နေသွင်နိုင်း - အနန္တစကြဝဠာထဲက ကြယ်ပျံတွေ
အနန္တစကြဝဠာထဲက ကြယ်ပျံတွေ
နေသွင်နိုင်း
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၂
မပျော်ရတဲ့ မှတ်ဉာဏ်တွေရဲ့ မြစ်ဖျားက
အကြောက်တရားကို မီးလို ပန်းထုတ်
ညရဲ့ မီးတောက်နား
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
ငါ့အသံကို မီးပုံကြီးထဲ ပစ်ထည့်လို့
မီးလျှံထဲ ကုန်းရုန်းထ နေရတဲ့
တရားမျှတမှုကို ဆာလောင်တယ်။
လက်မောင်းသားထဲ ၊ ထမင်းခြမ်းခဲထဲ
ဖျစ်ဖျစ်မြည်ထားရမယ့် ကျတ်မြေမှာ
ပျံသွားတဲ့ကြယ်တွေလို ဝံ့စားကြရုံ
စိတ်အလေအနည်ကို အလံလွှင့်
မပျော်ရတဲ့အခိုက်တွေ။
ငါတို့ဟာ မသေတဲ့ကြယ်တွေအဖြစ်
မီးပုံကြီးထဲ ခုန်ချပြီးတဲ့အခါ
ကောင်းကင်ရာဇဝင်သစ်ဆီ ပျံတက်ကြလိမ့်မယ်
သစ်မြစ်တွေက
မီးတောက်ကြီးရဲ့သွေးကြောကနေတဆင့်
ငါ့စကား စုပ်ယူနားထောင်နေကြရဲ့။
အမှောင်ထနေတဲ့သမိုင်းရဲ့ ပခုံးသားများ
နာကျင်တေးသွားများရဲ့ချွန်မြမှုကို
တဆုံးထိ ထိုးအစိုက်ခံရင်း
ဝင်္ကပါထဲ ရှင်သန်အောင်မွေးမြူကြ
သူလိုကိုယ်လိုပန်းခြံထဲ
လေညင်းခံချင်တဲ့ စိတ်ကို ရိတ်သိမ်း
မပျော်ရတဲ့ အခိုက်တွေ မမေ့နဲ့
ကိုဂျင်မီကို မမေ့နဲ့
ကိုဖြိုးဇေယျာသော်ကို မမေ့နဲ့
ကိုလှမျိုးအောင်ကို မမေ့နဲ့
ကိုအောင်သူရဇော်ကို မမေ့နဲ့
ငါ့ညီလေးရဲ့ နားထင်နားဖြတ်သွားတဲ့
သေရာပါကျည်ရာကို မမေ့နဲ့။
မီးလျှံရထားက အရှိန်မလျော့ဘဲ ခုတ်မောင်းလို့
ငါ့စိတ်အခိုင်အခက်များ
မီးတောက်ထဲ
ထုံကူးခဲ့ပြီ။
အလှမွေးငါးကန်ထဲက
ငါးသေတ္တာတလုံးရဲ့ရှင်သန်မှုကို တွန်းလှန်ကြ
မီးတောင်များရဲ့ပွဲတော်ဆီ ချီတက်ကြ
လဲကျရင်း
ပြန်ထရင်း
ကမ္ဘာမကြေဘူးဟေ့။
သွေးစုပ်ဖုတ်ကောင်တွေ
ဝံပုလွေတွေရဲ့ ကောက်ကျစ်စဥ်းလဲမှုအမြီးတွေက
ပန်းပွင့်လေးများနဲ့စမ်းချောင်းလေးများပေါ်
သူတို့ရဲ့ သူရဲဘောကြောင်မှုကို ရေးလို့
ရန်သူဟာ ရန်သူပီသခဲ့ကြတာ မမေ့နဲ့
ခြေပြတ်လက်ပြတ်တိုင်းပြည်ကြီးကို မမေ့နဲ့
အဖြူအမည်းနှစ်ကာလများထဲ
ဂက်စ်တန်နာနဲ့လှိမ့်ခဲ့ရတဲ့ ခေတ်ပျက်ကြီးကို မမေ့နဲ့။
သွေးခဲလာတဲ့အခါ
ကဗျာဆရာ ခက်သီကို မမေ့နဲ့
ကဗျာဆရာကေဇဝင်းကို မမေ့နဲ့
ရဲဘော် ချစ်ဖွယ်ကို မမေ့နဲ့
ညီမလေး မြသွဲ့သွဲ့ခိုင်ကို မမေ့နဲ့
(၄၄)လမ်းထဲကနေ စကြဝဠာထဲ ခုန်ချသွားတဲ့
ကြယ်ပျံတွေကို မမေ့နဲ့
နွေဦးမီးတောင်ထဲက ငါတို့ချစ်သူတွေ
ရုပ်သံမှာ မမြင်လိုက်ရတဲ့
လူမသိ သူမသိ ငါတို့ရဲဘော်
အညတရသူရဲကောင်းတွေ
လောင်မီးကျ ငါတို့မြို့ရွာတွေ
မမေ့နဲ့။
ယုံကြည်မှုကို မိုးအဆုံးမြေအဆုံးလွှင့်တင်လို့
ဘယ်တော့မှ စိတ်မချလိုက်လေနဲ့
တော်လှန်သောဝိညာဥ်တောင်ကုန်းမှာ
ကြယ်တွေ တွင်းနက်ကြီးထဲ ပြေးဝင်သွားမှ
နွေဦးအဘိဓာန် လာမဖတ်နဲ့။
နိုင်ငံတော်ရာဘာတံဆိပ်တုံးအောက်က
ခြထိုးနေတဲ့ခွေးတွေရဲ့ အမည်နာမနဲ့
သစ္စာဖောက်တွေရဲ့ အမည်နာတွေကိုလည်း မမေ့နဲ့။
ပေးစရာငွေ မရှိတော့တဲ့အခါ
ပေးစရာ အသက်ပဲရှိတော့တယ်
ပြေးစရာမြေ မရှိတော့တဲ့အခါ
တိုက်စရာ စစ်မြေပြင်ပဲ ရှိတော့တယ်
မီးပုံကြီးရဲ့ဘေး ငိုသံတွေတိတ်ဆိတ်သွားတဲ့အထိ
ငါရပ်နေရ
မပျော်ရတဲ့အခိုက်တွေ။
သရေမရှိတဲ့ ဒီပွဲမှာ
တစ္ဆေပုံပြင်တွေရဲ့ မသေတဲ့ရိုးရာဟာ
ဘုရားလိုပွင့်လာကြတော့မယ်
ယုံကြည်ကြ
သေခြင်းဟာ လွတ်လပ်ခြင်းဆိုလည်း
သွေးနဲ့ရင်းရ ရင်းရ
အသက်နဲ့ ရင်းရ ရင်းရ
သေခြင်းကို ရယ်မောလိုက်ကြမယ်။
ဘဝက
စကြဝဠာထဲက မပျော်ရွှင်တဲ့ငါးတကောင်ထက်
ဘာမှမပိုပါဘူးကွာလို့ အလင်းပွင့်လာတော့
သေသူအပေါ်ဖုံးအုပ်ထားတဲ့ အလံနီဟာ
မီးတောက်ထဲ တလူလူလွင့်လို့
ညမွှေးပန်းတို့ ကြယ်ပျံများသို့တေးဖွဲ့ ရနံ့လွှတ်ချိန်
ငါ့အိုးစားဖက်ဟာ အနန္တစကြဝဠာထဲ
ကြယ်ငါးအဖြစ်ဝင်စားလို့။
အမျှမဝေတော့ဘူး ရဲဘော်
သရဏဂုံ မတင်တော့ဘူး ရဲဘော်
ရဲဘော်ရေ.......
ငါတို့လာရင်လည်း နွေဦးသင်္ဘောပေါ်မှာ
ပင်လယ်တစ္ဆေတွေလို
မကျွတ်တမ်း ချီတက်ကြမယ်။
ငါ့နာကျင်မှာတမ်းအပြီးမှာ
မီးတောက်ထဲ
ညရဲ့ဈာပနဟာ
ကျကွဲ
တိတ်ဆိတ်
မပျော်ရတဲ့ အခိုက်တွေ
စိတ်ကို ဓားလိုပြန်သွေး
ငါတို့သမိုင်း ငါတို့ရေးမှ ဖြစ်မယ်
မမေ့နဲ့။
ဟေ့၊
ဒီမှာ
ငါတို့ကိုသတ်လို့ မရဘူးဆိုတာ
အိုလံပီယာနတ်ဘုရားတွေတောင်
အံ့သြဆွံ့ အ နေရမယ်။ ။
နေသွင်နိုင်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar