမကိုက်တဲ့ စကားလုံးတွေကြား မပျော်ရွှင်ဘဲ ရယ်နေခဲ့မိ။ ဟာသဆန်လွန်းပါတယ်။ မျက်ရည်ကိုလည်မှာဆွဲရင်း ရင်တွင်းဖွဲ့တေးကိုသီခဲ့ကြ။ အဝေးပြေးလမ်းမကြီးမှာ ခရီးနှင်နေတဲ့ ခြေသံတွေအပြည့်။ ကြယ်တွေ မကြွေပါစေနဲ့တော့။ ကွက်လပ်ဖြစ်နေမဲ့ ကောင်းကင်ကို မမြင်ချင်တော့ဘူးလေ။ အရူးတွေကိုက်ထားတဲ့ ရာသီမို့ အပူအအေးဟာ မျှတမှုမရှိခဲ့။ နံနက်ခင်းတွေက ဖွင့်မဖတ်ချင်စရာကောင်းလှတဲ့ တံခါးတချပ်အလား။ ပုံမှန်မဟုတ်တဲ့ ပုံမှန်လည်ပတ်ခြင်းတွေကြား အက်ကွဲကြောင်းရာတွေအထပ်ထပ်။ အမျိုးအမည်စုံတဲ့ ပူပင်သောကတွေဗရပွ။ ငိုနေတဲ့ သီချင်းတွေရယ်၊ ငိုနေတဲ့ကဗျာတွေရယ်၊ ငိုနေတဲ့ပန်းကလေးတွေရယ် ရင်နာစရာကောင်းလှတယ်။
ဒီလိုနဲ့.......။
အိပ်တန်းမပြန်နိုင်တဲ့ ကြယ်လေးတွေက ထွန်းလင်းနေလျက်..............။
မမျှားပဲ မိနေတဲ့ ငါး
ဆုတ်ခွာသွားတဲ့ မုတ်သုန်လေထဲ
အိပ်မက်တွေ တရွတ်တိုက်ခဲ့ရ
ပြက္ခဒိန်ကို အစကပြန်မှတ်တော့
ရက်ရာဇာတွေ ပျောက်နေပြန်တယ်။
ခိုလေးတွေကြည့်ပြီး
အဆင်ပြေပါစေလို့
အဆင်မပြေတဲ့ရင်ဘတ်နဲ့
နှစ်သိမ့်ပေးမိတယ်။
မနက်ဖြန်ဆိုတာကို
စိတ်ပျက်စရာတွေနဲ့ စိတ်ဝင်စားနေရ
ပစ္စုပ္ပန်ဟာ
မီးတောက်တွေ ဝိုင်းလို့
ဒီလိုပါပဲဆိုပြီး
မနေ့ကလည်း ဆိုခဲ့တာပဲလေ။
ယိုင်နဲ့နဲ့အိပ်မက်တဆုပ်နဲ့
ကြယ်လေးတွေကို ငေးလို့။
ဒုက္ခတွေက
အကောင်းဆုံးကပ်ခွာတစ်ခုလား။
ကြယ်ကလေးရေ
မင်းကတော့ ဝေနေတုန်းပဲနော်။
သုထက်စျာန်
10.12.2021
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar