နွေဦး - ဒိန်းတလိမ်း နတ်
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၁
(၁)
ဒီမယ် ကိုသောင်းဖေ
ရှင့်ရဲ့ ရွှေပြည်အေးတရား
ကျမ မနာကြားခြင်း
စစ်ဆိုတာ
အသက်ချင်း
ချည် တိုက်ရတဲ့ပွဲ
အသက်အိုးစားကွဲရင်
ဆက်မရဘူးဆိုတာ
ကျမတို့
စစ်ကိုင်းသူတွေ သိပါတယ်။
(၂)
ဟိုတုန်းက
လသာညတွေဆိုရင်
ကျမတို့ ရွာလယ်လမ်းလေးမှာ
ကျမသား ကံကောင်းနဲ့
သူချစ်တဲ့ နှင်းမြတို့တသိုက်
ဖန်ခုန်ကြ ထုတ်တိုးကြ
ညဟာ လှလို့။
အနုပညာကိုချစ်တဲ့
ကျမသား ကံကောင်း
ရွာဘုံကထိန်ဆိုရင်
မင်းသားဖြစ်လိုက်
ဦးရွှေရိုးဖြစ်လိုက်
အိုးစည် ဒိုးပတ်သံကြား
ကျမသားရဲ့ ကကြိုး
မြူးကြွ လှပလို့ပေါ့။
(၃)
အဲဒီလို
ချစ်စာရာကောင်းတဲ့
ကျမတို့ရွာ
စစ်မီးသင့်ခဲ့ပြီ
ကိုသောင်းဖေရေ
ရှင့်အိမ်ရှေ့
စစ်မီး မခသေးတော့
စစ်ရဲ့ခါးသီးမှု့ကို
ရှင့် ဘယ်သိပမလဲ
ကိုသောင်းဖေရယ်။
(၄)
မလေးရှားပုဆိုးနဲ့
စိန်သန့်ကို စုစည်းတစည်းမက
ခေါင်းရင်းခန်းထား အိပ်နိုင်ကြတဲ့
စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာမက်လို့
ဖြစ်လာရတဲ့ စစ်ပွဲရှင့်။
ရွေးကောက်ပွဲ မဲလိမ်လို့
အာဏာထိမ်းရတာတဲ့
ထွီး
ကျမဖြစ်
ရွံချက်က နာတယ်တော်
ဒင်းတို့တသိုက်
ချီးစားပြောရင်တောင်
ချီးကြိုက်လို့ မှတ်မှာ။
(၅)
သား
လူလေး
ဖိုးကံကောင်း
မင်းဟာ ငယ်သေးတယ်ကွဲ့။
ထနောင်းပင်အောက်
ရွာထိပ်က
ကိုသာလှ ကြံရည်ဆိုင်က
နွားခလောက်သံလေး
စည်းချက်ညီညီ ကနေတဲ့နေ့
နွေလေရူးရဲ့အောက်မှာ
ကျောက်စိမ်းရောင်
ဘိလပ်ရည်ပုလင်းကြားက
နှင်းမြရဲ့အကြည့်က
သားရင်တွေ
အရမ်းခုန်တာဘဲအမေလို့ပြောတော့
အမေဖြစ် ရယ်လိုက်ရတာ
ငါ့သားလေး
လူပျိုဖြစ်ပြီ
ဒိန်းတလိမ်းနတ်ပူးပြီလို့
ကျမသားခေါင်းကို ဖွဖွလေးပွတ်ပြီ
စနောက်တော့
သူမျက်ဝန်းလေး
လင်းလဲ့ ရှက်နေပုံများ
ကျမအတွက်တော့
နတ်သားလေးတပါးဘဲ။
ကိုသောင်းဖေရေ
စစ်ကို
ကျမတို့
ဖိတ်ခေါ်ခဲ့တာမဟုတ်ဖူးတော့
ရွာကိုမီးသင့်
ငယ်ရွယ်သူတွေ အသက်ခံရတော့
နှင်းမြနဲ့ အမေတို့
မိန်းမသားတွေကို ကာကွယ်ရမယ်
ရွာကိုကာကွယ်ရမယ်
ဓမ္မဘက်က ရပ်ရမယ်အမေ
တောမီးကို တောမီးနဲ့
သတ်မှ ဖြစ်မယ်အမေ။
တူမီးဆွဲကိုင်ထွက်ခဲ့တဲ့
ကျမသား
သူရဲကောင်းပီသစွာ
ကျဆုံးခဲ့ပေါ့။
(၆)
ကိုသောင်းဖေရေ
ကျမလေ
ကမြ မငိုဘူး
ဘယ်အမေက မငိုဘဲရှိစ
ကျမရင်ထဲ မိုးပြိုနေတယ်
ကျမနှုတ်ခမ်းတွေ
ဗျန်းခနဲပေါက်ထွက်မတက်
အံကို တင်းတင်းကြိတ်ထားတယ်
သားရေ
လူလေး
ဖိုးကံကောင်းရေ
မင်းအမေ နံနက်တိုင်း ရွတ်နေတဲ့
မေတ္တာသုတ် နံရံကြားထိုးပြီ
တူမီးကိုင်ပြီး ထွက်ခဲ့ပမယ်။
နွေဦး
၁၈.၁၂.၂၁
မြန်မာပြည် တနံတလျားက ဖိုးကံကောင်းနဲ့ အမေများကို ဂုဏ်ပြုလျက်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar