Breaking News

ဖိုးသံ (လူထု) - အမျိုးသားလက္ခဏာဆောင်တဲ့ပွဲတော်နဲ့ တေးဂီတ

ဖိုးသံ (လူထု) - အမျိုးသားလက္ခဏာဆောင်တဲ့ပွဲတော်နဲ့ တေးဂီတ
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၂

ကြာတော့ကြာပါပြီ။ တရုတ်မဂ္ဂဇင်း/ဂျာနယ်လိုဟာ တစ်စောင်ထဲမှာ အင်္ဂလိပ်လိုရေးထားတာဖတ်လိုက်ရတာ ထင်ပါတယ်။

အဲဒါက တရုတ်လူငယ်တွေ (အားကစားသမားတွေထင်ပါရဲ့) နိုင်ငံခြားကိုသွားကြရင်း တနေရာကိုသွားလည်ကြတော့ တခြားနိုင်ငံတွေကအဖွဲ့တွေလည်းပါ၊ မီးရထား (ထင်ပါရဲ့) စီးပြီး တပျော်တပါးကြီးသွားကြပါတယ်။ အဲဒီလိုသွားကြရင်း လမ်းမှာပျင်းကြတော့ ပါသွားတဲ့ကိုယ်စားလှယ်အဖွဲ့တွေက ကဲ- ကိုယ့်နိုင်ငံရဲ့သီချင်းတပုဒ်စီဆိုကြမယ်လို့ ဆုံးဖြတ်ပြီးဆိုကြသတဲ့။ အင်္ဂလိပ်အဖွဲ့က အော်လင်ဆိုင်း (Auld Lang Syne) ကိုဆိုပြီး တခြားအဖွဲ့တွေကလည်း ကိုယ့်နိုင်ငံဘာသာစကားနဲ့ ပျော်ပျော်ပါးပါးကြီး သီချင်းကိုယ်စီဆိုကြပါတယ်။ ဒီတော့ တရုတ်လူငယ်အဖွဲ့ဟာ တို့အလှည့်ရောက်ရင် ငါတို့ဘာသီချင်းဆိုကြမလဲလို့ စဉ်းစားကြရတော့တာပေါ့။ အားလုံးရတာက နိုင်ငံတော်သီချင်းသာရှိတာ။ အဲဒါကို ဒီလိုအနေအထားမှာဆိုလို့လည်း မဖြစ်ဘူးလေ။ သူ့မေး၊ ငါ့မေးနဲ့အလုပ်ရှုပ်နေတုန်းပဲ ကိုယ့်အလှည့်ကိုရောက်လာပါတယ်တဲ့။ ဒီအခါမှာအချိန်ဆွဲမနေနိုင်တော့ဘဲ အားလုံးဆိုတတ်ကြတဲ့ ယဉ်ကျေးမှုတော်လှန်ရေးခေတ်တုန်းက သီချင်းတပုဒ်ကိုဆိုလိုက်ကြပါသတဲ့။ အဲဒါကတော့ ဥက္ကဋ္ဌမော်သြဝါဒများလိုပဲခေတ်စားခဲ့တဲ့ “အဏ္ဏဝါပြင်ကျယ်၊ ပဲ့ကိုင်ကိုမှီကာ” အစချီတဲ့သီချင်းကို သံပြိုင်အော်လိုက်ကြပါသတဲ့။ အဲဒီအချိန်ကယဉ်ကျေးမှုတော်လှန်ရေးအကြောင်း ဘယ်သူမှမပြောကြတော့တဲ့၊ ဥက္ကဋ္ဌမော်ကို သိပ်အမွှန်းမတင်ကြတော့တဲ့ကာလကိုရောက်နေပါပြီ။ ဒါပေမဲ့ ဒီသီချင်းကိုပဲ အားလုံးပြိုင်တူဆိုနိုင်တာမို့ “တော်လှန်ရေး၊ ဆင်နွှဲဖို့၊ မော်စီတုန်းအတွေးအခေါ်ကိုဆုပ်ကိုင်ကြ” လို့အဆုံးသတ်ထားတဲ့သီချင်းကိုဆိုလိုက်ကြတော့ တရုတ်စကားလုံးဝနားမလည်ကြတဲ့ တခြားနိုင်ငံသားတွေ အားလုံးက သီချင်းအပြီးမှာ လက်ခုပ်တွေတီးပြီး ချီးကျူးဂုဏ်ပြုစကားတွေဆိုကြပါသတဲ့။ 

သူတို့ရိုးရာမှာ အားလုံးဝိုင်းဆိုနိုင်တဲ့ သီချင်းမရှိလို့ ဒုက္ခရောက်ခ့ ကြရတာကို ရေးပြထားတာပါ။ အဲဒီဆောင်းပါးကိုဖတ်ပြီးတာနဲ့ ကျွန်တော့်ခေါင်းထဲမှာ ငါတို့နိုင်ငံမှာရော ဘယ်သီချင်းကိုဆိုကြမလဲဆိုတဲ့မေးခွန်း ပေါ်လာပါတယ်။ ခေါင်းကိုက်အောင် အတန်ကြာစဉ်းစားပေမယ့်အဖြေမပေါ်ပါဘူး။ ဒီလိုနဲ့ အတော်နေတော့ ကိုယ်တိုင်ကြုံဖူးတာလေးကို သွားသတိရမိပါတယ်။ 

ကျနော်ထောင်ကထွက်လာတော့ ဘော့လုံးပြန်ကစားပါတယ်။ တနေ့မှာ ကျနော်တို့အသင်း (မြို့မအသင်းထင်ပါတယ်) ကိုဖိတ်လို့ မေမြို့ကိုသွားပြီး ဘော့လုံးကစားကြပါတယ်။ ကစားပြီးတော့ ထုံးစံအတိုင်း အိမ့်ရှင်များကျွေးတဲ့ထမင်းကိုစားပြီးမှ ပြန်လာကြပါတယ်။ ကားပေါ်တက်ကြတော့ တော်တော်မှောင်နေပါပြီ။ ဒီအခါမှာကစားထားတာကလည်းပင်ပမ်း၊ စားထားတာကလည်း အဆီးယစ်သမို့ ကျွန်တော်တို့တော်တော်များများပဲ အဆီယစ်အိပ်ချင်လာ ကြပါတယ်။ ဒါနဲ့သီချင်းဆိုဖို့ပြင်ကြပါတယ်။ အားလုံးရတဲ့သီချင်းတပုဒ်ဆိုကြမယ်လို့ တယောက်ကအဆိုတင်လိုက်တော့ ဘယ်သူမှမငြင်းနိုင်ပဲ အိုကေ လိုက်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းဆိုကြမယ်လုပ်တော့ ဘာဆိုရမှန်းမသိ ငူငူကြီးဖြစ်နေကြပါတယ်။ အတော်နေတော့မှ မှောင်ထဲကတယောက်က (ကားပေါ်မှာ အားလုံးပဲမှောင်နေတာပါ) မြနန္ဒာဆိုရအောင်ဟေ့ဆိုပြီး “ချိုပြုံးရွှင်သော၊ နှမပျိုငယ်၊ တကိုယ်လုံးပင်ချော အစပိုတယ်” လို့ဟစ်လိုက်တော့မှ အားလုံးက ဝိုင်းဆိုတဲ့အသံတွေ ပြိုကျလာပါတယ်။ ဆက်လာတာက လက်ခုပ်သံတွေပါ။ စည်းချက်လည်းညီကြပါပေ့။ ဦးဆောင်ဆိုသူက ဂိုးသမားကို ခင်မောင်လေးလို့ထင်ပါတယ်။ တကားလုံးကို အရမ်းမြူးသွားကြတာပါ။ ဒီလိုနဲ့သီချင်းမဆုံးမီမှာပဲ လက်ချိုး၊ ခြေကွေးနဲ့ ထ’ကတဲ့လူတွေ ပေါ်လာပါတယ်။ ဘယ်သူ့ဘယ်သူမှ တိုက်တွန်းမနေရပါဘူး။ မှောင်မှောင်မည်းမည်းကြီးထဲမှာပေမယ့် သူတို့ဟာ စည်းချက်ညီညီခဲ့ကနေကြတယ်ဆိုတာကိုတော့ အထင်းသားမြင်တွေ့နေကြရပါတယ်။ သူတို့ဟာ သီချင်းဆုံးတော့မှ ကိုယ့်ဟန်လေးနဲ့ကိုယ် ဒူးကိုကွေးချလိုက်ပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်ကြပါတယ်။ တကားလုံး ပဲအိပ်ချင်စိတ်တွေပျောက်၊ သင်္ကြန်ကမ္ဘာကိုရောက်သွားကြပါတယ်။ 
ဒါ ကျွန်တော်တို့ဗမာသင်္ကြန်ရဲ့သြဇာ၊ အလှ၊ ဓလေ့ပါ။ 

အာဏာရှင်တွေကဆိုခိုင်း၊ ကခိုင်းလို့ ဆိုခဲ့၊ ကခဲ့ကြတာမဟုတ်ဘူးဆိုတာကိုတော့ ကျမ်းကျိန်ပြောဝံ့ပါတယ်။ 

ဖိုးသံ (လူထု)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar