Breaking News

မောင်ရစ် - နွေဦးတော်လှန်ရေး-ဟံသာ၀တီ ဦးဝင်းတင်ရဲ့ လမ်းခွဲ


မောင်ရစ် - နွေဦးတော်လှန်ရေး-ဟံသာ၀တီ ဦးဝင်းတင်ရဲ့ လမ်းခွဲ

(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၁


ဆရာဦးဝင်းတင် ကွယ်လွန်တာ ၂၀၁၄ ဧပြီလ ၂၁ မှာ ဖြစ်ပါတယ်။ အဲသည်လမှာ မိုးမခကို ပြည်ပအွန်လိုင်းပလက်ဖောင်းကနေ ပြည်တွင်းမှာ လစဉ်မဂ္ဂဇင်းအဖြစ် စတင် ထုတ်ဝေတယ်။ ဆရာက နာယကအဖြစ် အမှာစာရေးပေးခဲ့တယ်။ သူ ကွယ်လွန်သွားချိန်နောက်မှ စာအုပ်ထွက်တော့ သူ မြင်မသွားရပါဘူး။ ဆရာနဲ့အတူ ဆရာမောင်မိုးသူကလည်း မိုးမခကို ကြိုဆိုခြင်း စာမူရေးပေးခဲ့တယ်။ ဆရာ မရှိတော့ နာယကကြီးတွေထဲမှာ ဆရာမောင်မိုးသူကို အဖော်လုပ်ပြီး (အန်တီမာမာအေး၊ မောင်စွမ်းရည်၊ ဦးဝင်းဖေ နဲ့အတူ) မိုးမခလစဉ်မဂ္ဂဇင်းကို ချီတက်ခဲ့ရတယ်။ အခု ဆရာဦးမိုးသူလည်း မရှိတော့ပါဘူး။

ဆရာနဲ့ လူချင်း တွေ့ဆုံချိန်မတိုင်ခင်ကတည်းက မိုးမခမှာ အပတ်စဉ်နီးပါး ဖုန်းအင်တာဗျုူးနဲ့ ဦးဝင်းတင်တွေ့ဆုံခန်းတွေ အဝေးကနေ လုပ်ခဲ့တယ်။ ဆရာဦးဝင်းတင်နဲ့ မိုးမခအင်တာဗျူးဆောင်းပါးတွေကို ဆရာ မကွယ်လွန်ခင်က တကောင်းစာအုပ်တိုက်နဲ့ တအုပ်၊ ကွယ်လွန်ပြီးနောက် မိုးမခအင်တာဗျုးပေါင်းချုပ် ရန်အောင်စာပေနဲ့ တအုပ် ထုတ်ဖြစ်တယ်။ 

 မိုးမခက လမ်းခုလတ် ၂၀၁၃ ဆိုပြီး မြန်မာ့အရေးကို ပြည်တွင်းက ခေါင်းဆောင်သူတွေနဲ့ ခေါင်းစဉ်တပ် မေးမြန်းခန်းတွေ လုပ်ဖူးတယ်။ ဦးဝင်းတင်ကတော့ အဲသည်ကတည်းက လမ်းခုလတ်အမြင်ကို သည်လို ပြောခဲ့တယ်။

“ … လမ်းခုလတ်ကို အရင်ဆုံး အဓိပ္ပာယ်သတ်မှတ်ချက် လုပ်ရလိမ့်မယ် ထင်တယ်။ ၂၀၁၃ မှ မဟုတ်ဘူးပေါ့လေ၊ တလျှောက်လုံးကို ပြန်ကြည့်ရင် … လမ်းခုလတ်ဆိုတာ ဒီအစိုးရပြောင်းလာတဲ့ဆီမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ဆီမှာ တပ်မတော်က လုပ်ပေးတာ၊ သူတို့ဖော်ဆောင်ပေးတာလို့ ပြောတာမျိုး ရှိတယ်။ ဥပမာ လိုင်ဇာတိုင်းရင်းသားညီလာခံမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကနေ ပြောတဲ့ သဘောထားပေါ့။ အာဏာရှင်စနစ်ကနေ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်အောင် ကွပ်ညပ်ပြီးတော့ ပိတ်ဆို့ပြီးတော့ လုပ်တာ။ အာဏာရှင်စနစ်ရဲ့ လမ်းခုလတ်ဖြစ်တယ်လို့ မြင်တယ်။ ဒီမိုကရေစီသမားတွေရဲ့ လမ်းခုလတ်မဟုတ်ဘူး။ အာဏာရှင်သမားတွေရဲ့ လမ်းခုလတ်ပဲ။ အဲဒီလမ်းခုလတ်ကို ငါတို့ ဘယ်လိုရင်ဆိုင်မလဲ။ ငါတို့က အဲသည်လမ်းခုလတ်ကနေ ခွဲထွက်ရမယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့ လမ်းခွဲဖြစ်ရလိမ့်မယ်။ အခုဟာက ညောင်ညိုပင်စခန်းမှာ သူတို့က ခဏလေး နားနေတာပဲ။ တိုင်းပြည်အတွက် အကြောင်းမထူးဘူး၊ နိုင်ငံရေးသမားတွေအတွက် အကြောင်းမထူးဘူး။ လူမှုရေးအတွက်လည်း အကြောင်းမထူးဘူး။ အပြောင်းအလဲတွေအတွက်လည်း အကြောင်းမထူးပါဘူး။ အာဏာရှင်စနစ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းပေါ်က လမ်းခုလတ်ကနေ လမ်းခွဲကြမှ ဖြစ်မယ်လို့ ထင်တယ်။ …”

သူက အဲသည်ကတည်းက ပြောခဲ့ပြီး ဖြစ်ပါတယ်။

လမ်းခွဲဆိုတာ ဘယ်လိုမျိုးလည်း ဆိုတာကို ပြောခဲ့ပြီး ဖြစ်ပါတယ်။

“ … လမ်းခွဲပေါ်နိုင်တဲ့လမ်းဟာ ဥပမာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လုပ်နေတဲ့လမ်း၊ အစိုးရ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးပါလို့ ပြောနေသော်လည်း သူတို့က မထိုးဘူး။ သူတို့ဘာသာ စုစည်းပြီးတော့ ဘုံသဘောတူညီချက်တွေ ရယူတယ်။ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး၊ လက်ခံရေး၊ နိုင်ငံရေးအခြေအနေတရပ် ပေါ်လာဖို့ကို တောင်းဆိုတယ်။ နောက်တခုက ၈လေးလုံးအရေးတော်ပုံကြီး နှစ်ပတ်လည်အခမ်းအနားလုပ်တဲ့ဆီမှာ အစိုးရက ခွင့်ပြုတာတွေ၊ လုပ်ကိုင်ပေးတာတွေ ရှိနေသော်လည်း မန္တလေးမှာ လုပ်တဲ့ ၈ လေးလုံးအခမ်းအနားလိုမျိုးပေါ့။ ကိုလေး (အင်းဝဂုဏ်ရည်) ပြောသလိုဆိုရင် “ပြည့်တန်ဆာပပျောက်ရေး လှုပ်ရှားမှုပွဲကြီး” ပေါ့။ အဲသည်လိုင်းပေါ့။ …”လို့ သူ က ပြတ်ပြတ်ပြောခဲ့ပြီး ဖြစ်ပါတယ်။

သည်လိုနဲ့ ၂၀၁၄ မှာ ဆရာ ကွယ်လွန်တယ်။ ကျနော်တို့တတွေကိုယ်တိုင်ကလည်း စစ်တပ် လမ်းခုလတ် ခဏလေးနားနေတုန်း စာအုပ်တွေထုတ်ကြ၊ သတင်းစာတွေထုတ်၊ တီဗီတွေ ရိုက်၊ စသည်ဖြင့် အတော်လေး ‘လုပ်’လိုက်ကြပါသေးတယ်။ နောက်တော့ ၂၀၂၁ မှာ စစ်တပ်က ညောင်ညိုပင်စခန်းကနေ မတ်တတ်ထရပ်ပြီး လမ်းခွဲပါတေ့ာတယ်။ ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေနဲ့ မျိုးဆက်သစ် အရေးတော်ပုံတပ်သားအသစ်တွေဖြစ်တဲ့ CDM မျိုးဆက်တွေ Gen-Z မျိုးဆက်တွေကလည်း နွေဦးတော်လှန်ရေးကို ပြတ်ပြတ်သားသား ရွေးချယ်ဆင်နွှဲလိုက်ကြတယ်။ သူတို့က ဆရာဦးဝင်းတင် မျှော်မှန်းခဲ့သလို - အာဏာရှင်စနစ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းပေါ်က လမ်းခုလတ်ကနေ လမ်းခွဲထွက်လိုက်ကြတဲ့ နွေဦးတော်လှန်ရေးပဲ ဖြစ်ပါတော့တယ်။

စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းရေး၊ စစ် ၃ စစ် ( စစ်အုပ်စု၊ စစ်ဗျူရိုကရေစီ၊ စစ်ယန္တရား) အမြစ်ဖြတ်ရေးဆိုတဲ့ ပြတ်သားတဲ့ ကြွေးကြော်သံကို နွေဦးတော်လှန်ရေးက အမြင့်မားဆုံး လွှင့်ထူလိုက်ပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတဲ့ လမ်းခွဲကို ပြတ်သားစွာ ရွေးချယ်ပြီး အသက် သွေး ချွေး မြောက်မြားစွာ ရင်းနှီးပြီး ချီတက်လိုက်ကြပါတော့တယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ဧပြီ မြန်မာနှစ်ဆန်းက မြန်မာနွေဦးတော်လှန်ရေး ၂ လပြည့်အကျော်မှာ CRPH ၊ NUCC တို့ကနေ NUG ထွက်ပေါ်လာတယ်။ PDF တွေ မွေးဖွားလာကြတယ်။ CDM တွေ Gen-Z တွေဟာ နေရာကဏ္ဍအသီးသီးကနေ တာဝန်အသီးသီးကို ခွဲဝေယူဆောင်လိုက်ကြတယ်။ မိဘပြည်သူတွေကလည်း ပုခုံးနဲ့ထမ်းပြီး မျိုးဆက်သစ် တော်လှန်ရေးသစ် နွေဦးကို သယ်ပိုး လိုက်ပါ ဆက်ချီတက်ကြတယ်။ 

အခု ၂၀၂၂ ဧပြီ ၂၁ မှာ ပြန်ပြောင်းကြည့်မိတော့ ဆရာဦးဝင်းတင် ပုံရိပ်ကိုလည်း နောက်ကြည့်မှန်မှာ ထင်ထင်ရှားရှား ပေါ်လာတယ်။ နွေဦးတော်လှန်ရေးဆိုတာ ဆရာဦးဝင်းတင် ယုံကြည် မြှုပ်နှံ ထမ်းဆောင်ခဲ့တဲ့ လမ်းခွဲပါပဲ။ အဲသည်လမ်းခွဲကို နွေဦးမျိုးဆက်သစ်တွေကိုယ်တိုင် ဆက်ဖောက် ခွဲထွက် ချီတက်နေကြပြီ ဖြစ်ပါတယ်။

ဆရာ သက်တော် ရာကျော် ရှည်ပါစေ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar