Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၃၀ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၃၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁ ၂၀၂၂


မြန်မာတိုက်လေယာဥ် ထိုင်းနိုင်ငံပိုင်နက်ထဲ ဖြတ်ကျော်ပျံသန်း

နှစ်နိုင်ငံ နယ်ခြားကော်မတီ အစည်းအဝေး လုပ်ဆောင်ပြီးနောက်တရက်၊ ထိုင်းတပ်မတော်ကိုယ်စားလှယ် အဖွဲ့က နေပြည်တော်မှာ စစ်ကောင်စီဥက္ကဌကို တွေ့ဆုံပြီး နောက်တရက်မှာပဲ ထိုင်းနယ်မြေ ဝေဟင်ပိုင်နက်ထဲကို မြန်မာစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ် ဖြတ်ပြီး ပျံသန်းခဲ့တဲ့ အဖြစ် ဖြစ်ပျက်ခဲ့ပါတယ်။ 

ကရင်ပြည်နယ် ဥကရစ်ထ စခန်းကို သိမ်းယူဖို့ တိုက်ခိုက်နေတဲ့ ကေအန်ယူပူးပေါင်းတပ်တွေနဲ့ စခန်းကို ကာကွယ်နေတဲ့ စစ်ကောင်စီတပ်တွေအကြား ၄ ရက်မြောက်တိုက်ပွဲအပြင်းအထန် ဖြစ်နေစဥ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့ စစ်တိုက်လေယာဥ်က ထိုင်းနယ်စပ်ဘက်ကို ဖြတ်ကျော် ပျံသန်းခဲ့တဲ့အဖြစ်အပျက် ဒီနေ့မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းစစ်တပ်က ရေဒါမှာ မြန်မာစစ်လေယာဥ်ကို တွေ့ရှိရလို့ ထိုင်းလေတပ်ရဲ့ တိုက်လေယာဥ် ၂ စင်းပျံတက်ပြီး ထိုင်းနိုင်ငံရဲ့ မြန်မာဘက်နဲ့ ကပ်လျက်ရှိတဲ့ နယ်စပ်က ကျေးရွာက စာသင်ကျောင်းက စာသင်တာ ရပ်နားပြီး ကျောင်းသားတွေကို ပြန်လွှတ်လိုက်ရတဲ့ အဖြစ်အပျက်ဖြစ်ပျက်ခဲ့ပါတယ်။ 

နှစ်နိုင်ငံနယ်စပ်မျဥ်းက သောင်ရင်းမြစ် အနေနဲ့ စီးဆင်းနေတဲ့ ဒေသမှာ မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ်မျဥ်းကို ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ကျော်ဖြတ်ပျံသန်းခဲ့တာဟာ မသိလို့ ဖြစ်ကျော်တာထက် ဥကရစ်ထ စခန်းသိမ်းဖို့ကြိုးစားနေတဲ့ ကေအန်ယူတပ်တွေကို တိုက်ခိုက်ရာမှာ ပိုလွယ်ကူအောင် ပျံသန်းတိုက်ခိုက်မှု ၊ သို့မဟုတ် ထိုင်းနိုင်ငံက မြန်မာ့စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာမျိုးကို ၄င်းကို ထောက်ခံသူတွေကို ပြချင်လို့ စိတ်အားတက်ကြွအောင် လုပ်ဆောင်ပြတာမျိုးလားလို့ စဥ်းစားစရာ ရှိပါတယ်။ ဒီလို စိတ်အားတက်ကြွအောင် လုပ်ဆောင်တာမျိုးတွေ အရင်စစ်အစိုးရလက်ထက်က တကြိမ်မက ရှိခဲ့ပြီး ထိုင်းနိုင်ငံမှာ စစ်တပ်က သြဇာရှိတဲ့အချက်နဲ့  စစ်ဗိုလ်ချုပ်တွေက ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်စဥ်ကာလတွေမှာ မြန်မာစစ်တပ်ဘက်က လုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။ အရင် ၉၀ ကျော်ခုနှစ်တွေက ကေအန်ယူနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ထိုးစစ်ကာလတွေမှာ တခါတရံ မြန်မာစစ်တပ်တွေက ထိုင်းနယ်မြေထဲကနေ ဝင်ပြီး ကေအန်ယူစခန်းကို နောက်ကျောကနေ ပြန်တိုက်တာမျိုးတွေလည်း ဖြစ်ပျက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ 

လတ်တလော ဖြစ်ပျက်နေတဲ့ နယ်စပ်ဒေသက တိုက်ပွဲတွေမှာလည်း ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံရေးနယ်ပယ်မှာ ပါဝင်နေရာယူထားတဲ့ စစ်တပ်အချင်းချင်း နားလည်မှုက တပိုင်း၊ တဖက်မှာ အနောက်နိုင်ငံတွေနဲ့ နိုင်ငံရေး မဟာမိတ်အနေအထား စီးပွားရေးဆိုင်ရာ ဆက်ဆံမှု သံတမန်ရေးတွေကိုလည်း မိတ်မပျက်အောင် ဒုက္ခသည်ကူညီပေးရေး လိုကိစ္စမျိုး နိုင်ငံရေးအတိုက်အခံတွေကို တရားဝင်/ မဝင် နေထိုင်နေကြတဲ့ ကိစ္စတွေမှာ ဆိုးဆိုးရွားရွား မလုပ်ဆောင်ခြင်း ဖြင့် ၂ ဖက်ကို သူ့နည်းပရိယာယ်နဲ့သူ ဆက်ဆံနေတဲ့ သဘောမျိုးတွေ့ရတာ ဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေထဲမှာတော့ ခုရက်ပိုင်းအတွင်း သတင်းထွက်ပေါ်နေတဲ့ လူ ၁၀၀ ဝန်းကျင်ရဲ့ နာမည်ပါရှိတဲ့ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းကို NUG ကပြုစုထားတယ်ဆိုတဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ သတင်းနဲ့ပတ်သက်လို့ NUG ဘက်က ထုတ်ပြန်ချက် ထုတ်ပြီး ဒီသတင်းက အခြေအမြစ်မရှိကြောင်း ကြေညာလိုက်ပါတယ်။ NUG အနေနဲ့ နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေကို တန်ဖိုးထားပြီး သတ်ဖြတ်လုပ်ကြံမှုတွေ ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်သလို အဲဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကိုလည်း ရှုတ်ချတယ်လို့ ဖေါ်ပြထားပါတယ်။ 

အခုလို အချိန်မဆွဲပဲ မြန်မြန်ဆန်ဆန် ဖြေရှင်းထုတ်ပြန်ခြင်းဟာ ကြိုဆိုရမယ့် လုပ်ရပ်ဖြစ်ပြီး ဒီလိုသတင်းတွေ ဘာကြောင့် ထွက်ပေါ်လာသလဲဆိုတဲ့အပေါ်လည်း မြေပြင်မှာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို လက်တုံ့ပြန်ဖို့နဲ့ သတင်းပေးကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ PDF အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတယ်ဆိုတာမျိုး၊ ရပ်ကွက် အုပ်ချုပ်ရေးကို မတည်ဆောက်နိုင်အောင် ရပ်ကွက်အုပ်ချုပ်ရေး ကျေးရွာအုပ်ချုပ်ရေးမှာ ပါဝင်သူတွေ၊ စီဒီအမ် မလုပ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်တာတွေကို စိစစ် တားဆီးသင့်ပါတယ်။ တော်လှန်ရေးမှာ လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ငန်းတာဝန်က ရာခိုင်နှုန်းအများအပြားဖြစ်လာတဲ့အခါ လူ့အခွင့်အရေး ရှုထောင့်ကကြည့်ကြည့် တရားမျှတမှု ရှုထောင့်ကကြည့်ကြည့် နိုင်ငံတကာ ဥပဒေကြောင်းအရ ကြည့်ကြည့် တနေ့နေ့မှာ အစွန်းအထင်းဖြစ်စရာတွေ ဖြစ်ပါတယ်။ 

ခုနေချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ဒီကိစ္စကို မီးမောင်းထိုး မပြောဆိုကြပေမယ့် စောင့်ကြည့်တာတွေ မှတ်တမ်းတင်ထားတာတွေက ရှိနေမှာ မလွဲပါဘူး။ ဒါက သံတမန်အရေးဖြစ်ပါတယ်။ ပိုအရေးကြီးတာက လူမှုအသိုက်အဝိုင်းထဲ စစ်ရေး လှုပ်ရှားမှု ထဲက မဟုတ်တဲ့ သူတွေကို မျက်ကွယ်မှာ သတင်းပေး၊ ထောက်တိုင်လို့ သတ်မှတ်ပြီး သေဒဏ် စီရင်သလို လုပ်ကြံသတ်ဖြတ်မှုတွေက လတ်တလော တုံ့ပြန်လုပ်ကြံသတ်ဖြတ်မှုတွေကို မွေးထုတ် ပေးသလို စေ့ဆော်ပေးသလိုဖြစ်စေမှာဖြစ်ပြီး အနာဂတ်အထိ စဥ်းစားကြည့်ရင်တော့ လူမှုအသိုက်အဝိုင်းမှာ ဒဏ်ရာတွေကျန်ရစ်မှာ ဖြစ်ပါတယ်။ တနေ့တချိန် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုမှာ အမည်းရောင် စာမျက်နှာတွေ အဖြစ်မှတ်တမ်းကျန်ရစ်စေနိုင်တာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar