မောင်မောင်စိုး - ရှမ်းမှတ်စု (၅)
ဒီဇင်ဘာ ၁၂၊ ၂၀၂၁
◾️ ရှမ်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး
လက်ရှိရှမ်းလက်နက်ကိုင်ပဋိပက္ခသည် ရှည်လျားသော သမိုင်းရှိသဖြင့် အလွယ်တကူဖြေရှင်းရန်ခက်ခဲသည်။ ၎င်းပဋိပက္ခသည် နှစ်ပေါင်းရာချီသည့် ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးစနစ်နှင့် သက်ဆိုင်ပုံရသည်။ ရှမ်းသည် ဖက်ဒရယ်ပြည်နယ်ဖြစ်သည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် အုပ်ချုပ်ကြသည့် စော်ဘွားနယ်များ လွတ်လပ်စွာပေါင်းစည်းထားခြင်းဖြစ်သည်။ ယခု ရှမ်းအဖွဲ့နှစ်ဖွဲ့သည် ထိုအစဉ်အလာမှ ဖေါက်ထွက်နေကြသည်။ ၎င်းမှာ ၎င်းတို့အဖွဲ့အစည်းသည် ရှမ်းပြည်နယ်တခုလုံးအားကိုယ်စားပြုသည့် အဖွဲ့အစည်းအဖြစ်မှတ်ယူထားခြင်းဖြစ်သည်။ ထိုသို့မှတ်ယူထားမှုအောက်တွင် နှစ်ဖက် ထိပ်တိုက်တွေ့နေကြသည်။ ဖက်ဒရယ်ပြည်နယ်ဖြစ်သော ရှမ်း၏ သဘောသဘာဝနှင့်ကိုက်ညီသည့် ပုံစံပြောင်းစဉ်းစားပါက ဖြစ်နိုင်မည်လော စဉ်းစားသင့်သည်။
အထက်တွင် ဖေါ်ပြထားသကဲ့သို့ ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးသာမက ပအိုဝ်း၊ တအာင်း၊ ဝ၊ ကိုးကန့်၊ ဓနု၊ လားဟူ၊ အာခါ စသည့်လူမျိုးများ၊ သူတို့၏ဒေသများရှိသည်။ ထို့ပြင် ထိုလူမျိုးများတွင် အင်အားတောင့်တင်းသည့် လက်နက်ကိုင်တပ်ဖွဲ့များရှိသည်။ အချို့က တိုင်းရင်းသားလက်နက်ကိုင်တပ်များအဖြစ်ရှိနေပြီး အချို့က ပသစများအဖြစ်ရှိနေသည်။ လက်နက်ကိုင်တပ်မရှိသည်သာ ဓနုတမျိုးသာရှိသည်ဟု ဆိုနိုင်သည်။ ထိုသို့သော အခြေအနေများအောက်တွင် ရှမ်းပြည်နယ်အား အဖွဲ့အစည်းတခုအောက်တွင်ထားရှိရေးထက် မူလရှမ်းဖက်ဒရယ်ပြည်နယ်ပုံစံနှင့်ပေါင်းစည်းရေးဖက်က လှည့်ပြောင်းစဉ်းစားပါက ပြသနာဖြေရှင်းနိုင်မည်လောဟု စဉ်းစားကြည့်သင့်သည်။
ထပ်ဆင့် စဉ်းစားကြည့်သင့်သည့်အချက်မှာ လက်နက်ကိုင်နည်းလမ်းနှင့်ဖြေရှင်း၍ ပြသနာ ဖြေရှင်းနိုင်မည်လောဆိုသည်ကို စဉ်းစားကြည့်သင့်သည်။ SSPP ဖက်ကိုကြည့်လျင် SSPP သည် အင်အားအတော်အသင့်ရှိသော်လည်း RCSS ထက် အင်အားအတန် ငယ်လျော့သည်။ သို့သော် SSPP သည်လက်နက်ခဲယမ်းအတော်အတန်ပြည့်စုံသည်။
ထို့ပြင် ရှမ်းမြောက်တွင် မဟာမိတ်အင်အားတောင့်တင်းသည်။ SSPP ၏မဟာမိတ်များမှာလည်း စစ်အင်အား လက်နက်အင်အား တောင့်တင်းသည်။ ထို့ပြင် SSPP သည် ရှမ်းပြည်ပြည်ပတွင်လည်း မဟာမိတ်ဖွဲ့စည်းမှုရှိခဲ့သည်။ RCSS သည် လူအင်အားအရ SSPP ထက်တောင့်တင်းသည်။ တစုံတရာလည်းတိုက်ရည်ခိုက်ရည်ရှိသည်။ ထိုင်းနယ်စပ်ရှိ RCSS တပ်များတွင် လက်နက်ခဲယမ်းပြည့်စုံခြင်း၊ ထောက်ပို့အားကောင်းမွန်ခြင်းရှိသော်လည်း ရှမ်းမြောက်ရှိ တပ်များအား လက်နက်ခဲယမ်းဖြည့်တင်းရန် အကန့်အသတ်ရှိသည်။ RCSS ၏ အဓိက အားနည်းချက်မှာ ရှမ်းမြောက်တွင်၎င်း ရှမ်းပြည်ပြင်ပတွင်၎င်း နိုင်ငံရေး၊ စစ်ရေးမဟာမိတ်မရှိပေ။ အထီးတည်းဖြစ်နေသည်။ RCSS ပါဝင်နေသော PPST သည် NCA ထိုးထားသောအဖွဲ့များ၏ နိုင်ငံရေးဆွေးနွေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းမျှသာဖြစ်သည်။ နိုင်ငံရေး၊ စစ်ရေးတပ်ပေါင်းစုတခု မဟုတ်ပေ။
သို့ဖြစ်ရာ ဤသို့သောအခြေအနေအောက်တွင် ရှမ်းမြောက်တွင် RCSS သည် SSPP အား အနိုင်တိုက်ရန် မဖြစ်နိုင်ပေ။ SSPP ကတော့ မဟာမိတ်အင်အားဖြင့် ရှမ်းမြောက်တွင် RCSS အခိုင်အမာနေရာယူထားသော ဒေသများကို အင်အားသုံးဖယ်ရှားနိုင်သည်။ သို့သော် အခြားပြသနာမှာ ရှမ်းလူထု၏ ထောက်ခံမှုဖြစ်သည် ရှမ်းမြောက်တွင် ရှမ်းလူထုကြားတွင် SSPP အားထောက်ခံမှုရှိသကဲ့သို့ RCSS အားထောက်ခံသူများရှိနေသည်။ ဤသို့သော အခြေအနေများအောက်တွင် RCSS သည် ရှမ်းမြောက်တွင် အခိုင်အမာခြေကုပ်များ၊ အခိုင်အမာစခန်းများ မတည်ဆောက်နိုင်သော်လည်း ပြောက်ကျားစနစ်ဖြင့် ပြန်လည်လှုပ်ရှားနိုင်သည်။ သို့နှင့် စစ်ပွဲသည် ရှည်လျားသွားပြီး တဖွဲ့နှင့်တဖွဲ့အပြုတ်တိုက်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသို့သော အခြေအနေအောက်တွင် စေ့စေပ်ဆွေးနွေးဖြေရှင်းခြင်းနှင့်ပတ်သက်၍ စဉ်းစားအဖြေရှာရန်လိုသည်။
ဤသို့ဖြေရှင်းရာတွင် နယ်မြေပိုင်းခြားသတ်မှတ်ပြီးလှုပ်ရှားကြ၍ ဖက်ဒရယ်ပုံစံပေါင်းစည်းဆက်ဆံလျင် ရေရှည်ပြသနာဖြေရှင်းနိုင်မည်လော စဉ်းစားအဖြေရှာကြည့်သင့်ပေသည်။ ဤနေရာတွင် ရှမ်းမြောက်တွင်သာ အခြေပြုပြီး ရှမ်းတောင်နှင့် ရှမ်းအရှေ့သို့ ထိုးဖေါက်လှုပ်ရှားခြင်းမရှိသည့် SSPP အတွက် ပြသနာမရှိလှပေ။ သို့သော် ရှမ်းအရှေ့တွင် အခြေပြုပြီး ရှမ်းတောင်နှင့် ရှမ်းမြောက်သို့ပါ ထိုးဖေါက်နေသည့် RCSS အတွက် စဉ်းစားစရာ ပြသနာများမည်ဟုယူဆရသည်။ RCSS သည် ရှမ်းအရှေ့တွင် "တပ် " နှင့်သာ ရင်ဆိုင်နေရသည်မဟုတ်ဘဲ UWSA ၁၇၁ စစ်ဒေသတပ်များနှင့် နီးနီးကပ်ကပ်ရင်ဆိုင်နေရရာ ရှမ်းအရှေ့တွင် လွတ်လွတ်လပ်လပ်ရှေ့တိုးရန် အကန့်အသတ်ရှိသည်။ တောင်ကြီး-ကျိုင်းတုံကားလမ်းတောင်ဖက်ရှိ ရှမ်းတောင်ဒေသတွင်လည်း မိုင်းပန်၊ မိုးနဲ၊ နမ့်စမ်မြို့နယ်များ၌သာ လှုပ်ရှားရန် လွယ်ကူသည်။ ထိုဒေသ၏အနောက်ဖက် ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုန်းဒေသသည် ပအိုဝ်းဒေသဖြစ်၍ ရှမ်းတပ်များလှုပ်ရှားရန်ခက်ခဲသည်။ ထို့ပြင် တောင်ကြီး၊ ဖယ်ခုံ၊ ညောင်ရွှေ၊ ရွှေညောင်၊ ကလော၊ အောင်ပန်း၊ ရပ်စောက်၊ ပင်းတယဒေသများသည်လည်း လက်နက်ကိုင်တပ်ဖွဲ့များ အခြေပြုရန်ခက်ခဲသည်။ သို့ဖြစ်ရာ RCSS အတွက် သူ့လှုပ်ရှားစိုးမိုးရန် နယ်မြေစိုးမိုးရန် နယ်မြေကျဉ်းနေသည်ဟု ယူဆမည်ဖြစ် သည်။ ထို့ပြင် ရှမ်းမြောက် မူစယ်လမ်းကြောင်းမှ နယ်စပ်ကုန်သွယ်မှုသည် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းအားလုံး၏ ၇၀% အထက်တွင်ရှိပြီး စီးပွါးရေးကောင်းမွန်သည်ဖြစ်ရာ လက်နက်ကိုင်အဖွဲ့များအတွက် အခွန်အတုတ်ကောက်ခံရေးအတွက် အရေးပါနေ သည်။ သို့ဖြစ်ရာ SSPP အဖို့ ရှမ်းမြောက်တွင်သာလှုပ်ရှားပြီး ရှမ်းတောင်နှင့် ရှမ်းအရှေ့သို့မလှုပ်ရှားသည်က ပြသနာမရှိသော်လည်း ရှမ်းအရှေ့နှင့် ရှမ်းတောင်တွင်အခြေပြုသည့် RCSS က ရှမ်းမြောက်သို့ မတိုးချဲ့မလှုပ်ရှားရန် ခက်ခဲနေပုံရသည်။ နယ်မြေထိမ်းချုပ်ရေးပြသနာဆိုသည်မှာ လက်နက်ကိုင်တပ်ဖွဲ့များ တည်တန့်ခိုင်မာရေးအတွက် အရေးကြီးသည့် အပြင် အဖွဲ့အစည်းတည်တန့်ခိုင်မြဲရေးနှင့်ဆက်စပ်နေရာ သေးငယ်သော ပြသနာတော့မဟုတ်ပေ။
ရှမ်းလက်နက်ကိုင်အဖွဲ့များနယ်မြေပိုင်ခြားရန်အတွက် အခြားပြသနာတခုမှာမြန်မာ့တပ်မတော်၏ ကြီးမားသော စစ်အင်အားချထားမှုကို ရင်ဆိုင်နေရခြင်းကလည်း ပြသနာတခုဖြစ်သည်။ မြန်မာပြည်ရှိ တိုင်း/ပြည်နယ် ၁၄ ခုထဲ၌ ရှမ်းပြည်နယ်တွင် မြန်မာ့တပ်မတော်မှ စစ်အင်အားအများဆုံးချထားသည်။ စစ်တိုင်းဌာနချုပ် ၄ ခု (တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ ခိုလန်) တို့ရှိသည်။ ဒေသကွပ်ကဲမှု ဒကစ တခု (လောက်ကိုင်) ရှိသည်။ အဆိုပါ တိုင်းစစ်ဌာနချုပ် ၄ ခုအောက်မှ တိုင်းတပ်တပ်ရင်းဖွဲ့များအပြင် စစ်ဆင် ရေးနှင့်ကွပ်ကဲမှုဌာနချုပ် စကခ ၇ ခု (သိန္နီ၊ ကျောက်မဲ၊ မိုင်းနောင်၊ ဖယ်ခုံ၊ မိုင်းပန်၊ မိုင်းဆတ်၊ မိုင်းဖြတ်) နှင့်တပ်မတခု ( ကလော) တို့ရှိသည်။ နမ့်စမ်လေတပ်စခန်းအပြင် အခြားလက်ရုံးတပ်ဖွဲ့များစွာရှိသေးသည်။ ရှမ်းပြည်နယ်တွင် တပ်အားအထောက်အကူပြုရန် BGF ၅ ရင်းအပြင် ပြည်သူ့စစ်အဖွဲ့ပေါင်းများစွာ အင်အားများစွာ (သောင်းဂဏန်းရှိသည်ဟုဆိုသည်) ဖွဲ့စည်းထားသည်။ လက်ရှိ တပ်ကဖွဲ့စည်းထားသော ပြည်သူ့စစ်အများစုမှာ ရှမ်းပြည်နယ်တွင်ရှိသည်။ ပြည်သူ့စစ်များ၏ တိုက်ရည်ခိုက်ရည်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာရှိသော်လည်း နယ်မြေကျွမ်းကျင်မှု၊ ဒေသခံဘာသာစကားကျွမ်းကျင်မှု၊ နယ်မြေသတင်းရရှိမှုများတွင် ပသစများသည် တပ်အတွက် ကြီးစွာအထောက်အကူပြုသည်။
သို့ဖြစ်ရာ ရှမ်းတပ်ဖွဲ့နှစ်ခု လက်နက်ကိုင်ပဋိပက္ခအား ဖြေရှင်းရန်အတွက် နယ်မြေပိုင်းခြားရေးဆိုသည်မှာလည်း လက်တွေ့တွင်ရင်ဆိုင်ဖြေရှင်းရမည့် ပြသနာများစွာရှိသည်ကိုတွေ့ရသည်။ ထို့ပြင် တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ နှစ်ဖက်တပ်များ ကိုင်စွဲထားသည့်မူမှာလည်း ကွဲလွဲမှုရှိနေသည်။ SSPP က နယ်မြေပြသနာအရင်ဆွေးနွေးမည်၊ ပြီးမှ နိုင်ငံရေးပြသနာဆွေးနွေးမည်ဟုရပ်ခံသည်။ RCSS က နိုင်ငံရေးပြသနာအရင်ဆွေးနွေးမည်၊ ပြီးမှ နယ်မြေပြသနာဆွေးနွေးမည်ဟု ရပ်ခံသည်။ သို့နှင့် နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးရေးအား ဝိုင်းဝန်းကြိုးပမ်းနေကြသော်လည်း အကောင်အထည်မပေါ်ဖြစ်နေသည်ဟုဆိုသည်။
ဤသို့ထွက်ပေါက်ပိတ်နေသည့်အချိန်အခါတွင် ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် စတင်ပါက မသင့်တော်ပေဘူးလားဟု ပြောင်းလဲစဉ်းစားကြည့်သင့်သည်။ နှစ်ဖက်တွေ့ဆုံများမှ ယုံကြည်မှု ၊နားလည်မှုတည်ဆောက်ပြီး ပြသနာဖြေရှင်းပါက ဖြစ်နိုင်ချေရှိမရှိအားစဉ်းစားသင့်ပေသည်။ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတခုပြုလုပ်ပါက ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားရှိခြင်းက ဆွေးနွေးရာတွင် ပို၍ ညှိနိုင်းရန် အဆင်ပြေလေ့ရှိပါသည်။ ကြိုတင်သတ်မှတ်ချက်များက ဆွေးနွေးညှိနှိုင်းမှုများကို အကန့်အသတ်ဖြစ်စေပါသည်။ဤသည်မှာ လေ့လာသုံးသပ်သူတဦး၏ အမြင်မျှသာဖြစ်သည်။ အခိုင်အမာအား ရှမ်းပြည်အရေးကို လက်တွေ့လုပ်ကိုင်ဦးဆောင်နေသူ ရှမ်းခေါင်းဆောင်များက ဆုံးဖြတ်ကြရပေလိမ့်မည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်တိုင်းရင်းသားအရေး၊ ပြည်နယ်အရေး၊ ဖက်ဒရယ်အရေးတို့တွင် ရှမ်းနိုင်ငံရေးကအရေးပါခဲ့သည်။ ဦးဆောင်မှုအခန်းတွင်ရှိခဲ့သည်။ ပင်လုံစာချုပ်အား ရှမ်းပြည်တွင်ချုပ်ဆိုခဲ့သကဲ့သို့ ဖက်ဒရယ်မူအား ရှမ်းတို့ဦးဆောင်အဆိုပြုခဲ့သည်။ တောင်ကြီးညီလာခံခေါ်ဆို၍ တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်နယ်အားလုံးကို ချပြရှေ့ဆောင်နိုင်ခဲ့သည်။ ဖက်ဒရယ်စနစ်နှင့်အသားကျနေသည့် ရှမ်းပြည် နယ်မှ ဖက်ဒရယ်မူရှေ့ဆောင်တင်ပြလာသည်မှာ သဘာဝကျခဲ့သည်။ ယနေ့အချိန်ကာလတွင် ရှမ်းနိုင်ငံရေးသည် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးတွင် ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်သည့်အခန်းမှ လျှောကျနေခဲ့ပြီဖြစ်သည်။ ဤသည်မှာ ရှမ်းတို့ကြားသဘောထားကွဲလွဲမှုများ၊ လက်နက်ကိုင်ပဋိပက္ခများ၏ ဂယက်ရိုက်မှုများကြောင့်ပေလောဆိုသည်ကို ရှမ်းခေါင်းဆောင်များ သေချာစွာသုံးသပ်စဉ်းစားသင့်ပေသည်။
မောင်မောင်စိုး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar