ခင်မောင်စိုး - စီးဝံ့သူတွေမှ လိုက်ရဲတဲ့ရထား
ခင်မောင်စိုး - စီးဝံ့သူတွေမှ လိုက်ရဲတဲ့ရထား
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၂
ရထားကတော့ ထွက်သွားပြီ။
တချို့က ရထားဆိုက်မှန်း မသိလိုက်ကြ။ ဥသြဆွဲသံကို သူတို့မကြား၊ ရထားဝင်လာတာကိုလည်း သူတို့မသိ၊ ရထားထွက်သွားတာကိုလည်း သူတို့မမြင်။ တချို့က သိပေမယ့် လိုက်ရမှာလား ဝေခွဲမရဖြစ်ရင်း ကျန်နေရစ်။ တချို့ကလည်း ဒီရထားဟာ ဒီမိုကရေစီနိုင်ငံသစ်ကို သွားမယ်ဆိုတာ မယုံလို့ ကျန်စစ်သား ငါ့လာခိုးတယ် အော်ဟစ်ရင်း ကျန်ခဲ့ကြ။ တချို့ကတော့ ဒယ်အိုးထဲက သကြားရည်ကို သောက်သုံးနေတဲ့ ပုရွက်ဆိတ်တွေလို အဲဒီဒယ်အိုး မီးဖိုပေါ်ရောက်နေပြီ၊ မီးပြင်းတိုက်ခံနေရပြီ ဆိုတာမသိဘဲ ရရှိနေဆဲ ချိုမြိန်မှုမှာ ယစ်မူးရင်း ကျန်ရစ်ကြ။ တချို့ကတော့ သိပေမယ့် မလိုက်ဝံ့တော့တဲ့အတွက် မသိချင်ဟန်ဆောင်ရင်း သက်ပြင်းတွေ အခါခါချလို့ ချန်နေခဲ့ကြ။
ရထားပေါ်မှာတော့ တို့ ပြည်သူတွေဟာ မျက်ရည်တွေကိုသုတ် အံတွေကိုတင်းရင်း၊ ကြွေးကြော်သံတွေကို ဟစ်ကြွေးရင်း၊ ငိုရှိုက်သံတွေကို တော်လှန်သီချင်းတွေအဖြစ် သီဆိုရင်း၊ ပါလာသမျှ ဝေငှစားသောက်ကြရင်း၊ နာကျင်မှုတွေကို အားအင်တွေအသွင်ပြောင်းလို့ ဒီမိုကရေစီအလံတွေကို တလူလူလွှင့်ရင်း ခေတ်သစ်ကို သွားနေကြပါပေ့ါ။
ယုံကြည်သူတွေ လိုက်ပါသွားတဲ့ ရထားကတော့ အတိတ်ကို နောက်မှာချန်ရင်း အရှိန်ကို အမြင့်ဆုံးတင်လို့ ခုတ်မောင်းနေလေပြီ။ ဒီရထားသည် မည်သည့်အခါမှ နောက်ပြန်ဆုတ်တော့မည် မဟုတ်တော့သလို ဒီမိုကရေစီ နိုင်ငံသစ်ကို မရောက်မချင်းလည်း လမ်းတွင် ရပ်နားတော့မည် မဟုတ်ပေ။ ညကတော့ ပိန်းပိတ်အောင် မှောင်နေဆဲ၊ ဒါပေမဲ့ သန်းခေါင်ယံကို ငါတို့ ဖြတ်သန်းခဲ့ပြီးပြီပဲ၊ ရောင်နီကို မကြာခင် မြင်ရတော့မှာပေါ့။ ဒီမိုကရေစီနိုင်ငံသစ်ဟာ ငါတို့ကို စောင့်စားလို့ နေပြီ။
ဒါဟာ ငါ့တို့ပြည်သူတွေကိုယ်တိုင် မောင်းနှင်နေတဲ့ ရထားလေ။ စီးဝံ့သူတွေမှ လိုက်ရဲတာကို။
(စွန့်လွှတ်ခဲ့၊ စွန့်လွှတ်နေဆဲ၊ စွန့်စားသူအားလုံးကို ဂုဏ်ပြုပါတယ်။)
ခင်မောင်စိုး
၁ ဖေဖော်ဝါရီ ၂ဝ၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar