အောင်စိုး - စစ်အာဏာရှင်က အရပ်သားဝန်ကြီးချုပ်အား ကြိုးပေးကွပ်မျက်ခဲ့စဥ်
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၁
ပါကစ္စတန်နဲ့မြန်မာဟာ စစ်တပ်ကနိုင်ငံရေးကို စွက်ဖက်တဲ့ သမိုင်းအစဥ်အလာတူ နိုင်ငံတွေပါ။ ဆရာမန်းတင်ရေးတဲ့ သံကြီးတမန်ကြီးစာအုပ်မှာ ပါကစ္စတန်မှာ တာဝန်ထမ်းဆောင်မယ့် အမေရိကန်နဲ့ ဂျပန်သံအမတ်တွေကို မြန်မာမှာ အရင်တာဝန်ပေးတာ တွေ့ရပါတယ်။ ပါကစ္စတန်စစ်တပ်က မကြာခဏအာဏာသိမ်း၊ အခြေခံဥပေဒေတွေ စိတ်ကြိုက်ဆွဲ၊ ကိုယ်တိုင်သမ္မတလုပ်တတ်ကြပါတယ်။ လူကြိုက်များတဲ့ အလီဘူတိုလို အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချကြိုးပေးလုပ်နိုင်ခဲ့လို့ ပါကစ္စတန်စစ်တပ်ဟာ မြန်မာစစ်တပ်ရဲ့ နမူနာယူစရာပါ။
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အလီဘူတိုကို ၁၉၂၈ မှာ အထက်တန်းလွှာမိသားစုမှမွေးဖွားခဲ့ပြီး အမေရိကန်နဲ့ အင်္ဂလန် အောက်စဖို့ဒ်တို့မှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ ပါကစ္စတန်သို့ပြန်လာပြီး ရှေ့နေလုပ်နေစဥ် ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် စေလွှတ်ခြင်းခံရပါတယ်။ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီး အယွတ်ခန်း အာဏာသိမ်းပြီးနောက် ဘူတိုကို စီးပွားကူးသန်းဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၅ ကတ်ရှမီးယားစစ်ပွဲအပြီး အိန္ဒိယနှင့်ငြိမ်းချမ်းရေးယူတဲ့ကိစ္စကို ဆန့်ကျင်တဲ့အတွက် အစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့ရပါတယ်။ ဘူတိုဟာ ၁၉၆၇ မှာ ပါကစ္စတန်ပြည်သူ့ပါတီ (ပီပီပီ) ကို တည်ထောင်ခဲ့ပြီးနောက် မကြာခင်မှာ အာဏာရှင်စနစ်ကို ရှုတ်ချမှုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
၁၉၆၉ တွင် ဗိုလ်ချုပ်ကြီးအယွတ်ခန်းက ဗိုလ်ချုပ်ကြီးယာယာခန်းကို အာဏာလွှဲခဲ့ပြီး ၁၉၇၀ မှာ ရွေးကောက်ပွဲကျင်းပပေးပါတယ်။ ဘူတို၏ ပီပီပီပါတီဟာ အနောက်ပါကစ္စတန်မှာ အပြတ်အသက်အနိုင်ရပေမယ့် ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာမယ့် အရှေ့ပါကစ္စတန်ရှိ အဝါမီပါတီက အရှေ့အနောက်နှစ်ခုပေါင်းတွင် မဲအများဆုံးရရှိခဲ့ပါတယ်။ အဝါမီပါတီသည် အရှေ့ပါကစ္စတန်ခွဲထွက်ရေးကို လုပ်ဆောင်တဲ့အတွက် ဘူတိုက သူတို့နဲ့အတူ အစိုးရဖွဲ့ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲရလဒ်ကို ပျက်စီးသွားစေပြီး မကြာခင်မှာ အရှေ့ပါကစ္စတန်မှာ ပြည်တွင်းစစ်ဖြစ်ပါတော့တယ်။ အိန္ဒိယက ကူညီတိုက်ခိုက်လို့ ပါကစ္စတန်ဟာ စစ်ရှုံးပြီး အရှေ့ပါကစ္စတန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ် ဖြစ်လာပါတယ်။
စစ်ရှုံးဗိုလ်ချုပ်ကြီး ယာယာခန်းက ၁၉၇၁ မှာ အာဏာလွှဲပေးခဲ့တာကြောင့် အရပ်သား ဘူတို သမတဖြစ်လာပါတယ်။ ဘူတိုဟာ ယာယာခန်းကို နေအိမ်အကျယ်ချုပ်ထားခြင်း၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခြင်း၊ မြေပိုင်ရှင်ကြီးတွေကို အခွန်ကောက်ခြင်း၊ အစ္စလာမ်မစ်နိုင်ငံအဖြစ်ပြောင်းလဲခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။၁၉၇၃ မှာ အခြေခံဥပဒေသစ်ရေးဆွဲပြီးနောက် ဘူတိုဟာ အုပ်ချုပ်ရေးမှာ အာဏာအရှိဆုံးဖြစ်တဲ့ ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
ဘူတိုရဲ့ပြုပြင်ပြောင်းလဲရေးက ထင်သလောက်မအောင်မြင်ဘဲ သူ့ရဲ့ခပ်ကြမ်းကြမ်းအုပ်ချုပ်ပုံကို တချို့က မကြိုက်ကြပါဘူး။ ပါတီတွင်းအကွဲအပြဲရှိလာပြီး နိုင်ငံရေးမငြိမ်မသက်မှုတွေလည်းဖြစ်လာပါတယ်။ ပြည်သူတွေရဲ့ထောက်ခံမှုကို ရဖို့ ဘူတိုဟာ ၁၉၇၇ မှာ ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်။ အတိုက်အခံတွေပေါင်းပြီး ဘူတိုကို ပြိုင်ပေမယ့် ဒီအကြိမ်မှာလည်း ဘူတို အပြတ်အသက်အနိုင်ရပါတယ်။ လူအများအပြား မဲထည့်ခဲ့ပေမယ့် အတိုက်အခံတွေက မသမာမှုတွေလုပ်တယ်လို့ သူ့ကိုစွတ်စွဲပြီး ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ပါတယ်။
အဲ့ဒီလိုနိုင်ငံရေးတင်းမာမှုကိုအခွင့်ကောင်းယူပြီး ကာကွယ်ရေးဦးစီးချုပ် ဇီယာအူဟတ်က အာဏာသိမ်းပါတယ်။ ပထမဦးဆုံး ရက် (၉၀) အတွင်း ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲမယ်လို့ ကြေညာတယ်။ မကြာခင်မှာပဲ ဇီယာဟာ ကတိဖျက်ပြီး ရွေးကောက်ပွဲလုပ်မပေးတော့ပဲ နိုင်ငံရေးသမားတွေကို စတင်နှိပ်ကွပ်တယ်။ အလီဘူတိုကိုဖမ်းဆီးပြီး နိုင်ငံရေးပြိုင်ဖက်တယောက်ကို သတ်ဖို့စေခိုင်းတယ်လို့စွတ်စွဲကာ စစ်အုပ်ချုပ်ရေးလက်အောက်တရားရုံးက သေဒဏ်အမိန့်ပေးပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်အချို့က ပြန်လွှတ်ပေးဖို့ တောင်းပန်ခဲ့ကြပေမယ့် ဘူတိုကို ၁၉၇၉ မှာ ကြိုးပေးကွက်မျက်ခဲ့ပါတယ်။
ဒီနေရာမှာ ဗိုလ်ချုပ်ကြီးဇီယာအူဟတ်ဟာ အလီဘူတို စီးပွားရေးစီမံကိန်းတွေမအောင်မြင်လို့ လူကြိုက်များမှုကျလာတာကို စောင့်တယ်။ နိုင်ငံရေးတင်းမာမှုကြောင့် ပြည်နယ်တွေမှာ စစ်တပ်ချထားစဥ် အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်တာတွေလုပ်တယ်။ အတိုက်အခံတွေရဲ့ ရွေးကောက်ပွဲဆန့်ကျင်တာကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်တာကို မထိန်းဘဲ အခွင့်ကောင်းယူ အာဏာသိမ်းတယ်။ စစ်ဗိုလ်ချုပ်ကြီးဟာ ပြည်သူတွေနှစ်သက်တဲ့ ဘူတိုကို ရွေးကောက်ပွဲမှာ ဘယ်လိုမှမနိုင်လို့ မတရားစွဲဆို သေဒါဏ်ချလိုက်တာပါ။
ရက် (၉၀) အတွင်း ရွေးကောက်ပွဲလုပ်မယ်လို့ လိမ်လည်တဲ့ ဗိုလ်ချုပ်ကြီးဟာ နောက်(၇)နှစ်ကြာမှ လူထုဆန္ဒခံယူပွဲဆိုတာလုပ်ပြီး သူ့ကို အာဏာရှင်ဆက်လုပ်ဖို့ မဲ ၉၇.၈ ရာနှုန်းကထောက်ခံတယ်လို့ ကြေညာတယ်။ နောက်နှစ် ၁၉၈၅ မှာ နာမည်ခံရွေးကောက်ပွဲလုပ်ပြီး ရုပ်သေးအစိုးရ၊ ရုပ်သေးလွှတ်တော် ဖွဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးဇီယာအူဟတ်ဟာ ၁၉၈၈ မှာ လေယာဥ်ပျက်ကျပြီး သေဆုံးသွားပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အလီဘူတိုရဲ့သမီး ဘနာဇီဘူတို ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်ခဲ့ပေမယ့် သူမလည်း စစ်တပ်ရဲ့ပယောဂမကင်းတဲ့ လုပ်ကြံမှုမှာ သေဆုံးသွားခဲ့ပါတယ်။
ပါကစ္စတန်စစ်ဗိုလ်ချုပ်တွေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ရွေးကောက်ခံပြည်သူ့ခေါင်းဆောင်တွေကို လုပ်ကြံပြီး ဒီမိုကရေစီစနစ်ကိုဖျက်ဆီးတဲ့နေရာမှာ ဘယ်လိုတူတယ်၊ ဘယ်လိုခြေလှမ်းမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
အောင်စိုး
(၁၆-၁၂-၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar