Breaking News

ဆယ်ပေါင်တူ - ကြင်စိုးတသက်လုံး ဖုံးသမျှ အခုကျမှပေါ်ခြင်း



ဆယ်ပေါင်တူ - ကြင်စိုးတသက်လုံး ဖုံးသမျှ အခုကျမှပေါ်ခြင်း

(မိုးမခ) မတ် ၁၃၊ ၂၀၂၂


မရှိ၊ မရှိတာမှလုံးဝ လုံးဝမရှိလို့ ဆိုရမလောက်အောင် ဤဇွန်းမီတင်သည် စိတ်ဝင်စားစရာ ဘာမျှမရှိ။ နန့်နန့် တက် တက်ချင်လွန်း၍ ကားလည်းမဟုတ်၊ လတ်လျားလတ်လျား နေကာ ဟိုအတင်းအဖျင်း နားထောင်၊ ဒီကလော်တုတ်တာ ဝင်ကြည့်၊ ဟိုနားဝင်မန့်၊ ဒီနား ဝင်မန့် လုပ်နေပြီး ဘာစာကိုမှ ဟုတ်တိပတ်တိ မရေးဖြစ်သူကို မြင်ပြင်းကတ်လာဟန်တူသည်။

အယ်ဒီတာမင်းများက ကိုယ်စားစာရင်းသွင်းပေးထားကာရော့ အဲဒီနေ့မှာ သွား တက်ချေဟု ဆိုလာသည်။

ခေါင်းစဥ်ကို လုံးစေ့ပတ်စေ့ နားမလည်သည့်တိုင်အောင် ယူကရိန်းတို့၊ ပူတင်တို့နဲ့ ပတ်သက်သည့် အကြောင်းမျိုး ဖြစ်နိုင်သည်၊ ရေးနေကျလိုင်းမျိုး မဟုတ်ကြောင်း ပြောသည့်တိုင်အောင်နည်းနည်းပါးပါး နားလည်သမျှ ကောက်မှတ်ရေးခဲ့၊ ခေါင်းစဥ်တောင် စဥ်းစားစရာမလို၊ ဖြည့်စွက်ရေးသားပေးဖို့ သူတို့တာဝန်ထားလို့ ဆိုသည့်နောက်မှတော့ ဘာမှ ငြင်းဆိုစရာမရှိဆိုကာ ထိုအစည်းအဝေးကို တက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ရေးရာများမှာ ထဲထဲဝင်ဝင် ပေါက်ပေါက်ရောက်ရောက်ရှိသည့်နိုင်ငံတကာ အတွေးတိုင်ကီများက စီစဥ်ခြင်းဖြစ်ပြီး မြန်မာပြည်သားများ ပါဝင်ပါကဗီဒီယိုရက်ကောဒ့်ဒင်းမလုပ်ရန် အဖွင့်နိဒါန်းမှာ ထည့်ပြောလိုက်သေးသည်။ ဘာကို ရည်ညွှန်းမှန်းတော့ မသိ၊ ဘာပဲဖြစ်ဖြစ် မြန်မာတွေအကြောင်းကို အရေးတယူ စပြောတာ
ကတော့ ကောင်းသည်ဟု ထင်သည်။

မိုက်ရိုင်းရမ်းကားနေသော ပူတင်က နျူကလီးယားဗုံးများ သုံးသည်အထိ ဖြစ်လာနိုင်သည့်
စိတ်မချမ်းမြေ့စရာ အရေးဖြစ်သည်ကို လက်ခံမိသော်လည်း ကြင်စိုး၏ပေါင် ၅၀၀ ဗုံးကို လွတ်အောင်ရှောင်ပြေးနေရသူ ကိုယ့်လူမျိုးများအကြောင်း ခေါင်းထဲဝင်လာမိ၍ ဆွေးနွေးသည့်အချက် အတော်များများ လွတ်သွားခဲ့သည်။

အဆုံးသတ်မှာတော့ ပူတင်ကို မည်သို့အပြစ်ပေးကြမည်နည်း ဆိုသည့် မေးခွန်းတိုကို ဖြေကြရသည်။ အားလုံး မဖြေမနေရ။အကောင်းဆုံးအဖြေ ဖြေဆိုနိုင်သူကို ရွေးချယ် ဆုပေးဦးမည်ဟု ဆိုသည်။

လုံးဝ စိတ်မဝင်စား၊ လစ် ရင်လစ်သလို ကူးချ၊ ခိုးချ၍ရသော စာမေးပွဲမျိုးမှာတောင် အောင်မှတ်မနည်းရအောင် ကြိုးစားခဲ့ရသူ၊ ထူးချွန်စာရင်းနှင့် ဝေလာဝေးခဲ့သူ တစ်ယောက် ဆိုပြီး ကိုယ့်အကြောင်းကိုယ် သိသောကြောင့်ပင်။

အဲဒီတော့မှ နိုင်ငံတကာမှ တက်ရောက်သူများသည် အလွန့်အလွန် အတော်လေးကို ဝေးကြ၊ ထူကြသည်ကို တွေ့လိုက်ရသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ဆွေးနွေးကြသည်။ အိုင်စီစီ၊ အိုင်စီဂျေတွေ ပြောကြသည်။ ဦးဆောင်ဆွေးနွေးသူကပင်လက်တော့ခံပါသည်၊ ဒါပေမဲ့ အမှုပြီးအောင် ဘယ်နှနှစ် စောင့်ရမည် ထင်ပါသလဲလို့ ပြန်မေးလာခဲ့သည်။ လျင်လျင်မြန်မြန် အပြစ်ပေးနိုင်သည့်နည်းလမ်း မဟုတ်ချေ။ ဆုရရန် လမ်းမရှိ။

အထူတကာ့ အထူဆုံးသူများကတော့ ပူတင် ရာသက်ပန်အာဏာရှင် လုပ်မရလေအောင်
ရုရှား၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ရေးဆွဲကြမည်ဟု ဖြေသူများပင်၊ မကောင်းတတ်၍
ဟားတိုက်ကာတော့ မရယ်ဖြစ်။

အခြေခံဥပဒေရေးသည် ဆိုတာက လွယ်သည့်၊ မြန်သည့် အလုပ်များမှတ်လို့၊ အဆင့်ဆင့် လေ့လာကြရသည်။ ညှိနှိုင်းကြရသည်။ နှစ်ပေါင်းများစွာ ကြာလေမှ ပထမမူကြမ်း ဆိုတာမျိုး ထွက်လာမည်။ နောက်နှစ်အတန်ထပ်ကြာမှ ဒုတိယမူကြမ်းဆိုသည့် အဆင်သင့်နီးပါး သုံးနိုင်တာမျိုး ရလာလိမ့်မည်။

ဤတွင် ပြီးဆုံးလေပြီဟု မထင်လိုက်ကြပါနှင့်။ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည့် ဇာတ်လမ်းသည် မူကြမ်းများထွက်ရှိပြီး၍ အဆုံးသတ်သွားခဲ့လျှင် မူလအစပထမကို ပြန်သွားရသည်မျိုးပင်။ ထို့ကြောင့် ပဋိညာဥ်ဆိုသည့်အရာကို အစမှနေ၍ ပြန်ရေးရပြန်ပါသည်။

ပဋိညာဥ်ထွက်လာတော့လည်း ပြန်ပြင်ရသည်၊ ဖြည့်စွက်ရသည်။ ပြီးခါမှ နောက်ထပ် မူကြမ်း ရေးဆွဲဖို့ နောက်တစ်ကြိမ် ပြင်ဆင်ကြရပြန်သည်။

ယခင်က ထဲထဲဝင်ဝင် လေ့လာဖူးသူ၊ နိုင်ငံတကာပညာရှင်များနှင့် တိုင်ပင် အကြံဉာဏ်ယူ
သင်ကြားဖူးသူများ သက်ရှိထင်ရှား ရှိနေသေးလျှင်ပင် ကျေနပ်နေ၍မရ။ နောက်ထပ် တသုတ် အစမှ ပြန်လေ့လာကြ၊ ဆွေးနွေးကြ၊ ငြင်းခုံကြ။ နိုင်ငံတကာ နှင့် တိုင်ပင်ကြ၊ သင်ယူကြ၊ လေ့လာကြ၊ရေးသားကြ၊ ပြန်ပြင်ကြ၊ လုပ်ကြရသည်မျိုးပင်။

အချောသတ် ဇာတ်သိမ်းခန်း ရောက်ဖို့ ဆိုတာကတော့ ဆက်မျှော်၊ ဆက်စောင့်ကြရပေဦးမည်။

ကိုယ့်လူမျိုးများလို ညီညီညွတ်ညွတ်ဆိုရင် ထားပါတော့။ ရုရှားလူမျိုးများက
ဘယ်သို့ဘယ်ပုံဆိုတာ မသိ၊ တော်ကြာ အိုးစည်၊ လင်းကွင်း၊ ဝါးလက်ခုပ်တီးသူ စုစုပေါင်း ယောက်သာလိုသည့် ဒိုးပတ်ဝိုင်းတောင် ကြာရှည်မမြဲ၊ ခဏအကြာ ကွဲကြပြဲကြ ဖြစ်လေ့ရှိသော အမည်ခပ်မေ့မေ့ဖြစ်နေသည့်(သတိရလျှင် ပြန်ထည့်ပေးပါမည်) အရှေ့တောင်အာရှနိုင်ငံသားများလို ဖြစ်နေလျှင် ဘယ်လိုလုပ်ရပါ့။

ငြင်းကြ၊ ခုံကြ၊ ထွက်ကြ၊ ပြန်ဝင်ကြ၊ စိတ်ဆိုးကြ၊ ပြန်တည့်ကြ၊ ဘောလိဝုဒ်ဇာတ်ကားလို ရသစုံလင်မှာတော့ သေချာသည်။ကိုရီးယားကားလို ဇာတ်လမ်းတွဲများစွာနှင့် မပြီးနိုင်၊မဆုံးနိုင်လည်း ဖြစ်ပေလိမ့်မည်။

ရုရှားသည် လူဦးရေအတော်များ၊ လူမျိုးစု အတော်စုံ ဟုကြားဖူးသည်။ ဥပမာပြောခဲ့သလို
ယောက်၊ ဖွဲ့ သာမကပဲ ၃၃ ဖွဲ့ဆိုတာမျိုးနဲ့ ရေးဆွဲပြင်ဆင်ကြရမည်ဆိုလျှင်နက်ဖြန် သို့မဟုတ် ဘယ်သောအခါဆိုသည့် ရေဒီယိုသီချင်းလိုပင် ဖြစ်ပေတော့မည်။

ပူတင်ကတော့ အစားအစာမပျက်၊အသွားအလာမပျက်။ အင်း....... ခါးနာမပျက်ပေါ့။

ဒီအတွက် ရုရှား အခြေခံဥပဒေ ပြန်ပြင်၊ပြန်ရေးကြမည်ဟု ဖြေဆိုကြသူများကလည်း ဆုရဖို့ လမ်းမမြင်။

ပေထပ်မရှည်ဘဲ အတိုချုပ်ပြောရလျင် ဆုရရှိသူ ထူးချွန်မောင်မှာဆယ်ပေါင်တူပင် ဖြစ်တော့သည်။

ဇွန်းမီတင် ဦးဆောင်သူများသာမက တက်ရောက်သူများကပါ၊ သောင်းသောင်းဖြဖြ၊ တခဲတနက် စဆိုကြလေသည်။ ကိုယ့်နားကိုယ်တောင် မယုံကြည်နိုင်၊ ဘယ်ပုံ ဘယ်နည်းနဲ့များ ရွေးချယ်ခံလိုက်ရသည် မသိ။

ပြောရလျှင် ဘာဆိုဘာမှ လောက်လောက်လားလား မစဥ်းစားတတ်သူ ဆိုတော့ ပြီးပြီးရောသာ ဖြေဆိုလိုက်သည်။ သိပ်ထူးထူးခြားခြား ဒဿနတွေ၊ မဟာဗျူဟာမြောက်
အဖြေတွေ မဟုတ်။ အရပ်ထဲ ပြောလေ့ရှိတဲ့မကောင်းတဲ့သူ ရွာပြင်ထုတ် ဆိုတာမျိုးပေါ့။

ရုရှားက ရွာတွေ ဘာတွေအကြောင်းကို မသိ၊ မကြားဖူးလေတော့ ခပ်လွယ်လွယ် တွေးပြီး ပူတင်ကို လူမရှိသူမရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ပို့လိုက်ခြင်းပင်။

ဒါ ဆုရစရာ အဖြေလားဆိုလျှင် ထပ်ရှင်းရပါဦးမည်။ ဖြေဆိုသည့်အခါ ပူတင်ကိုသာ မဟုတ်၊ဆယ်ပေါင်တူတို့ တတိုင်းပြည်လုံး မေတ္တာပျက် အမြင်ကတ် စိတ်ချဥ်ပေါက်နေသော ကြင်စိုးကိုပါ ထိုကျွန်းပေါ် တင်ပေးလိုက်သည်။

ဘာ့အတွက်ကြောင့် ဆုရသွားသလဲ ဆိုရင်တော့ ကိုယ်တိုင်ပင် မသိ။

ဇွန်းမီတင် ဦးဆောင်သူများ ပြောလာသော စကားများမှသာ ကိုယ့်ဘာသာ စဥ်းစားယူကြစေလိုသည်။

ပူတင်ကို ကျွန်းပေါ်ပို့လိုက်တာ သူ့အတွက် ဒုက္ခပင်လယ်ဝေသွားတယ်၊ သူ့အကြောင်း တော်တော်သိထားပုံရတယ်၊ စာဖတ်အားကောင်းတဲ့ပုံပဲ

ဟဲဟဲ မိုးမခမှာတော့ စာဖတ်အားအကောင်းဆုံးလို့ပဲ ဆိုပါတော့

ပြောပြီးမှ ပြန်ကြားကြလျှင်ဖြင့် မျက်နှာတော် ညိုနေကြမည့် အယ်ဒီတာမင်းများကို မြင်ယောင်မိ၍ ပြန်ပြင်ရသည်။

အဲ မှားလို့၊ ဒုတိယစာဖတ်အား အ‌ကောင်းဆုံးပါ၊ ပထမစာဖတ်အားအကောင်းဆုံးကတော့
အယ်ဒီတာမင်းများပါ

ပူတင်တစ်ယောက်က လူသိရှင်ကြားရော၊တိုးတိုးတိတ်တိတ် ဇာတ်လမ်းတွေရော၊ မိန်းမ မရှိရင် မနေတတ်သူ ဆိုတော့ ဘယ်မိန်းမမှ မရှိတဲ့ ကျွန်းပေါ်မှာ ဒုက္ခအကြီးအကျယ်
ရောက်သွားတာပေါ့၊ အကောင်းဆုံးအပြစ်ပေးခြင်းပဲ

ကိုယ့်ဘာသာတောင် မစဥ်းစားမိခဲ့သော ဆုရရှိရန် ဖန်တီးခဲ့သည့် စဥ်းစားကွက်ကို အခုမှ
သဘောပေါက်လာခဲ့မိသည်။ ဟန်ကိုယ့်ဖို့လုပ်ကာ-

မိုးမခမှာတော့ အတွေးအခေါ် အကောင်းဆုံး၊ ဆောရီး ဒုတိယ အ‌ကောင်းဆုံးပဲလေ”လို့ ပြန်ပြောလိုက်သည်။

ကြင်စိုးကို ကျွန်းပေါ် တင်ပေးလိုက်တာကတော့ ဘယ်သူမှလိုက်မမီတဲ့၊ ပါရမီရှင်တစ်ယောက် စဥ်းစားပုံ စဥ်းစားနည်းပဲ၊ ရွှေချထားရမယ့် ဦးနှောက်၊ ခဲတစ်လုံးနဲ့
ငှက်နှစ်ကောင်ပေါ့

ဒီလိုဆိုလာတော့လည်း မင်သေသေနဲ့ ပြန်ပြီး-

“မိုးမခမှာတော့ ဒုတိယအိုင်ကြူ အမြင့်ဆုံးပဲ

လို့ အလိုက်အထိုက် ပြန်ပြောရသေးသည်။ စိတ်ထဲမှာတော့ ဒုက္ခတွေ့စေချင်တဲ့ ကြင်စိုးတစ်ယောက် ကျွန်းပေါ်မှာ ဒုက္ခ ရောက်မှရောက်ပါ့မလား တွေးမိ၍ ဆက်မေးမိသည့်အခါ-

မသိချင်ယောင်ဆောင်ပြီး ပြန်မမေးပါနဲ့၊ အကွက်က သိပ်လှတယ်၊ မိန်းမ မရှိရင် မနေတတ်တဲ့ ပူတင်နဲ့ကျန်ရစ်ခဲ့ရှာတဲ့ ကြင်စိုးလောက် ဘယ်သူက ဒုက္ခများဦးမှာလဲ

တကယ်တော့ဆယ်ပေါင်တူဟာဆယ်ပေါင်ထူလို့ နာမည်ပေးရလောက်အောင်
ထူသည့်နေရာ ထူပါသည်။ အခုလည်း ခပ်တည်တည် အချီးမွမ်းခံရင်း သိသလို မှတ်သလိုသာ နေလိုက်ရသည်။

ကြင်စိုး ဘယ်လို နစ်နစ်နာနာဖြစ်ကာ ကျွန်းပေါ်မှာ ကျန်ရစ်ခဲ့မည်ကို အခုထက်ထိ
စဥ်းစား၍မရ။

အယ်ဒီတာမင်းများကို စာမူပေးလိုက်တော့ သူတို့ကတော့ ချက်ချင်း သဘောပေါက်သည့်ပုံဖြင့် သဘောအကျကြီးကျကာ ယခုခေါင်းစဥ်ကို တပ်ပေးလိုက်သည်။

ဆယ်ပေါင်တူပထမ စဥ်းစားထားတာကတော့ကျွန်းကလေးပေါ်တွင် တင်နဲ့ကြင်သို့မဟုတ်ကျွန်းကလေးပေါ် မှာ နှစ်ကောင်တည်းအစရှိသဖြင့် ခပ်ရိုးရိုးသာ ဖြစ်ပါသည်။

ခေါင်းစဥ်ကို သဘောပေါက်တယ် မဟုတ်လား

မေးလာတော့လည်း ခပ်တည်တည်နဲ့-

စဥ်းစားတာချင်း တူနေတယ်

ဘာ ညာ ပြန်ပြောရသေးသည်။ မပေါက်ဟုဆိုပါက အယ်ဒီတာမင်းများက လောလောလတ်လတ် ဆုရဂျာနယ်လစ် (ဇွန်းမီတင်မှရသောဆုသည်လည်းဆုပင် ဖြစ်ပါသည်)ကို အထင်ဆက်မကြီးတော့ဘဲ နေလိမ့်မည်ဟု တွေးမိ၍ပင်။

တစ်ခုတော့ ပြောရပေဦးမည်။

မိုးမခ စာဖတ်ပရိသတ်များဆိုတော့ ထက်ထက်မြက်မြက် ရှိပါလိမ့်မည်။ သို့သော် အချို့က ဆယ်ပေါင်တူကဲ့သို့ ကြင်စိုး မည်သို့မည်ပုံ ဒုက္ခရောက်သွားသည် ဆိုသည်နှင့် ခေါင်းစဥ် အမည် ပေါ်ပေါက်လာရပုံတို့ကို တွေးမရဖြစ်နေပါက ရေးသားသူကိုယ်တိုင် သဘောမပေါက်သည့်အတွက် အယ်ဒီတာမင်းများကိုသာ မိုးမခချက်ဘောက်မှတဆင့် ဆက်သွယ်မေးမြန်းကြစေလိုပါသည်။

ဆယ်ပေါင်တူ (မိုးမခ)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar