မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၃ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၂
◾️စိတ်ဓါတ်စစ်ဆင်ရေး၊ သတင်းမှား ဝါဒဖြန့်မှုတွေနဲ့ ဆိုရှယ်မီဒီယာ
ဝါဒဖြန့်ချိရေး၊ စိတ်ဓါတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးစစ်ပွဲ စတဲ့စကားလုံးတွေက တခုနဲ့တခု ဆင်တူယိုးမှား အဓိပ္ပါယ်တူသော်လည်း သေချာ ဆန်းစစ်ကြည့်ရင် အနည်းငယ်ကွဲပြားကြတာတွေ့ရမှာပါ။ အဲဒီစကားလုံးတွေ လုပ်ဆောင်မှုတွေမှာ သတင်းအချက်အလက်တွေကို အသုံးချကြတာခြင်း တော့တူကြပါတယ်။
ဝါဒဖြန့်ချိရေးဆိုရာမှာလည်း သတင်းအချက်အလက်တွေကို ပုံဖျက်ပြီးသော်လည်းကောင်း၊ ထိန်ချန်ပြီးသော်လည်းကောင်း၊ တဆိတ်ကို တအိတ် ပုံကြီးချဲ့ပြီးသော်လည်းကောင်း လုပ်ဆောင်ကြတာမျိုး ဖြစ်ပါတယ်။ ပြချင်တာကိုသာပြပြီး မပြချင်တာကို မှိန်ထား ထိန်ချန်ထားသလို တခါတရံ ပြောင်းပြန်သတင်းမျိုးကို တမင်ထုတ်လွှင့်ကြတာမျိုးလည်း လုပ်ကြတာဖြစ်ပါတယ်။
စိတ်ဓါတ်စစ်ဆင်ရေးဆိုတဲ့ စကားလုံးကတော့ ပစ်မှတ်ထားတဲ့ပရိသတ်ကို သနားလာအောင် သော်လည်းကောင်း၊ ကြောက်လန့်လာအောင်သော်လည်းကောင်း၊ စိတ်အားတက်ကြွလာအောင် သော်လည်းကောင်း လိုအပ်တဲ့တုံ့ပြန်မှုရအောင် သတင်းအချက်အလက်တွေ ပြင်ပမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေထဲက ကောက်နှုတ်ပြချင်တာကိုပဲ အသိပေး ပြသပြီး မိမိရဲ့ ရန်ဘက်ကို စိတ်ဓါတ်ခြောက်ခြားအောင် ကြောက်လန့်လာအောင် လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ မှန်တဝက် မှားတဝက် အချက်အလက်တွေနဲ့ အဖြစ်အပျက်တွေ အကျိုးအကြောင်း ဆက်စပ်မှုတွေကို ပြကာ ဖတ်သူ ကြည့်သူကို ယုံကြည်လာအောင် သို့မဟုတ် ကြောက်လန့်လာအောင် ရည်ရွယ် လုပ်ဆောင်ကြတာမျိုး ဖြစ်ပါတယ်။
အလားတူပဲ ဝါဒဖြန့်စစ်ပွဲဆိုတာမျိုးကတော့ အပြင်မှာ တကယ်ဖြစ်နေတဲ့ အားပြိုင်မှုတွေ စစ်ပွဲတွေနဲ့ ဆက်စပ်ပြီး သတင်းအချက်အလက်နဲ့ ပြိုင်ဖက်ကို ပြိုင်ဖက်ထောက်ခံသူတွေကို တွေဝေအောင်၊ စိတ်အားလျော့အောင်၊ မိမိတို့ဘက်က သူတွေကို စိတ်အားတက်ကြွလာအောင် အကျိုးအကြောင်း မုသားတဝက်၊ သို့မဟုတ် မုသားလုံးလုံး သတင်းအချက်အလက်တွေ ကျိုးကြောင်းဆက်စပ်မှုတွေနဲ့ စကားလုံးတွေနဲ့ စစ်ဆင်တိုက်ခိုက်ကြတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီလိုဝါဒဖြန့်ချိရေးတွေ ၊ စိတ်ဓါတ်စစ်ဆင်ရေးတွေ၊ ဝါဒဖြန့်စစ်ပွဲတွေဟာ သမရိုးကျ မီဒီယာတွေခေတ်က တည်းက လူထုဆက်သွယ်ရေး နည်းလမ်းတွေကို အသုံးပြုပြီး လုပ်လာခဲ့ကြတာပါ။ ဝါဒဖြန့် အသံလွှင့်ဌာနတွေ၊ ဝါဒဖြန့် သတင်းစာတွေ စာစောင်တွေ၊ ရုပ်သံတွေ စတဲ့ ပလက်ဖောင်းအမျိုးမျိုးကို သုံးပြီး လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ဝတ္တုလိုမျိုးကအစ ပြဇတ်လိုမျိုး ရုပ်ရှင်ဇတ်လမ်းလိုမျိုးတွေ အထိ ရှိကြတာဖြစ်ပါတယ်။
အခုခေတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ ခေတ်စားလာ အသုံးများလာကြတဲ့ခေတ်မှာ ဝါဒဖြန့်ချိရေး စစ်ပွဲတွေ၊ စိတ်ဓါတ်စစ်ဆင်ရေးတွေက ဘယ်သူဘယ်ဝါ အမည်မဖေါ်လည်း သုံးလို့ရတဲ့ ဆိုရှယ်မီဒီယာ ပလက် ဖောင်းမှာ တွင်တွင်ကျယ်ကျယ်ကြီး အသုံးချ ဆင်နွှဲကြပါတော့တယ်။
ဖေ့စ်ဘုတ် အသုံးများတဲ့ မြန်မာနိုင်ငံလိုမျိုးမှာ ဖေ့စ်ဘုတ်ပလက်ဖောင်းဟာ ဝါဒဖြန့်စစ်ပွဲတွေ ဆင်နွှဲရာ၊ စိတ်ဓါတ်စစ်ဆင်ရေးတွေကို လေ့ကျင့်စုစည်းထားတဲ့ သူတွေနဲ့ လက်သည်မပေါ်အောင် ရေးသားဖြန့်ချိတာ၊ စောင့်ကြည့်တာ၊ မရည်ရွယ်ပဲ ဖော်ထုတ်လိုက်တဲ့ တဖက်ရန်သူရဲ့ သတင်းအချက်အလက်တွေကို အသုံးပြုပြီး ရန်သူကို ပြန်တိုက်ခိုက်ရာမှာ အသုံးချတာတွေ နဲ့ ရည်ရွယ်ချက်မျိုးစုံ နည်းလမ်းမျိုးစုံနဲ့ သတင်းအချက်အလက် အမှားတွေ အတုအယောင်တွေ ဖြန့်ချိ စစ်ဆင်တာတွေ စသဖြင့် အချိန်နဲ့ လူအင်အား ငွေကြေး မြောက်မြားစွာသုံးပြီး ဆင်နွှဲကြတဲ့ စစ်တလင်း ဖြစ်လာပါတော့တယ်။
ဖေ့စ်ဘုတ် ပလက်ဖောင်းပေါ်ကနေ စိတ်ဓါတ်စစ်ဆင်ရေး တဖက်သားကို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ နှိုက်ယူပြီး အကြပ်ကိုင်တာ၊ သတင်းအချက်အလက်တွေ ယူပေးဖို့စေခိုင်းတာမျိုးတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကတည်းက ကမ္ဘာရဲ့ဒေသအချို့မှာ အသုံးပြုလုပ်ဆောင်နေခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာမှာ မိမိရဲ့ အမြင်၊ အယူအဆ၊ လှုပ်ရှားမှု၊ မိသားစုဆိုင်ရာအချက်အလက်တွေကို ထုတ်ဖေါ်မိလျက်သား ဖြစ်ရာက ဝါဒဖြန့်ချိရေးမှာ သားကောင် အဖြစ်ကျရောက်ခံရတဲ့ အဖြစ်တွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဆိုရှယ်မီဒီယာ သုံးစွဲလာတာ ဆယ်စုနှစ်တခုနီးပါးရှိလာချိန်မှာ ပလက်ဖောင်းတွေ တခုမက များပြားလာသလို စုဖွဲ့မှုတွေ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အသုံးချပြီး ဝါဒဖြန့်စစ်ပွဲတွေ၊ စိတ်ဓါတ်စစ်ဆင်ရေးတွေ ထင်ထင်ရှားရှား တွေ့လာနေရပါပြီ။
ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို တည်ထောင်တဲ့ ကုမ္ပဏီတွေလည်း အများအပြားပေါ်ထွက်လာပြီး တနိုင်ငံထည်းက ထိန်းချုပ်ထားတာမဟုတ်တော့ချိန်မှာ တည်ထောင်ထားတဲ့ ကုမ္ပဏီ၊ အခြေစိုက်တဲ့ နိုင်ငံပေါ်မူတည်ကာ ပုဂ္ဂိုလ်ရေးအချက်အလက် ထိန်းသိမ်းတာ၊ အမုန်းစကား ပြောဆို ပြသမှုတွေကို တားမြစ်တာ အခြား အများကြည့်ရှုဖို့မသင့်တော်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားတာတွေမှာ ကွဲလွဲမှုတွေ ရှိကြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ဖေ့စ်ဘုတ်က လူသုံးအများဆုံးဖြစ်နေဆဲ ဖြစ်သော်လည်း တခြားသော အမျိုးအစားတွေဖြစ်တဲ့ ဖြစ်တဲ့ ယူကျူ့၊ အင်စတဲလ်ဂရမ်၊ တယ်လီဂရမ်၊ တစ်ခတော့ စတာတွေလည်း အသုံးများလာ နေကြပါပြီ။ ဖေ့စ်ဘုတ်က နိုင်ငံရေး၊ ဖေ့စ်ဘုတ်က စီးပွားရေး ၊ ဖေ့စ်ဘုတ်က ဘဝလို ဖြစ်လာနေကြပြီးတခါတရံ ထင်ယောင်မှားမှုတွေ အလွန်အကျွံ မှတ်ထင်မှုတွေလည်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ပြင်ပမှာ လုပ်ကိုင် လှုပ်ရှားမှုတွေက ဖေ့စ်ဘုတ်မှာ အားလုံးမှတ်တမ်းတင်ထားသလို ဖြစ်စေပြီး ဒစ်ဂျစ်တယ် သက်သေ အထောက်အထားဖြစ်ကာ ကာယကံရှင်တွေကို ထိခိုက်စေတဲ့ ဖြစ်ရပ်တွေလည်း မြောက်မြားစွာ ရှိလာပါတော့တယ်။
တဦးတယောက်ချင်း ပုဂ္ဂလိက စိတ်ခံစားမှု၊ စိတ်ရဲ့ထွက်ပေါက် အနေနဲ့ သုံးစွဲတာတွေ ရှိသလို ဖေ့စ်ဘုတ်ကို အသုံးချပြီး တဖက်သားကို ခြိမ်းခြောက်တာ အပြင် လုပ်ဆောင်မှုနဲ့ ဖေ့စ်ဘုတ် ဝါဒဖြန့်မှုတွေကို တွဲဖက်ပြီး ခြိမ်းခြောက်တာတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။ အင်စတီကျူးရှင်း အနေနဲ့ သုံးစွဲပြီး တဖက်ရန်သူတွေကို စိတ်ခြောက်ခြားအောင် ဆိုရှယ်မီဒီယာကနေ စစ်ဆင်ရေးသဖွယ်လုပ်လာတာတွေလည်း ပြီးခဲ့တဲ့ တနှစ်တာအတွင်း အများအပြားတွေ့လာရပါတယ်။
ဒီိလိုလုပ်ဆောင်မှုတွေက တနည်းအားဖြင့်တော့ ဆိုင်ဘာမှုခင်း သဘောသက်ရောက်ကာ တချို့သော နိုင်ငံတွေမှာ ဥပဒေအရ ဖော်ထုတ်အရေးယူနိုင်တာတွေ ရှိပေမယ့် မြန်မာနိုင်ငံလို တရားဥပဒေ မစိုးမိုးတဲ့နိုင်ငံလိုမျိုးမှာတော့ ဘယ်သူတွေ လုပ်နေတယ် ဘယ်လိုလုပ်နေတယ်ဆိုတာ မှန်းဆမှုသာ တတ်နိုင်ပြီး ဖော်ထုတ်ဖို့ အရေးယူဖို့က ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စရပ်မဟုတ်ပါဘူး။
ချုံ့ရရင်တော့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေအနေနဲ့ ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့ အမြင်သတ်မှတ်ချက်တခု ရှိထားဖို့ မရှိသေးရင်လည်း ပြန်သုံးသပ်ပြီး ဆိုရှယ်မီဒီယာကို ဘာရည်ရွယ်ချက်နဲ့သုံးတာလဲ၊ ဘယ်လောက်သုံးမှာလဲ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ဖေါ်ထုတ်မှာလဲ စတဲ့ စည်းမျဥ်း စည်းကမ်းတွေ မိမိဘာသာ ချမှတ်ပြီး ဝါဒဖြန့်စစ်ပွဲတွေ စိတ်ဓါတ်စစ်ဆင်ရေးတွေမှာ သားကောင် အဖြစ်မကျရောက်ဖို့ သတိပြုသင့်ပြီဆိုတာ နှိုးဆော်လိုရင်း ရည်ရွယ်ချက် ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar