ကိုသန်းလွင် - စားစရာ အကျပ်အတည်း
ကိုသန်းလွင် - စားစရာ အကျပ်အတည်း
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၂
(၁)
ရုရှားက ယူကရိန်းကို မကျူးကျော်မှီ အချိန်ကာလ ကတည်းက ဤကိစ္စကို စားစရာ အကျပ်အတည်း (Food Crisis) ဟုခေါ်ခဲ့ကြပါသည်။ ယူကရိန်းနှင့် ရုရှား နှစ်နိုင်ငံပေါင်းပြီး ကမ္ဘာ့လူဦးရေ၏ သန်း ၄၀၀ ခန့် ကို ကျွေးနိုင်ကာ ကယ်လိုရီအနေဖြင့် ပြောလျင် တစ်ကမ္ဘာလုံး၏ ၁၂% မျှရှိပါသည်။ ရုရှားနှင့် ယူကရိန်းသည် တစ် ကမ္ဘာလုံးစားသုံးကြမည့် ဂျုံ၏ ၂၈%၊ ဘာလီ၏၂၉ %၊ ပြောင်းဖူး၏ ၁၅%၊ နေကြာစေ့ဆီ၏ ၇၅% ကိုထုတ်လုပ် ပါသည်။ ယခုနှစ်မေလတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က တစ်ကမ္ဘာလုံးအစားအသောက်ရှား ပါးလာမည့် အခြေအနေကို ကြိုတင်သတိပေးခဲ့ပါသည်။ စီးပွားရေးသတင်းစာ (Economists) ကကမ္ဘာတွင် စား ရေ ရိက္ခာရှားပါးမည့် အရေးကို မျက်နှာဖုံးမှ ကြိုတင်သတိပေးခဲ့ပါသည်။
( ၂ )
ဈေးကွက်တွင် အစားအသောက်များ၏ဈေးနှုန်းသည် တစတစ မြင့်တက်လာခြင်းကို ပြပါသည်။ ဤ အ ကျပ်အတည်းမှာ ငွေကြေးဖောင်းပွခြင်းနှင့်အတူ မြင့်တက်နေခြင်းလည်း ဖြစ်ပါသည်။ အမေရိကန်တို့က သူတို့ တစ်နိုင်ငံထဲမှာပင် ငွေကြေးဖောင်းပွ သယောင်ယာင် ပြောဆိုနေကြသော်လည်း ဖြစ်နေသည်မှာ တစ် ကမ္ဘာလုံး အရေးပင်ဖြစ်ပါသည်။
ဆန်၏ဈေးနှုန်းမှာ ၆၉.၅% တက်ပြီး၊ ရေနံဆီဈေးနှုန်းမှာ ၁၃၇.၅% တက်ပါသည်။ မြင်သာသော အကျိုးဆက်မှာ သီရိလင်္ကာနိုင်ငံမှ မငြိမ်သက်မှုများဖြစ်ပါသည်။ ဤသို့ဈေးတက်ခဲ့ သည်ကို အကြောင်းပြု၍ ၂၀၀၈ ခုနှစ်က လည်း နိုင်ငံများစွာတို့တွင် မငြိမ်သက်မှုများဖြစ်ပွားခဲ့ပါသည်။ နိုင်ငံ ၄၀ ကျော် တို့တွင် ရုန်းရင်း ဆန်ခတ်မှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားခဲ့ပြီး စစ်မက်ဖြစ်ပွားသည်အထိ ဖြစ်ခဲ့ရပါသည်။
ဤသို့ဆိုသဖြင့် လူအများတွင် စားရမဲ့၊ သောက်ရမဲ့ဘ၀ ရောက်သွားသည်တော့မဟုတ်ပါ။ တောင် ကယ်ရိုလီနားနယ်အုပ်ချုပ်သူ ဘီစလီ (David Beasley) သည် ယခုအခါ ကုလသမဂ္ဂ အစားအစာ အစီအစဉ် (Food Program) ကိုဦးစီးနေပြီး သူကပြောသည်မှာ ယူကရိန်းစစ်ပွဲကြောင့်ကမ္ဘာ့အစားအစာအခြေအနေသည် ပိုမိုဆိုးရွားလာနေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် သီးနှံအထွက်နှုန်းကိုထိခိုက်ခဲ့သည်။ ကိုရိုနာရောဂါ ပြန့်ပွား မှု ပင်ဒဲမစ်နှင့် ပေါင်းစပ်သောအခါ ယခု ၃၂၃ သန်းမျှသော လူထုသည် အစားအစာရှားပါးမည့် အခြေ အနေသို့ ဦးတည်သွားနေသည်။ ထိုအထဲမှ အဆိုးရွားဆုံးမှာ ၄၉ သန်းမျှသော လူထုသည် ငတ်မွတ်မည့်ဘေး နှင့် နီးကပ် နေပြီဟုဆိုသည်။
ကမ္ဘာအစားအစာ အစီအစဉ် မှာအခြား အေဂျင်စီများနည်းတူ အမြဲတစေ ဝင်ငွေကိုအမြဲတိုးတက်စေရန် ဖန်တီးနေရသော အေဂျင်စီတခုဖြစ်ပါသည်။ တပြိုင်နက်တည်း ထိုရရှိလာသော ရံပုံငွေနှင့်စားစရာများကိုအငတ် ဘေးနှင့် ကြုံတွေ့နေရသူများထံသို့ အရောက်ပို့ပေးနေရပါသည်။ အသင်းအဖွဲ့အနေ နှင့် မှားယွင်းပြောဆိုရန် မှာ အကြောင်းအချက ်များပြားလှပါသည်။ ထိုအမှားများတွင် အနာဂတ်အတွက်ဟောကိန်း ထုတ်ရခြင်းများ ပါဝင် ပါသည်။
၎င်းတို့က အောက်တိုဘာလတွင် အာဖဂန်နစ္စတန်ပြည်၏ တဝက်ခန့်မှာ အစားအသောက်ပြတ်လပ် ရှားးပါးတော့မည်ဟု ခန့်မှန်းကြပါသည်။ အကယ်စင်စစ် ထိုအစည်းအရုံး၏ တာဝန်မှာ ဘာဖြစ်လိမ့်မည်ကို ကြိုတင်ဟောကိန်းထုတ်ခြင်းမဟုတ်ဘဲ ဖြစ်နိုင်ခြေရှိသည်များကို တွက်ချက်၍ အခက်အခဲများကို ရှောင်ရှား ရန်ပင်ဖြစ်ပေသည်။ ဤသည်မှာ အေဂျင်စီ၏ မရိုးနိုင်သော ပဟေဠိသဖွယ်ဖြစ်နေပါသည်။ ယခုနှစ် ဆောင်း ရာသီတွင် အာဖဂန်နစ္စတန်နိုင်ငံ၏ တစ်ဝက်မှာ သေကြေပျက်စီးကြမည်မဟုတ်ပါ။ သို့သော် အသစ်မွေးဖွားလာ သူ ကလေး ဆယ်ယောက်တွင် တစ်ယောက်ကတော့ သေကြေရန်အကြောင်းရှိပါသည်။
အခက်အခဲများသည် တည်ရှိနေဦးမည်သာဖြစ်ပြီး အေဂျင်စီအနေဖြင့် တစ်နေ့လျင် လူ ၁၂၅ သန်းကို ကျွေးမွေးနေရသည်ဟု မစ္စတာဘီစလီကပြောပါသည်။ သူသည် ယခုနှစ်တွင် ထိုလူဦးရေ ပမာဏကို သန်း ၁၅၀ အထိတိုးမြင့်ရန် ဆန္ဒရှိနေပါသည်။ လူ ၂၅ သန်းမှာ ဆိုးရွားလှသော အစားအစာမလုံလောက်မှုကို ကြုံတွေ့နေ ရသော လူများဖြစ်ပါသည်။ ၄၉ သန်းမှာ ဆိုးရွားသော ဘေးနှင့် တွေ့ကြုံရသည်ဆိုစေ ၎င်းတို့ထက် အခြေအနေ တူ ဆင်းရဲဒုက္ခရောက်နေရသူ ဦးရေမှာ ၃၂၃ သန်းဖြစ်ပါသည်။ ၎င်းသည် ယခင်နှစ်က ရုရှားနှင့် ယူကရိန်းစစ် မ ဖြစ်မှီ ဒုက္ခဖြစ်ကြရသူ ၂၇၆ သန်းထက် ပိုမိုများပြားလာပါသည်။ ရောဂါပြန့်ပွားမှု ပင်ဒဲမစ် မဖြစ်မှီ ကနှင့်စာသော် ၁၃၅ သန်းမျှများပြားလာပါသည်။ သူအလုပ်ဝင်စက သန်း ၈၀သာရှိပါသည်။ လူတစ်ဦး၏ခေါင်းဆောင်မှုအောက် တွင် လူဦးရေ ၄ ဆခန့်တိုးပွားလာခြင်းဖြစ်သည်။
သူက ဒုတိယကမ္ဘာစစ်ပြီးကတည်းက ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့သည် ကမ္ဘာကြီး၏ စားနပ်ရိက္ခာမလုံ လောက်မှုသည် အဆိုးဆုံးဖြစ်မည်ဟု ပြောခဲ့ပါသည်။ ဤမျှအထိ အခြေအနေဆိုးရခြင်းမှာ စစ်ပွဲကြောင့်ဖြစ်ရပါ သည်။ သို့သော် ဤ ပြသနာအရင်းခံနေသော (Structural Problem) ပြသနာများမှာ ပိုမို၍ ရှုပ်ထွေးပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုဗစ်-၁၉ ရောဂါ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပဋိပက္ခဖြစ်ရခြင်းများမှာ ကမ္ဘာ့စားနပ် ရိက္ခာပြသနာများနှင့် ရောထွေးနေသော ကြောင့် ဖြစ်ပါသည်။
ယခုနှစ် မိုးရာသီ အရောက်နောက်ကျမှုကြောင့် တရုတ်ပြည်က သီးနှံအထွက်နှုန်းကျမည်ဟု ပြောနေပါ သည်။ အိန္ဒိယမှာ အပူချိန် မကျဆင်းသည့်အတွက် သီးနှံအထွက်နည်းမည်ဟု ပြောပါသည်။ မိုးရေအကျနည်းပါး မှုကြောင့် အမေရိကန်၊ ပြင်သစ်ပြည် Beauce နယ်၊ Horn Of Africa ခေါ် အာဖရိကတိုက် တွင် ဂျုံအထွက် နှုန်း မှာ ပိုမိုနည်းပါးလိမ့်မည်ဟု ခန့်မှန်းကြပါသည်။
စစ်ကြောင့် ရုရှားအပေါ် ဆန်ရှင်ချမှတ်ခြင်း၊ ရုရှားက ယူကရိန်းကိုသီးနှံများကို ပြင်ပသို့မပို့နိုင်ရန် ပိတ် ဆို့တားခြင်း၊ လယ်သမားများသည် လုပ်ငန်းခွင်သို့ဝင်ရန် အခက်အခဲများရှိနေခြင်း၊ လောင်စာဆီ ဈေးတက်ခြင်း၊ သို့အတွက် ပို့ဆောင်ခများတက်ကုန်ခြင်း၊ ရေနံဓာတ်ငွေ့ကိုအမှီပြုရသော မြေသြဇာရရှိရေး အတွက်ပြသနာများ ရှိနေခြင်း ထိုအခက်အခဲများကို ဒါဇင်ကျော်သော နိုင်ငံများအတွက်အခက်အခဲများဖြစ် နေပါသည်။ သူတို့ သည် အစားအစာအတွက် အာမခံချက်မရှိဘဲ ဈေးကွက်တွင်လည်း မသေချာ မရေရာမှုများ ပေါ်ပေါက်ခဲ့ရပါသည်။
မစ္စတာဘီစလီအတွက်မှု ၂၀၂၃ ခုနှစ်သည် ပိုမိုခက်ခဲသောနှစ်များဖြစ်သွားနိုင်ပါသည်။ ဈေးနှုန်းကြီးမား ခြင်းသည် အစားအသောက်ကို ဖြည့်ဆည်းပေးသော တကယ့်စားကုန်ပစ္စည်း လျော့နည်းမှုနှင့် အဆုံးသတ်သွား နိုင်ပါသည်။ လူသန်းပေါင်းများစွာတို့အတွက် စားစရာသည် လက်လှမ်းမမှီတော့ပါ။ ဈေးနှုန်းမြင့်မားနေခြင်း သာ မကစားစရာကို ဘယ်မှာမှ ရှာမရနိုင်တော့သည့်အဖြစ်များဖြစ်နိုင်ပါသည်။ ယူကရိန်းတွင်နောင်နှစ်တွင်ရိတ်သိမ်း ရန် သီးနှံမရှိတော့သည့် အခြေအနေတွင် တစ်နှစ်ဝင်ငွေ၏ သုံးပုံတစ်ပုံ မျှရှိလာနိုင်သည့် မြေသြဇာ၏ တန်ဖိုး ကြောင့် လည်း ပြောမဖြစ်တော့လောက်အောင် ကမ္ဘာကြီးတွင် ပြသနာများကြုံတွေ့နိုင်ပါသည်။
စီးပွားရေးပညာရှင်များ က ပြောသည်မှာ စားစရာကို အပြည်ပြည်ဆိုင်ရာတွင် ထွက်မှာခြင်း မဟုတ်ဘဲ ပြည်တွင်းမှာသာဖြစ်အောင်ဖန်တီးရသည်ဟုဆိုပါသည်။ Food Security, Hunger, Starvation ဆိုသည့်အစား အသောက် မလုံလောက်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း ဆိုသည့်ရှားပါးခြင်း အဆင့်ဆင့် တွင် စားစရာကိုဖလှယ်နိုင်ကြပါသည်။ ရုရှားနှင့် ယူကရိန်းမှ ဂျုံကိုစားသုံး နေကြသော ၃၆ နိုင်ငံတွင် အစာ ၏ ၅၀% ကို အစားထိုးနိုင်ကြပါသည်။ ထိုသို့ အစားထိုးရန် မဖြစ်နိုင်သည့် အခြေအနေတွင် အမေရိကန် ကွန်ဂရက် မှ ငွေ ၅ ဘီလီယံကို လျာထားပါသည်။
ကမ္ဘာကြီးတွင် အစားအသောက်ပြတ်လပ်ခြင်းဆိုသည်မှာ မရှိနိုင်ဘဲ ဈေးနှုန်းကြီးမားခြင်းသာ ရှိနိုင်မည် ဟုလည်းဆိုကြပါသည်။ ယူကရိန်းအရေးအခင်းသည် အစားအသောက်ကျပ်တည်းခြင်းမှာ မဲလသတ် (Thomas Malthus) ဟောကိန်း ကဲ့သို့ အစားအစာ မလောက်ငှခြင်း မဟုတ်ပါ။ ယူနီလီဗာ (Unilever) နှင့် ကိုကာကိုလာ တို့၏ အတွေ့ အကြုံ မှာ ကမ္ဘာ၏ နေရာအနှံ့အပြားသို့ ၎င်းတို့ သွားနိုင်ကြပါသည်။ စားသုံးသူက မဝယ်နိုင်ခြင်း၊ ငွေမထုတ်နိုင် ခြင်းသာရှိပါသည်။
( ၃ )
အရေးကြီးသည်မှာ ပိုက်ဆံသာလျင်ဖြစ်ပြီး၊ ပိုက်ဆံရှိလျင် အငတ်ဘေးဆိုက်ခြင်းကို ကာကွယ်နိုင်ပါ၏။ နိုင်ငံရေးမတည်ငြိမ်ဖြစ်မှု နှင့် လူအများနေရာပြောင်းရွှေ့ခြင်းကိုပိုက်ဆံနှင့် တားဆီးနိုင်ပါသည်။ မစ္စတာ ဘီစလီ က ပြောသည်မှာ ကျွန်တော်တို့တွင်သာ ပိုက်ဆံမရှိပါက အထက်ပါအကြောင်းအရာများသည် တပြိုင်နက်တည်း ဖြစ်နိုင်ကြပါသည်။ စီးပွားရေးနိုဗယ်ဆုရှင်အာမစ်တာ ဆန် (Amartya Sen) က၁၉၉၈ ခုနှစ်တွင် ပြောခဲ့ပါသည်။ အစာရေစာငတ်မွတ်ခေါင်းပါးခြင်းသည်လူလုပ်သောဒုက္ခသာ ဖြစ်သည်ဟုဆိုပါသည်။ ဒီမိုကရေစီ အသွင်ဆောင် သောအစိုးရရှိခြင်း၊ လွတ်လပ်သောစာနယ်ဇင်းများရှိသည့် တိုင်းပြည်များတွင် ဤသို့သောဒုက္ခမရှိဟုဆိုပါသည်။
ကိုသန်းလွင်
Ref: How bad will the global food crisis get? David Wallace Well, N.Y Times 12 June 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar