Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၉ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၉ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၂


သေဒဏ်စီရင်မှုနဲ့ သတ်ဖြတ်ခံရမှုများ 

ဇူလိုင် ၂၅ ရက်နေ့ သေဒဏ်စီရင်မှု လုပ်ခဲ့တယ်ဆိုတဲ့ သတင်းထုတ်ပြန်ပြီးချိန်ကစလို့ ခုရက်ပိုင်းထိ သေဒဏ်စီရင်မှု နဲ့ပတ်သက်တဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ သေဒဏ်စီရင်မှုတွေ ထပ်ရှိလာမယ့် အလားအလာ၊ သေဒဏ်စီရင်မှုကို ကန့်ကွက်ရှုတ်ချမှုတွေ ၊ လက်တုံ့ပြန်မှုတွေ လုပ်မယ့် သတင်းထုတ်ပြန်ချက်တွေ၊ သေဒဏ်စီရင်မှုကို ဆန့်ကျင်တဲ့ ထုတ်ပြန်ချက်တွေ စတာတွေ နေ့စဥ်လိုလို သတင်းတွေထဲ ဆိုရှယ်မီဒီယာတွေထဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ သေဒဏ်စီရင်မှုကို ပယ်ဖျက်မထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ကမ္ဘာ့နိုင်ငံရဲ့ ၇၀ ရာနှုန်းလောက်မှာ သေဒဏ်ပေးခြင်းကို ဥပဒေအရသော်လည်းကောင်း လက်တွေ့မကျင့်သုံးတာမျိုးနဲ့ သေဒဏ်ကို မပေးကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ သေဒဏ်ကို လက်တွေ့ မပေးတာ ဆယ်စုနှစ် ၂ ခုကျော် ၃ ခုနီးပါး ရှိပြီလို့ သတင်းမီဒီယာတွေက ရေးသားကြတာ တွေ့ရပါတယ်။ သို့သော် ရာဇဝတ်မှုဆိုင်ရာ သေဒဏ်ချမှတ်မှုတွေကို ၁၉၈၀ နဲ့ ၉၀ ကြားခုနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အကျဥ်းထောင်အချို့မှာ ပြစ်ဒဏ်ပေးခဲ့တဲ့ မှတ်တမ်းတွေရှိပေမယ့် နိုင်ငံရေးအကျဥ်းသား နိုင်ငံရေးပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကိုတော့ ဆယ်စုနှစ် ၃ ခုကျော် သေဒဏ်ချမှတ်ခြင်းရော စီရင်ခြင်းပါ မရှိခဲ့တာ တွေ့ရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဖေဖော်ဝါရီလနှောင်းကတည်းက စလို့ ဆန္ဒပြမှုတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုတွေ ဆန္ဒပြသူတွေဘက်က ပြန်လည်ခုခံပိတ်ဆို့မှုတွေနဲ့ စစ်အုပ်ချုပ်ရေးကြေညာ စစ်ခုံရုံးဖွဲ့စည်းခဲ့ပြီးနောက် သေဒဏ်စီရင်မှုတွေ ပြန်လည်စတင်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြို့ပြပြောက်ကျားအဖွဲ့တွေ၊ ဒလန် ရှင်းလင်းမှု လုပ်ဆောင်သူတွေလို့ စွပ်စွဲဖမ်းဆီးခံရသူတွေ၊ ဒလန် ရှင်းလင်းရေးမှာ ပါဝင်ပတ်သက်သူတွေကို စစ်ခုံရုံးကနေ သေဒဏ်စီရင်တာတွေ ရှိလာပြီး တနှစ်ကျော်အကြာမှာ ဒါဇင်နဲ့ချီရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာမှာ အဖမ်းခံခဲ့ရတဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သေဒဏ်စီရင်ချက်ချမှတ်အပြီး ရက်သတ္တပတ်အကြာ ယခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ သတင်းတပုဒ်ထဲမှာ မြန်မာနိုင်ငံတဝန်း အကျဥ်းထောင်တွေက ကြိုးစင်တွေကို သန့်ရှင်းရေး လုပ်ဖို့ အကျဥ်းဦးစီးဌာနက ညွှန်ကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ့ရှိရပါတယ်။

အဲဒီအချိန်ကတည်းက သေဒဏ်စီရင်ပြီးခါစ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို လက်တွေ့သေဒဏ်စီရင်ဖို့ ရည်ရွယ်ချက် ရှိခဲ့တာလို့ ခုနေခါ ကောက်ချက်ချလို့ရပါတယ်။ စစ်ကောင်စီက သူတို့ နှစ်ဦးကို သေဒဏ်ပေးခြင်းနဲ့အတူ ဒလန်ရှင်းလင်းရေး သတ်ဖြတ်မှုမှာပါဝင်ခဲ့သူလို့ သတင်းထုတ်ပြန်မှုတွေမှာ ဆိုထားတဲ့ လှိုင်သာယာက သေဒဏ်ချမှတ်ခံရသူ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော်တို့ကိုပါ တွဲလျက်ထည့်သွင်းလိုက်ပါတယ်။ ရည်ရွယ်ချက်က လှိုင်သာယာက ဒလန်ဆိုပြီး သတ်ဖြတ်မှုမှာပါဝင်ခဲ့သူ ၂ ဦးလို မြို့ပြပြောက်ကျားအဖွဲ့တွေကို စီစဥ်ညွှန်ကြားခဲ့သူ ၂ ဦးနဲ့ တန်းညှိလိုက်တဲ့ သဘောလို့ ယူဆရပါတယ်။ သူတို့နှစ်ဦးဟာ ရာဇဝတ်ပြစ်မှုမဟုတ်သော်လည်း နိုင်ငံရေးပုဒ်မနဲ့ အပြစ်ပေးတာမျိုးမဟုတ်ဘဲ လူသတ်မှု ပုဒ်မဖြစ်တဲ့ ပုဒ်မ ၃၀၂ နဲ့ အပြစ်ပေးခဲ့တာ ဖြစ်လို့ ယေဘုယျအားဖြင့် ဥပဒေကြောင်းအရကြည့်ရင် ရာဇဝတ်ပြစ်မှု အုပ်စုထဲ အကျုံးဝင်တဲ့ သဘောနဲ့ ရည်ရွယ် တွဲဖက်ခဲ့တာလို့ ယူဆရပါတယ်။ 

ခုလို သေဒဏ်စီရင်ခြင်းက နိုင်ငံရေး အဖွဲ့အစည်းတွေ ၊ နိုင်ငံတကာ သံရုံးတွေ ၊ အစိုးရတွေ ၊ အာဆီယံလို ဒေသန္တရ နိုင်ငံအဖွဲ့အစည်းတွေကို ကန့်ကွက်ရှုတ်ချမှုတွေ ပေါ်ထွက်လာစေပါတယ်။ နောက်ထပ် စီရင်မှုတွေ ထပ်မံ ရှိလာမယ့်အရေးကို စိုးရိမ်ကြတာလည်း အရေးတကြီး ကန့်ကွက်ရှုတ်ချကြတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ 

အခြားသော တရားမျှတမှု ရှုထောင့်တခုက ကြည့်ရင် သေဒဏ်စီရင်ကွပ်မျက်မှု မဟုတ်သော်လည်း  လက်နက်ကိုင်တိုက်ပွဲတွေမှာမဟုတ်ပဲ နေ့စဥ်နဲ့အမျှ အပြစ်မဲ့တဲ့ အရပ်သားတွေ၊ ပြစ်ဒဏ်နဲ့မမျှတဲ့ သေဒဏ်အပြစ်ပေးမှုတွေ၊ နိုင်ငံရေးသဘောကွဲလွဲမှုပေါ်အခြေခံတဲ့ မျက်ကွယ်မှာ သေဒဏ်စီရင်ဖို့ ဆုံးဖြတ်ပြီး လုပ်ကြံသတ်ဖြတ်မှုတွေက မြန်မာနိုင်ငံရဲ့ အရပ်ဒေသအများအပြားမှာ နေ့စဥ်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

သေဒဏ်စီရင်မှုကတော့ လူတယောက်ကို ဘယ်နေ့ ဘယ်အချိန်မှာ သတ်မယ် သို့မဟုတ် ဒီစီရင်ချက်ချအပြီး လအနည်းငယ်အတွင်း သတ်မယ်ဆိုတာကို အသိပေးပြီး သတ်ဖြတ်တာ ဖြစ်လို့ စိတ်ပိုင်းဆိုင်ရာအရ ကြီးမားတဲ့ သက်ရောက်မှုရှိတာ မှန်သော်လည်း အထက်ကလို နေ့စဥ်နဲ့အမျှ သတ်ဖြတ်ခံရမှုတွေကိုလည်း လျစ်လျူမရှုဘဲ လျော့နည်းအောင် သို့မဟုတ် တရားမျှတမှုရဖို့ နည်းလမ်းရှာဖို့လည်း အရေးကြီးပါတယ်။

နှစ်ဦး တပြိုင်တည်း သေဒဏ်စီရင်ခြင်းခံရတဲ့ အဖြစ်အပျက်လိုပဲ အထက်အညာဒေသက ပဋိပက္ခဒေသတွေမှာ စစ်ကောင်စီ ကျူးလွန်တဲ့ အရပ်သား ၁၃ ဦး တပြိုင်တည်း အသတ်ခံရတဲ့ အဖြစ်အပျက်တွေ၊ တဖန် သတင်းပေး၊ ပျူစောထီးလို့ စွပ်စွဲမှုနဲ့ မိသားစုဝင် ၄ ဦးစလုံး သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေလို၊ တဖက်စစ်ကောင်စီရဲ့ ရဲ၊ ဝန်ထမ်း မိသားစုဝင်တွေကို လုပ်ကြံသတ်ဖြတ်တာမျိုးတွေကိုလည်း ပြန်လည်သုံးသပ် ကြဖို့လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။ 

တရားမျှတမှု၊ လူ့ အသက်ကို တန်ဖိုးထားမှု၊ အရပ်သားနဲ့ လက်နက်ကိုင် အဖွဲ့အစည်း ခွဲခြားမှု၊ စစ်မြေပြင်နဲ့ စစ်မြေပြင်မဟုတ်တဲ့ နေရာ စတဲ့ စံနှုန်းတွေကိုလည်း ပြန်လည်စဥ်းစား သုံးသပ်ကြဖို့ အချိန်တန်ပြီလို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar