Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၃ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂


မြို့ပေါ်က ဒုက္ခနဲ့ ကျေးလက်က ဒုက္ခ၊ ပြည်တွင်းစစ်မီးနဲ့ စီးပွားရေး အကျပ်အတည်း

ခုရက်ပိုင်း ရေနံဓာတ်ငွေ့ရည် ပြတ်လပ်တဲ့ ဂယက်၊ စျေးနှုန်းတွေ ၂ ဆလောက် ရုတ်တရက်မြင့်တက်ပြီး အိမ်သုံးဓာတ်ငွေ့ရည် ဝယ်မရတဲ့ ဂယက်၊ အဲဒီအဖြစ်အပျက်ဖြစ်ပြီး ရက်အနည်းငယ်အကြာမှာပဲ စီအန်ဂျီ သဘာဝဓာတ်ငွေ့ဆိုင်တွေ မဖြည့်ပေးနိုင်ရာက စီအန်ဂျီသုံး ဘတ်စ်ကားတွေ တက္ကစီကားတွေ ဆိုင်တွေမှာ အတန်းရှည်ကြီး စည်နေကြရပြီး လမ်းပေါ်မှာ ပြေးဆွဲတဲ့အရေအတွက် လျော့ကျသွားရာက ရုံးသွား ရုံးပြန် ခရီးသွားသူတွေ အခက်အခဲကြုံကြရတာတွေ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ 

အခု သဘာဝဓာတ်ငွေ့ရည် နဲ့ စီအန်ဂျီ ပြတ်လပ်မှု အခက်အခဲ မဖြစ်ခင်က ဓာတ်ဆီ၊ ဒီဇယ်ဆီ ဆိုင်တိုင်းဝယ်မရတာ၊ စျေးနှုန်းတွေ တောက်လျှောက်တက်တာတွေလည်း မကြာသေးတဲ့ သီတင်းပတ်တွေက ကြုံခဲ့ကြရပါသေးတယ်။ ပြည်တွင်းကို တရားဝင် ဝင်လာတဲ့ နိုင်ငံခြားငွေကို ၂၄ နာရီအတွင်း မြန်မာကျပ်နဲ့ လဲလှယ်ဖို့ လိုင်စင်ရဘဏ်တွေကို ညွှန်ကြားတာ၊ ပြီးနောက် သွင်းကုန်တင်သွင်းမယ့် ကုမ္ပဏီတွေက နိုင်ငံခြားငွေဝယ်ခွင့်ရဖို့ ကန့်သတ်ချက်တွေ စည်းမျဥ်းစည်းကမ်းတွေ နဲ့ ထိန်းချုပ်တာတွေရဲ့ ဂယက်က သဘာဝဓာတ်ငွေ့ရည်၊ ဆေးဝါးပစ္စည်းတွေ၊ လောင်စာဆီ စတဲ့ ကုန်စျေးနှုန်းတွေကို ဂယက်ရိုက်ခတ်ပြီး ပစ္စည်းပြတ်တာ စျေးနှုန်းကြီးမြင့်တာတွေ ဖြစ်လာခဲ့တာ လို့ အလွယ်ဆုံးပြောရမယ် ထင်ပါတယ်။ 

စီးပွားရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာစီးပွားရေးစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးက အနုတ် ၁၈ ရာနှုန်းလောက် ကျုံ့သွားနိုင်ခြေရှိတယ်လို့လည်း ဖော်ပြထားပြီး လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ရင်လည်း အထက်က မှန်းဆချက်တွေနဲ့ လားရာတခုထဲ ဖြစ်နေတဲ့ သဘောတွေ့ရပါတယ်။ စီးပွားရေး အကျပ်အတည်းက ပြည်တွင်း နိုင်ငံရေး အကျပ်အတည်းကြောင့် ဖြစ်သလို ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ကုန်စျေးနှုန်းတွေ ကြီးမြင့်လာခြင်းရဲ့ ဂယက်၊ ရေနံစျေးမြင့်တက်လာတာ၊ ကိုဗစ်ကပ်ဘေးဂယက်နဲ့ ယူကရိန်း-ရုရှား စစ်ပွဲအကျိုးဆက်တွေက မြန်မာနိုင်ငံရဲ့ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ပိုပြီးမီးလောင်ရာ လေပင့်ဖြစ်စေပါတယ်။ မြန်မာနိုင်ငံလို ပြည်တွင်းမှာ နိုင်ငံရေးအကျပ်အတည်း မကြုံရတဲ့ နိုင်ငံတချို့မှာတောင် အထက်က နိုင်ငံတကာ ငွေကြေးဖောင်းပွမှုနဲ့ လောင်စာ၊ စားနပ်ရိက္ခာစျေးနှုန်းကြီးမြင့်မှု ဂယက်တွေကို အနည်းနဲ့အများ ခံနေကြရတာမို့ မြန်မာနိုင်ငံလို အကြောင်းပေါင်းဆုံနေတဲ့ နိုင်ငံအဖို့  အခုလိုအခြေအနေတွေရင်ဆိုင် နေရတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ 

မြို့ကြီးတွေမှာ နေသူတွေ အဖို့တော့ ဗုံးကွဲတာ ၊ ပစ်ခတ်တာ၊ ဖမ်းဆီးခံရတာတွေ ကြုံနိုင်ခြေရှိနေပေမယ့် နေ့စဥ် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်နေနိုင်ကြသေးတာ ဖြစ်ပါတယ်။ ဓားပြမှုလို ရွှေငွေ နဲ့ အဖိုးတန်ပစ္စည်းတွေ ရယူဖို့ သတ်တာ ဖြတ်တာလို ရာဇဝတ်မှုတွေ ပိုမြင့်တက်လာတာလည်း သတင်းတွေမှာ နေ့စဥ်ဖော်ပြနေတာကို ကြည့်ရင် သိနိုင်ပါတယ်။ ရန်ကုန်မှာ၊ မန္တလေးမှာ၊ မုံရွာမှာ မြစ်ကြီးနားမှာ အစရှိတဲ့ မြို့တွေမှာနေ့စဥ်လိုလို တနေရာမဟုတ် တနေရာ ဓားပြမှု ဖြစ်ပွားနေတာတွေ့ရမှာ ဖြစ်ပါတယ်။ လက်နက်ငယ်တွေ နယ်တွေမြို့တွေဆီ ပျံ့နှံ့ရောက်ရှိလာတာ၊ တရားဥပဒေ စိုးမိုးမှု သိသိသာသာ ကျဆင်းသွားတာက အဓိကအကြောင်းဖြစ်ပြီး စီးပွားရေးကျပ်တည်းမှုကလည်း ပံ့ပိုးပေးတဲ့ အကြောင်းအချက် ဖြစ်ပါလိမ့်မယ်။ 

မြို့ပေါ်မှာ နေထိုင်နေသူတွေ ဓားပြတိုက်ခံရနိုင်ခြေ၊ လုယက်သတ်ဖြတ်ခံရနိုင်ခြေရှိနေချိန်မှာပဲ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတ့ ဒေသတွေက ကျေးလက်နေလူထုအဖို့တော့ မြို့ပေါ်က ထက် ၁၀ ဆလောက် ဆိုးရွားတဲ့ အခြေအနေမျိုး ကြုံနေကြရတာ တွေ့ရမှာပါ။ လက်နက်ကိုင် အဖွဲ့ဝင်တွေလို့ သံသယကြောင့်ဖြစ်စေ၊ အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြစ်စေ ဖမ်းဆီးသတ်ဖြတ်ခံရနိုင်သလို အနှစ်နှစ်အလလက ရှာဖွေ စုဆောင်းပြီး ဆောက်လုပ်ထားတဲ့ နေအိမ် မီးရှို့ခံရတာ၊ ပိုင်ဆိုင်မှုအားလုံး နေအိမ်နဲ့အတူ မီးလောင်ပျက်စီးသွားတာတွေ မိသားစုဝင်တွေ ဆုံးရှုံးသွားရတာတွေက မြန်မာနိုင်ငံရဲ့ ဒေသအများအပြားက ကျေးလက်နေ လူထုကြုံနေရတဲ့ အခြေအနေဖြစ်ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင် အသက်မွေးကြတဲ့ ကျေးလက်နေလူထုအဖို့ နယ်မြေ မအေးချမ်းလို့ စိုက်ပျိုးရေးလည်း မလုပ်နိုင်၊ စုဆောင်းထားတဲ့ ဆန်၊ ပဲ၊ ရိက္ခာတွေလည်း မီးလောင်တဲ့အထဲပါသွားတာ သို့မဟုတ် ကျေးရွာကို စွန့်ခွာတိမ်းရှောင်စဥ် ဖျက်ဆီးခံရတာတွေ သိမ်းဆည်းယူဆောင်သွားခံရတာတွေကြောင့် ဘဝကို သုညက ပြန်စကြရမယ့် အခြေအနေမျိုးလို့ဆိုရမယ် ထင်ပါတယ်။ 

အဲဒီအခြေအနေကြုံနေရသူတွေက တဦး တယောက်ထည်း မဟုတ်ဘဲ ကျေးရွာတရွာလုံးနီးပါး မြို့နယ် ဒေသတခုလုံး နီးပါးဖြစ်ပွားနေတာမို့ တဦးကို တဦး ကူညီဖေးမဖို့လည်း ခက်ခဲတဲ့အခြေအနေမျိုးဖြစ်ပြီး အခြားသော ဒေသတွေက လာရောက်ကူညီဖို့ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေမှာ စစ်ရေးအရ တင်းမာနေတဲ့ အနေအထား၊ အကူအညီပေးခွင့် သွားလာခွင့်ကို ကန့်သတ်ထားကြတဲ့ အနေအထားတွေကြောင့်လည်း ခုလို စစ်ရေးပဋိပက္ခကြားထဲ နေထိုင်အသက်ရှင်နေကြရတဲ့ သူတွေကို ကိုယ့်လူမှုအသိုက်အဝန်းက ခံစားရသူအချင်းချင်းကလွဲရင် ဘယ်အဖွဲ့အစည်းကမှ ကူညီပေးနိုင်တဲ့အနေအထားမဟုတ်ပါဘူး။ 

ဒီဖြစ်စဥ်လိုပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း လူသားချင်းစာနာမှု အကူအညီလိုအပ်မှု အကျပ်အတည်းကို လည်း ကမ္ဘာကလုံလောက်တဲ့ အာရုံစိုက်မှုနဲ့ အကူအညီရဖို့ မလွယ်ကူတာတွေ့နေရပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေ ဘယ်ရွေ့ဘယ်မျှ လိုအပ်တယ်ဆိုပြီး ကုလသမဂ္ဂလိုအဖွဲ့အစည်းက ထုတ်ပြန်တောင်းခံနေသော်လည်း တက်ကြွတဲ့ တုံ့ပြန်မှု လုံလောက်တဲ့ တုံ့ပြန်မှုမျိုး မမြင်တွေ့ရသလို၊     ကမ္ဘာမှာ အခြားသော အလေးပေး အာရုံစိုက်တဲ့ ပြဿနာတွေ ကြုံနေကြရတဲ့အချိန်ကာလမို့လို့  မြန်မာ့အကျပ်အတည်းဟာ နောက်ကို ရောက်ရှိနေတဲ့ သဘောလည်း တွေ့နေရတာ ဖြစ်ပါတယ်။ 

မြန်မာ့အရေးကို မြန်မာပြည်တွင်းက ရှိတဲ့အင်အား အချင်းချင်းကူညီရိုင်းပင်းမှု၊ မျှတစွာ ခွဲဝေနိုင်တဲ့ စနစ်၊ နိုင်ငံရေး ဦးဆောင်မှု အချင်းချင်း ကူညီမျှဝေနိုင်တဲ့ စနစ်တွေ ကျင့်သုံးမှုတွေကို လှုံ့ဆော် ကျင့်သုံးနိုင်ကြဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ နိုင်ငံရေး ဂယက်ရိုက်ခတ်မှုတွေ ပေါ်လာတိုင်း စျေးကွက်ပေါ်  ဂယက်ရိုက်ခတ်ပြီး ကုန်စျေးနှုန်းတွေ ရုတ်တရက် မြင့်တက်လာတာမျိုးမှာ ဝိုင်းဝန်းထိန်းသိမ်းပြီး အချင်းချင်း ကူညီရိုင်းပင်းကြဖို့ ရာမှာ နိုင်ငံရေးဦးဆောင်မှုကလည်း အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ စျေးကွက်က စျေးကွက်သဘောတရားအတိုင်း တုံ့ပြန်တယ်ဆိုတဲ့ သီအိုရီကို မငြင်းပယ်လိုပေမယ့် စျေးကွက်ရဲ့ တုံ့ပြန်ချိန်မှာ လူထုက လိုအပ်တာထက်ပို မတုံ့ပြန်မိကြဖို့ စျေးကွက်ရဲ့ ဂယက်အပေါ်မှာ အမြတ်မထုတ်ဘဲ အချင်းချင်းကူညီ မျှဝေ ခံစားတဲ့ စိတ်မျိုးရှိဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိကြောင်းပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar