Breaking News

မောင်သော်တာ - နေ့စဉ်ဘဝထဲကစာမျက်နှာများ

နေ့စဉ်ဘဝထဲကစာမျက်နှာများ
မောင်သော်တာ
(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၂

ခေတ်ကြပ်ကြီးထဲမှာ အဆင်ပြေတယ်လို့ မရှိကြပါဘူး။ ဘယ်သူတွေဖြင့် ပျော်လို့ မော်လို့လည်း မရှိကြပါဘူး။ ထောက်ခံတဲ့သူတွေရော ဆန့်ကျင်နေကြတဲ့သူတွေရော၊ နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူး ဆိုတဲ့သူတွေရော အားလုံးဟာအကြပ်အတည်းကြီး ကြုံနေကြရပြီ။ ကုန်စျေးနှုန်းတွေ တရိပ်ရိပ်တက်လာတာနဲ့အတူ ရေ'မြင့်ရင် ကြာ'မြင့်တာပေါ့လို့ အထင်ရောက်ခဲ့ကြသူတွေလည်း ရေမရှိတဲ့ချောင်းမှာ နှခေါင်းမဖော်နိုင်ဘဲ နစ်နေကြပါပြီ။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ လို့ ဘုရားသွားမပျက် ကျောင်းသွားမပျက် ရုံးသွားမပျက်ခဲ့ကြသူတွေလည်း အဆင်ပြေကြပါရဲ့လား။ အရင်တုန်းက ဖုန်းဘေလ် ၁၀၀၀ ဖိုးလောက်ဖြည့်လိုက်ရင် ၂ ရက် ၃ ရက်လောက်ကို ဖုန်းသုံးလို့ရခဲ့တာ။ အခုတော့ ဖုန်းဘေလ်လည်း ထပ်မဖြည့်နိုင်ကြတော့ပါဘူး။ ဝိုင်ဖိုင်ဖရီးရတဲ့လက်ဖက်ရည်ဆိုင်လေးတွေဆီ ပြေးသုံးကြရတဲ့အနေအထား။ ဖုန်းကိုလည်း အဝင် call လောက်ပဲ သုံးတော့တယ်လေ။ ဒီလိုအနေအထားကြီးမှာ ကဗျာ post အတွက် facebook သုံးတဲ့ ကျနော့်လိုလူတယောက်အဖို့မှာ တခြားသူတွေရဲ့ postတွေကို စိမ်ပြေနပြေ ထိုင်ဖတ်ဖို့မရှိတော့သလို ကိုယ်ရေးတဲ့ကဗျာ post တွေကိုလည်း မိတ်ဆွေတွေက စိတ်ရှည်လက်ရှည် ဖတ်မှာမဟုတ်တော့ပါဘူး။ အားလုံးဟာ စိတ်ပျက်စရာအခြေအနေကြီးကို သည်းခံကျေ ာ်လွှားနေကြတယ်။ ဘယ်မြို့ ဘယ်ရွာတွေ မီးဘေးသင့်သတဲ့ ဘယ်သူ ဘယ်ဝါဖြင့် ကြွေလွင့်ရရှာပြီတဲ့ သတင်းမျိုးစုံကို မခံစားနိုင်အောင် မြင်ရ ဖတ်ရ နာကျင်ရ နာကျည်းရ တက်ခေါက်မိလိုက်ရနဲ့။ ပြည်သူအားလုံးကို မစာ နာတတ်တဲ့ ရင်ဘတ်အစိမ်းကြီးတွေရဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ လူယုတ်မာတွေကလည်း အုပ်စုတစု ကွန်ရက်တခု ရပ်ကွက်တခုအနေနဲ့ ရှိနေသေးတာကိုလည်း စက်ဆုပ်ရွံရှာဖွယ် တွေ့နေရသေးတယ်။ ငါတို့ခေတ်ကြီးက တကယ့် ဗဟုဝါဒခေတ်ကြီးပါတကား။

လူအားလုံး မှီတင်းနေထိုင်နေတဲ့အိမ်တဆောင်လုံး အဖြိုဖျက်ခံနေရတာကို မမြင်ချင်ယောင်ဆောင်နေခဲ့သူတွေက လူယုတ်မာတယောက်သေချင်းဆိုးနဲ့သေတဲ့သတင်းကိုကျတော့ ရင်ကွဲ ပက်လက် ဖြစ်ကြရှာသတဲ့။ ဪ ဪ ဪ့ဪ ..။ 

စိတ်က အာရုံမှန်သမျှ တိမ်းညွှတ်လွယ်တဲ့သဘောရှိတာမို့ လူယုတ်မာတွေ ဘေးဆိုးသင့်တဲ့သတင်းလေးများကြားရရင် ဝမ်းသာစိတ်ဖြစ်ရလိမ့်မယ်လို့ မထင်ခဲ့ဖူးတာ အခုတော့ ဖြစ်နေရပြီ။ အသည်းနှလုံးသားက ကျွဲ ပခုံးထ'နေပြီလား.။ လူယုတ်မာတယောက် အာဏာရသွားတာနဲ့ လူအားလုံးလည်း ဒေါသတွေကြီးလာ၊ စိတ်တွေပေါက်ကွဲ ၊ မေတ္တာတွေခမ်းခြောက်လို့..။ ကာလနှယ် ဆိုးပါဘိ ။ ကျနော့်ကိုသာ သတ်လိုက်ကြပါတော့လို့ တောင်းတောင်းပန်ပန်အသံလေးက ကျနော်တို့ရဲ့ရင်ဘတ်ကို ထုချေလိုက်သလိုပါပဲ။ လူတယောက်ရဲ့ အသက်ရှင်လိုစိတ်ဟာ သူ့ဘဝအတွက်ရော သူ့တိုင်းပြည်အတွက်ရော မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကြီးထဲ ရောက်သွားခဲ့ပြီ။ 

တရွေ့ရွေ့နဲ့ အရွေ့တခုလေးရှိရုံနဲ့ ကျေနပ်နေရင်လည်း game over အချိန်စေ့သွားတော့မယ် ။ မိုင်းကွင်းကြီးထဲ မြန်မြန်ဖြတ်။ ခြေလှမ်းမှားပြီး နင်းမိရင်လည်း နင်းပစ်လိုက်တော့ပဲ။ ခရီးဆုံးရောက်အောင် မြန်မြန်ဖြတ်။ ခရုငယ်လေးတကောင်ကို ကျနော်တို့ လက်ခုပ်တီးပြီး ထိုင်အား ပေးရမှာ မဟုတ်တော့ဘူး။ ဘဝကြီးကို တရားဓမ္မနဲ့ အခိုက်အတန့် အမောဖြေ။ ပြီးရင် လူ ယုတ်မာကို ဝိုင်းဆဲ မေတ္တာတွေပို့ ။ ငါတို့က ဘာတွေလဲ ။ ဘာတွေဖြစ်ကုန်ပြီလဲ ။ 

နေ့စဉ်ဘဝထဲမှာ ကိုယ့်သက်ရှင်မှုရဲ့အဓိပ္ပာယ်ကို ကိုယ်ပြန်ရှာဖွေနေရပြီ။ ကိုးကွယ်ယုံကြည်မှုတိုင်းမှာ အလှတရားရယ်၊ ကောင်းကျိုးရှိမှုရယ်၊ အစစ်အမှန်ဖြစ်မှုရယ်။ ဒီအချက် ၃ ချက် ရှိကြတယ်။

ခေတ်ကြီးက အကျည်းတန်လှချည်ရဲ့
ကောင်းကွက်ကို မရှိမဲ့ ရှိမဲ့ လိုက်ရှာ...
ဒီအစစ် ဒီအမှန်တရားကို ကဗျာထဲ တူးဆွနေမိတယ်။ 

ခေတ်အဆက်ဆက် ပြန်ကြည့်လိုက်ရင် အင်္ဂလိပ်ခေတ်တုန်းကလည်း ငတေမာတွေ အနေသာကြီးနေခဲ့ကြတာပဲ။ ဂျပန်ခေတ်လည်း အတူတူပဲ။ အလိုတော်ရိတွေ လူယုတ်မာတွေ ရှိခဲ့ကြတာပဲ။ လူတန်းစား ကွဲပြားခြားနားမှုက ရှိနေတာပါပဲ။

ဒါပေမယ့်လည်း....

လွတ်လပ်ရေးရဲ့အရသာ၊ ငြိမ်းချမ်း​ရေးရဲ့အရသာကိုတော့ အတူတူ ခံစားကြရမှာပါပဲ။
မောင်သော်တာ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar