Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၈ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၈ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၂

◾️ ပြိုလဲမယ့်အန္တရာယ်ရှိနေတဲ့နိုင်ငံ 
ဒီနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တံခါးပိတ်အစည်းအဝေးကျင်းပဖို့ရှိပြီး မကျင်းပခင်မှာ သတင်းမီဒီယာနဲ့တွေ့ဆုံရာမှာ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌနေရာ တာဝန်ယူထားရတဲ့ နော်ဝေနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံဟာ ပြိုလဲတော့မယ့်အန္တရာယ်ရှိနေတယ်လို့ ပြောဆိုသုံးနှုန်းလိုက်ပါတယ်။ 

၄င်းကပဲ လတ်တလော လုပ်ဆောင်ဖို့ ၂ ချက်အနေနဲ့ အပစ်အခတ်တွေအားလုံးရပ်စဲပြီး နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို အားလုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီးလိုအပ်နေပေမယ့် ကူညီနိုင်ဖို့ အခြေအနေမပေးတာကိုလည်း နော်ဝေသံအမတ်က ထည့်သွင်းပြောဆိုသွားပါတယ်။ 

မြန်မာနိုင်ငံအခြေအနေရဲ့ ပြိုလဲမယ့်အန္တရာယ်ဆိုတာဟာ ဘာကိုအတိအကျရည်ညွှန်းသလဲဆိုတာ မရှင်းလင်းသော်လည်း အုပ်ချုပ်မှုယန္တရားတွေ မထိရောက်တော့တာ၊ တရားဥပဒေ စိုးမိုးမှုမရှိတော့တာမျိုး၊ လက်နက် ကိုင်ထားသူတွေကသာ လူတယောက်ရဲ့ ရှင်သန်မှု သေဆုံးမှု ကံကြမ္မာကို ဆုံးဖြတ်နိုင်တာမျိုး၊ မိမိစားဝတ်နေရေးအတွက် ကောင်းမွန်စွာ အလုပ်လုပ်ကိုင်စားသောက် နေထိုင်နေနိုင်ဖို့ထက် အသက်အန္တရာယ်လွတ်ကင်းဖို့ကိုသာ ပထမဦးစားပေးအနေနဲ့ စဥ်းစားနိုင်ပြီး ပိုင်ဆိုင်မှုတွေလုပ်ကိုင်ထားတဲ့ လုပ်ငန်း၊ စိုက်ပျိုးထားတဲ့ လယ်ယာစိုက်ခင်း၊ မွေးမြူထားတဲ့ အိမ်မွေးတိရိစ္ဆာန်လို ပိုင်ဆိုင်မှုတွေ အားလုံးစွန့်လွှတ်ထားခဲ့ရပြီး အသက်ဘေးလွတ်ရာ ပြေးကြရတဲ့သူ သိန်းနဲ့ချီရှိနေတဲ့ လက်ရှိအခြေအနေကို ထင်ဟပ်နေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်တိုက်ခိုက်မှုမပါပဲ၊ လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်းမှုမပါဘဲ ဖြေရှင်းမှု မပြုနိုင်ခဲ့သလောက်တွေ့ရပြီး စစ်တပ်ရဲ့ လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲမှု ဖိနှိပ်မှု တိုက်ခိုက်မှုတွေကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အင်အားစုတွေက လက်နက်ကိုင်ပြီး ခုခံတိုက် ခိုက်ဖို့ နောက်တဆင့်တက် စစ်တပ်အာဏာသိမ်းအစိုးရကို ဖြုတ်ချဖို့၊ ဆယ်စုနှစ် ၇ စုကျော်ကြာ သက်တမ်းရှိတဲ့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်လွှမ်းမိုးမှုကို အဆုံးသတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေအထိ ရည်မှန်းလုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအထဲ တဖွဲ့နဲ့ တဖွဲ့ ပြဿနာကို ချဥ်းကပ်ရှုမြင်ပုံခြင်းတော့ မတူညီကြပါဘူး။ စစ်အာဏာရှင်စနစ်ပြဿနာအပြင် အခြားသောပုံစံနဲ့ အာဏာရှင်စနစ်ပြဿနာကိုလည်း တပြိုင်ထဲ ဖေါ်ပြထားကြတဲ့ ထုတ်ပြန်ချက် ပြောဆိုချက်တွေရှိတာလည်း သတိပြုမိကြမယ် ထင်ပါတယ်။ ဒီအချက်က ဘာကိုဆိုလိုသလဲဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရည်မှန်းချက်ထားတဲ့ တိုင်းရင်း သားလူမျိုးစုတွေရဲ့ စိုးရိမ်ပူပန်မှုကို ဖေါ်ပြနေတဲ့သဘောဖြစ်ပါတယ်။ 

စစ်တပ်ပြုတ်ကျရေးတင်မကပဲ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အစားထိုးရေးကလည်း တန်းတူအရေး ကြီးတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဆယ်စုနှစ် ၇ ခုကျော်ကြာခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ သင်ခန်းစာသမိုင်းမှာ အမျိုးမျိုးသော အစိုးရတွေ အာဏာရယူအုပ်ချုပ်ခဲ့ကြစဥ် တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လက်မခံခြင်းကလည်း စစ်အာဏာရှင်နဲ့ သို့မဟုတ် အခြားသော အာဏာရှင်ပုံစံနဲ့ ပေါ်ထွက်ခဲ့ကြဖူးတဲ့ အတွေ့အကြုံတွေအရ ပြောဆိုကြတဲ့သဘောလို့လည်း ယူဆရပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို ဘယ်လောက်ထိ အဖြေရှာပေးနိုင်မလဲဆိုတာ မသိရှိနိုင်သေးသော်လည်း မြန်မာ့အရေးကိစ္စမှာ အဓိကအဆုံးအဖြတ်ကျတာကတော့ ပြည်တွင်းမှာ ရှိနေတဲ့ ပါဝင်ပတ်သက်သူတွေ၊ မူဝါဒချမှတ်သူတွေ၊ ဦးဆောင်သူတွေ၊ အဆုံးအဖြတ်ပြုနိုင်သူတွေရဲ့ အမြော်အမြင်၊ ပုဂ္ဂိုလ်ရေး အာဃာတထက် လူအများရဲ့ အကျိုးစီးပွားကို ဦးစားပေးမှုမူဝါဒတွေ အပေါ်မူတည်နေလိမ့်မယ်လို့ မြင်ပါတယ်။ 

ဒီနေ့အတွက် အခြားသော သတင်းတွေကိုကြည့်ရင် လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတချို့မှာ နေအိမ်ပြန်လာသူတွေရှိလာရာက ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ သတ်ဖြတ်ခံရတဲ့ အရပ်သားတွေရဲ့ ရုပ်အလောင်းတွေ ပိုပြီးတွေ့ရှိလာရလို့ အရပ်သားသေဆုံးမှု ကိန်းဂဏန်းတွေ တိုးတက်လာတဲ့သတင်းတွေ တွေ့ရပါတယ်။ အိမ်သာကျင်းတွေထဲ ပစ်ချထားတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ၄ ဦး၊ ၆ ဦးရှိရာကနေ အခု အရေအတွက်တိုးလာတာ ဖတ်ရှုရပါတယ်။ 

တခြားပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ်မှာတော့ ရိဒ်ခေါဒါ မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံသား ၄၀၀ ကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် တိမ်းရှောင်သွားကြတဲ့သတင်းလည်း ဖတ်ရှုရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ လူမျိုးစုတွေနဲ့ သမိုင်းကြောင်းအရ ဓလေ့ထုံးစံ ဘာသာစကားအရ ဆက်နွယ်မှုတွေရှိပြီး ပြည်နယ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကနေ ဘေးလွတ်ရာတိမ်းရှောင်ရသူတွေအပေါ် လူသားချင်းစာနာမှုပြည့်ဝစွာနဲ့ ကူညီနေတာလည်း ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့အုပ်ချုပ်တဲ့ အိန္ဒိယနိုင်ငံမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်မှာ အခုလို လူသားချင်းစာနာမှုအရ အကူအညီပေးမှုတွေကို ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်အဖြစ်သတ်မှတ်ထားတဲ့သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေ့အတွက် အခြားသော သတင်းတပုဒ်ကတော့ အာဏာသိမ်းခံလိုက်ရတဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ စီမံဘဏ္ဍာဝန်ကြီးဖြစ်သူ ဦးစိုးညွန့်လွင်တို့ကို အဂတိလိုက်စားမှုနဲ့ ထောင် ဒဏ် ၁၄ နှစ်စီချလိုက်တဲ့သတင်းပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတမှုကို ထောင်ဒဏ် ၄ နှစ်စီနဲ့ စုစုပေါင်း ၁၆ နှစ်ချမှတ်ခံရတာ ဖြစ်ပါတယ်။ ဒီလိုပြစ်ဒဏ်ချမှတ်မှုတွေဟာ နိုင်ငံရေးအရ ခြောက်လှန့်တာ၊ ဖိအားပေးတာတွေသာဖြစ်ပြီး ဒီထက်ပိုတဲ့ ဥပဒေချိုးဖောက်မှု အဓိပ္ပါယ်တော့မသက်ရောက်တာ လူတိုင်းသိရှိပြီးဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar