ပီတာဂလန့် - ငမဲလုံးလိမ်မာလာပြီ (သရော်စာ)
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၂
ဇော်မဲလုံးဆိုတဲ့ ငနဲ ရုပ်မြင်သံကြားမျက်နှာပြင်ပေါ် စထွက်လာခါစကတည်းက အိုးနင်းခွက်နင်းနဲ့ အတော်ရယ်စရာကောင်းခဲ့တယ်။ သတင်းစာရှင်းလင်းပွဲတစ်ခါလုပ်တိုင်း ပြက်လုံးအသစ်တစ်ခုထွက်တယ်။ "မိတ်အမေရိကန်ဂရိတ်အဂိန်း" ဆိုတဲ့ အသံထွက်ဟာလည်း သူ့ရဲ့ကျော်ကြားတဲ့ပြက်လုံးတွေထဲမှာ ထိပ်ကပါတယ်။ ၂၀၂၁ ဧပြီလတုန်းက မြန်မာပြည်ရောက်လာတဲ့ CNN သတင်းထောက်မေးတဲ့ "ဗိုလ်ချုပ်အောင်ဆန်းသာရှိရင် အခုအခြေအနေကို ဘယ်လိုမြင်နိုင်မလဲ" ဆိုတဲ့ အမေးစကား ဘာမဆိုင်ညာမဆိုင် "မိုက်လိုက်တာ သမီးရယ်" လို့ ပြောလိမ့်မယ်လို့ဖြေခဲ့တဲ့ စကားဆိုလည်း အတော်ပေါက်တဲ့ ပြက်လုံးပါပဲ။
နောက်သူ ပြန်ဖြေဖို့ရာ ရုတ်တရက်ခက်ခဲတဲ့မေးခွန်းမျိုးတွေဆိုရင် အင်မတန် ရုပ်ပျက်ဆင်းပျက်နိုင်လှစွာ မေးခွန်းရှင်သတင်းထောက်ကို ပြန်ရန်ထောင်တဲ့ ပုံသဏ္ဌာန်မျိုးနဲ့ မေးခွန်းပြန်ထုတ်တတ်တယ်။ "နေပါအုံး ဒီမေးခွန်းကို ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ မေးတာလဲ" ဆိုတာမျိုးလို ရယ်စရာလည်း ကောင်း၊ ဆဲစရာလည်း ကောင်းလို့ နေခဲ့ပါတယ်။
အာဏာသိမ်းတစ်နှစ်တွင်းကာလတွေတုန်းက ဘယ်အဖြစ်အပျက်၊ အကြောင်းအရာမျိုးမဆို သူတို့ကို မထိအောင်ကာတဲ့ အလိမ်ဇယားတွေနဲ့ချည့် တုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့တယ်။ လိမ်ဆင်က ဘယ်လောက်ထိအောင် ဆိုးခဲ့သလဲဆိုရင် ၂၀၂၁ ဧပြီလက အင်ဒိုနီးရှား၌ ပြုလုပ်ခဲ့တဲ့ အာစီယံဂျာကာတာအစည်းအဝေးမှာ ဆုံးဖြတ်ချက် ၅ ချက်ကို အာဏာသိမ်းခေါင်းဆောင် မအလကိုယ်တိုင် ကတိကဝတ် ခံခဲ့တယ်။ မြန်မာပြည်ပြန်ရောက်ရောက်ချင်းပဲ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်ကို သောက်ဖက်မလုပ်ကြောင်းသတင်းတွေကိုလည်း သတိရကြမှာပါ။
အဲဒီအထဲမှာ အရေးကြီးအချက်တစ်ချက်ဖြစ်တဲ့ ဆန္ဒပြပြည်သူလူထုအပေါ် အာဏာသိမ်းစစ်တပ်က အကြမ်းဖက်နှိမ်နင်းနေတာကို ချက်ချင်းရပ်ပေးဖို့ဆိုတာပါတယ်။ အဲဒီအချက်ကို ကာလရွေ့လျောလာတဲ့အခါမှာ စကစဘက်က ဘယ်လိုတုံ့ပြန်လာသလဲဆိုရင် လက်နက်မဲ့ဆန္ဒပြမှုကနေ လက်နက်နဲ့ခုခံတိုက်ခိုက်လာရတဲ့ ပီဒီအက်ဖ်တွေဘက်လှည့်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်ပေးဖို့ဆိုလာတယ်။ သူတို့က အဓမ္မအကြမ်းဖက်နှိမ်နင်းလို့ လက်နက်ကိုင်ပြီး ပြန်ခုခံရတဲ့ ပြည်သူတွေကို ပုံဖျက်ဖို့ သတင်းကို ပြောင်းပြန်လုပ်ပစ်တယ်။ အဲသလောက်ထိအောင်ကို ငမဲလုံးတို့တစ်တွေဟာ မျက်နှာပြောင်ကြပါတယ်။
အခုမကြာသေးဘူး၊ သတင်းဌာနတွေက မေးရင် ဖြေဖြေနေတဲ့ စစ်ဘေးဒုက္ခသည်ပြဿနာနဲ့ပတ်သက်ပြီး ရှိပါသေးတယ်။ စစ်တပ်အုပ်ချုပ်ရေး ပြုလုပ်လို့မရနိုင်တဲ့ စစ်ကိုင်းလို၊ မကွေးတချို့လို၊ ချင်းလို၊ ကရင်နီလို ဒေသတွေမှာ အရပ်သားပြည်သူတွေဟာ စစ်ဘေးဒုက္ခသည် ဖြစ်နေကြတယ်။ အမှန်တကယ် ဒေသခံပြည်သူတွေ ဒုက္ခသည်ဖြစ်ရတဲ့အကြောင်းက သူတို့အုပ်ချုပ်မှုကိုမခံဘဲ တော်လှန်နေသူတွေကို နှိမ်နင်းမရလို့ "ကုလားမနိုင်လို့ ရခိုင်မဲတယ်" ဆိုတဲ့စကားလိုပဲ နီးစပ်ရာအရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မီးရှို့၊ ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လို့ တိမ်းရှောင်ကြရတယ်။
အဲသလိုနဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မြန်မာပြည်ရဲ့ နေရာဒေသအသီးသီးမှာ သိန်းဆယ်ဂဏန်းနီးနီး ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကိုပဲ လျှာအရိုးမရှိတဲ့အတိုင်း ပရမ်းပတာပြောနေတာတွေ ကြားနေရပါတယ်။ ဒုက္ခသည်စခန်း အိုင်ဒီပီကန့်တွေကို ဘယ်လို တည်ဆောက် ကူညီနေပါတယ်ဆိုတဲ့အကြောင်းတွေဟာ သတင်းတွေမှာ အောင့်သက်သက်ကြီးနဲ့ နားထောင်နေရတယ်။
ငမဲလုံးဟာ အိုးတိုးအတလိမ်လည်ရာကနေ ရိုးအီလာတော့ ယုတ်ယုတ်မာမာ ပြောဆိုရတာမျိုးထိ အဆင့်တက်လာခဲ့တယ်။ မြို့ရွာနေအိမ်တွေကို ပီဒီအက်ဖ်တွေက သူတို့အိမ်သူတို့ မီးပြန်ရှို့တယ်ဆိုတဲ့ အထောက်အထားမဲ့ ကလေးကလားစကားတွေ ပြောလာတယ်။ သတင်းဌာနတွေကို ပြောပြောနေတဲ့ ငမဲလုံးကို ရွံရှာဖွယ်အလွန်ကောင်းသမို့ မျက်နှာချင်းဆိုင်ပြီး တံတွေးနဲ့ထွေးရင်တောင် တံတွေးနဲ့မွန်းပြီး ငမဲလုံး အသက်ရှူရပ် သေနိုင်လောက်တယ်။ ဟိုတလောလေးကပဲ ငမဲလုံးက "မင်းတို့ သတင်းထောက်တွေ ဗိုလ်နဂါးနဲ့အင်တာဗျူးဖြစ်ရင် ပြောလိုက်စမ်းပါအုံး၊ သေနတ်ချင်း ယှဥ်ပစ်မလား"တဲ့။ တော်တော်စောက်ခွက်ပြောင်လာတဲ့ ငမဲလုံးပဲ။
ဒါကြောင့် သတင်းစာရှင်းလင်းပွဲတွေမှာ ဒိုင်ခံပြောနေရသူ ငမဲလုံးကိုပဲ ဦးတည်ပြီး ပြောချင်ပါတယ်။ လိမ်လည်ပြောဆိုရာကနေ ယုတ်ယုတ်မာမာ၊ မာမာထန်ထန် စိမ်ခေါ်ပြောဆိုတတ်လာတဲ့ "ငမဲလုံး" "လိမ်မာလာပြီ" လို့ ပြောလိုက်ချင်တာပါပဲ။
ပီတာဂလန့်
သရုပ်ဖော်ကာတွန်း ဘီရုမာ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar